၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်ထဲတွင် RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သကဲ့သို့ နမ္မတူမြို့နယ်ထဲတွင်လည်း RCSS နှင့် တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီဇင်ဘာ၇ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။
“နမ္မတူနားမှာ RCSS နဲ့ ကျွန်တော်တို့ ၂၀၁၈ခုနှစ်က တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်။ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်တော့ သူတို့က နောက်ပြန်ဆုတ်တယ်။ ၂၀၁၉ ခုနှစ်မှာ တပ်မတော်နဲ့ တိုက်ပွဲပြန်ပြီးမှထိတွေ့တော့ အဲဒီနားမှာ တိုက်ပွဲမဖြစ်အောင် ကျွန်တော်တို့ပြန်ရှောင်လိုက်တယ်။ အခုက ကျွန်တော်တို့လည်းမရှိတော့ RCSS က ပြန်ပြီးတော့ နယ်မြေကျူးကျော်ပြန်ရောက်လာတယ်။ ပြန်ရောက်လာတော့ တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်” ဟု ၎င်းကပြောသည်။
ရှမ်းမြောက်တွင် တိုက်ပွဲဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ RCSS တပ်များကို TNLA က ဝင်ရောက် တိုက်ခိုက်ခြင်း ကြောင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်ဟု RCSS ပြောရေးဆိုခွင့်ရှိသူ စိုင်းအုပ်ခေးက ပြောသည်။
စိုင်းအုပ်ခေးက “ဒီနေ့မနက် ၈ နာရီတုန်းက နမ္မတူမြို့နယ်ထဲက ပန်တောင်းတံတားနားက မန်စံကျေးရွာ အုပ်စုနားကပေါ့ လေ အဲမှာ TNLA ကနေပြီးတော့ RCSS တပ်ဖွဲ့ရှိတဲ့နေရာကို ဝင်တိုက်တာပေါ့နော။ မနက် ၈ နာရီက စပြီးတော့ နေ့လည် ၁၁ နာရီ ၁၂ နာရီလောက်အထိတော့ ကြိုကြားကြိုကြား ဖြစ်တာပေါ့နော်” ဟု ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားမှုများမှာ ကာလအတန်ကြာ ရပ်တန့်နေရာမှ ရွေးကောက်ပွဲအပြီး တစ်လကျော်အကြာတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရှမ်းပြည်ပြန်လည်ထူရေးကောင်စီ RCSS အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေချနေထိုင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ် NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း မြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု TNLA က ပြော သည်။
အဆိုပါပြောဆိုမှုနှင့်ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူ စိုင်းအုပ်ခေးက “ခုနကဖြစ်သွားတဲ့ တိုက်ပွဲနေရာက RCSS တပ်ဖွဲ့ဝင်တွေက သွားလာလှုပ်ရှားနေထိုင်နေတာ နှစ် ၃၀ ကျော်ပြီ အဲဒီနားမှာလေ။ ဒါပေမယ့် အခုက TNLA တပ်ဖွဲ့က ပြန်ပြီးတော့ ထကြွလာခါကျတော့ RCSS တပ်ဖွဲ့ အဲမှာ ရှိနေတာကို နည်းနည်း သိပ်မလိုလား ဘူးလားလို့။ ထင်မြင်ချက်ခန့်မှန်းရတာပေါ့နော်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ရှေ့ဆက်ပြီး တော့ အထက်လူကြီးတွေ အချင်းချင်း တိုင်းရင်းသားတွေ အချင်းချင်း အားလုံးတော့ ဒီလိုတိုက်ပွဲ ဆက်မဖြစ်အောင် နည်းလမ်းရှာပြီးတော့ ကြိုးစားရမှာပဲလို့ အဲလိုမျိုးပဲ ပြောချင်ပါတယ်” ဟုဆိုသည်။
ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနှင့်အနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က RCSS နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဒေသဖြစ်ပြီး TNLA နှင့် SSPP တို့ ပူးတွဲ စစ်ရေး လှုပ်ရှားခဲ့သည့် နေရာများလည်းဖြစ်သည်ဟု TNLA ဆိုသည်။
RCSS အနေဖြင့် SSPP နှင့် သီပေါမြို့နယ်ထဲတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုသို့ဖြစ်ပွားရခြင်းမှာ RCSS အနေဖြင့် နယ်မြေရှင်းလင်းရာတွင် တဖက်သို့ကျွံသွား၍ ထိတွေ့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စိုင်းအုပ်ခေးက ပြောသည်။
“အဲဒါက RCSS တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး သွားလာလှုပ်ရှားရင်းနဲ့ ဟိုဖက် SSA ရဲ့ သတင်းမကြားတော့ နည်းနည်းသွားတိုးမိတော့ ခဏလေးထိတွေ့မှုဖြစ်သွားတာ။ သီပေါမြို့နယ် လွယ်လမ်ရွာနားမှာ။ အဲဒါက ၁၀ မိနစ်လောက်ပဲ သတင်းမရလို့ တိုးမိတဲ့ဟာကြောင့်မို့လို့ စီမံချက်ရှိရှိနဲ့ တိုက်တာမဟုတ်ကြဘူး” ဟု ၎င်းကပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့သကဲ့သို့ ရွေးကောက်ပွဲကျင်းပပြီးနောက် နိုဝင်ဘာ ၁၉ ရက်နှင့် ၂၄ ရက်ကလည်း တပ်မတော်နှင့် TNLA တို့ မိုးကုတ်မြို့နယ်ထဲတွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။
အဆိုပါဒေသများတွင် တိုက်ပွဲဖြစ်ပွားနေသော်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့သည်မှာ ယနေ့အချိန်အထိဖြစ်သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် အခြားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ကိုးဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကိုလက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။
TNLA နှင့် SSPP တို့မှာ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခုနစ်ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။
FPNCC အဖွဲ့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA- မိုင်းလား အဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင့်တပ်တော် (ULA/AA) တို့ ပါဝင်သည်။
အဆိုပါအဖွဲ့များမှာ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ပြီး လက်မှတ်ရေးထိုးနိုင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းနေဆဲအဖွဲ့များဖြစ်သည်။