လာမည့်အစိုးရသက်တမ်းတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဦးစားပေးမည်ဟု ကယားပြည်နယ်မှ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များဆို

လာမည့်အစိုးရသက်တမ်းတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဦးစားပေးမည်ဟု ကယားပြည်နယ်မှ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များဆို
by -
နော်ဒွေးအယ်ခူ (KT)

လာမည့်အစိုးရသက်တမ်းတွင် လမ်း၊တံတားကဲ့သို့ အခြေခံအဆောက်အုံဖွံ့ဖြိုးတိုးတက်ရေးကိုသာ ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ကယားပြည်နယ်မှ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များက ပြောသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ မဲဆန္ဒနယ်မြေ ၃၄ နေရာရှိသည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နေရာ ၂၀၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) က ရှစ်နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ခြောက်နေရာ အသီးသီးအနိုင်ရရှိခဲ့ပြီး ရွေးကောက်ခံရသည့် ကိုယ်စားလှယ်အများစုသည် လမ်း၊ တံတားနှင့် လျှပ်စစ်မီးကဲ့သို့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရန် စိတ်အားထက်သန်လျက်ရှိသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရခဲ့သည့် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူက ၎င်း၏ ငါးနှစ်တာ လွှတ်တော်သက်တမ်း၌ အခြေခံအဆောက်အအုံရရှိရေးအတွက် အများဆုံးလုပ်ဆောင်ပေးနိုင်ခဲ့ပြီး လာမည့် လွှတ်တော်သက်တမ်းတွင်လည်း ကယားပြည်နယ်၏ ပြည်ထောင်စုလမ်းမကို ချဲ့ထွင်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“လမ်းပမ်းဆက်သွယ်ရေးက အရမ်းကောင်းတယ်ဆိုပေမယ့်လည်း မော်ချီးဒေသဆိုရင် သိတဲ့အတိုင်းပဲ တစ်ဖက်က လျှိုတွေမြောင်တွေ အနေအထားအရပြောရမယ်ဆိုရင် တစ်ဖက်ကတောင်စောင်းတွေပေါ့နော။ လမ်းကအရမ်း ကျဉ်းတော့ တောင်ငူ-မော်ချီး-လွိုင်ကော်လမ်းဆိုတာက ပြည်ထောင်စုလမ်းမ၊ ပြည်ထောင်စုလမ်းမအတိုင်းအ တာ မရှိဘူး။ လမ်းနည်းနည်းကျဉ်းတဲ့ဟာတွေဆိုရင် ရသလောက်အတိုင်းအတာနဲ့ အဆင်ပြေအောင် နောက်ထပ် ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိ အမတ်တချို့သည် ယခုနှစ်ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရထားပြီး ၎င်းတို့အနေဖြင့် ကယားပြည်နယ်အတွက် လိုအပ်နေသေးသည့်  လမ်းတံတားနှင့် လျှပ်စစ်မီးများရရှိရေး လွှတ်တော်အတွင်း ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

“တချို့ဒေသမှာ ကန့်သတ်နယ်မြေတွေဖြစ်တယ်။ လမ်းတွေ၊ အဆောက်အအုံတွေ၊ ဆောက်နိုင်အောင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေနညှိပြီး ဆောင်ရွက်သွားမယ်” ဟု ဖားဆောင်းမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၁) တွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးလှသိန်းကပြောသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် ငါးနှစ်တာကာလအတွင်း ကယားပြည်နယ်၌ လျှပ်စစ်မီးကဏ္ဍအတွက် ၃၀.၉၉၃ ဘီလီယံ ၊ လမ်း၊ တံတားလုပ်ငန်းအတွက် ၁၄၁.၅၂၀ ဘီလီယံ၊ ရေရရှိရေးလုပ်ငန်းအတွက် ၁၉.၇၉၅ ဘီလီယံနှင့် အခြားဖွံ့ဖြိုးရေးကဏ္ဍများအတွက် ၅၆.၃၈၉ ဘီလီယံ စုစုပေါင်း ၂၄၈.၆၉၃ ဘီလီယံ အသုံးပြုခဲ့ကြောင်း ကယားပြည်နယ် ရသုံးမှန်းခြေ ငွေစရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ကယားပြည်နယ်၏ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဦးစားပေးဆောင်ရွက်ပြီးပါက ဒေသခံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို  လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း NLD မှ ယခုနှစ်ရွေးကောက်ပွဲတွင်ထပ်မံ အနိုင်ရရှိထားသည့် လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖက ပြောသည်။

“လမ်းတို့ တံတားတို့ ဖွံ့ဖြိုးပြီဆိုတာနဲ့ ကျန်တာကိုပါ အကုန်လုံး တွဲသွားရတာပေါ့။ အဓိကကတော့ အခြေခံပိုင်း ကို ကျွန်တော်တို့က လုပ်ပြီးတော့မှ အခြေခံပိုင်းပြည့်ပြီဆိုခါမှ ကျန်တဲ့ SME (အသေးစားလုပ်ငန်းရှင်) ချေးငွေ ကိစ္စတွေလာတော့မှာပေါ့လေ။ လူလတ်တန်းစားတွေဆိုရင်လည်း သူဟာသူ အသေးစား ချေးငွေ၊ အလုပ်အကိုင် ရရှိရေးတို့ ဒီလိုတွေ တစ်ဆင့်ထပ်ပြီးတော့ သွားမှာပေါ့နော်။ ကျွန်တော်တို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့တွက် အလုပ်အ ကိုင်ရရှိရေးတို့ စွန့်ဦးတီထွင်ဖို့တို့ ဒါတွေဆက်ပြီးတော့ သွားမှာ။ နောက်ပြီးတော့ ပညာရေးကိုလည်း ဆက်ပြီး တော့မှ အခုဆိုရင် မူလတန်းအထိ အခမဲ့ နောက်ဆိုရင် အလယ်တန်းကနေ အထက်တန်းအထိ အခမဲ့ဖြစ်အောင် ပေါ့။ ကျန်းမာရေးဆိုရင်လည်း အသုံးစရိတ် မြင့်မြင့်ပိုသုံးစွဲပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုကောင်းအောင်လို့ ပြည်သူပြည်သားအနေနဲ့ ပိုက်ဆံမရှိလည်း ကျန်းမာရေး ကုနိုင်အောင်ဆက်ပြီးတော့ ကြိုးစားသွားမှာပေါ့” ဟု ၎င်းကပြောသည်။

NLD အစိုးရလက်ထက်တွင် ကယားပြည်နယ်ထဲ သိသိသာသာမဟုတ်သော်လည်း အရင်ကထက် ပြောင်းလဲတိုးတက်မှုများရှိကြောင်း ဒေသခံ ဦးဝီရယ်က ပြောသည်။

“သိသိသာသာတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ နည်းနည်းပြောင်းလဲသွားတာတော့ ရှိပါတယ်။ ဥပမာ လမ်းတံတားတွေတော့သူတို့ လုပ်ပေးထားတာ ရှိတယ်။ တကယ့်အဆင်ပြေပြီး သိသိသာသာပြောင်းလဲသွားတာတော့ မရှိဘူး။ ဒါပေမဲ့ ပြောင်းလဲမှု တော့ရှိလာတယ်” ဟု ဦးဝီရယ်က ပြောသည်။

လမ်း၊ တံတားနှင့် လျှပ်စစ်မီး စသည်များသည် ခေတ်အဆက်ဆက် အခြေခံလိုအပ်ချက်များဖြစ်သည့်အတွက်  ပြည်သူလူထုက ယင်းကဏ္ဍများဖွံဖြိုးလာရန် လိုလားနေကြခြင်းဖြစ်ပြီးယင်းလိုအပ်ချက်များကို တက်လာသည့် အစိုးရတိုင်းက လုပ်ပေးရမည့် တာဝန်ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုကျော်ထင်အောင်က ပြောသည်။

“အဓိက ရွာတိုင်းမှာ ကျောင်းတွေ၊ ဆေးပေးခန်းတွေ မရှိသေးဘူးပေါ့။ လမ်းပမ်းဆက်သွယ်ရေး အခက်ကြုံတဲ့ နေရာမှာဆိုရင် အစိုရရဲ့သတ်မှတ်ချက်တွေအရလည်း ကျောင်းတွေ၊ ဆေးပေးခန်းတွေ လုံးဝမရနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ပြည်နယ်အထူးပြုတွေကို ဖြေလျော့ပြီးတော့ စာသင်ကျောင်းရော၊ ဆေးရုံဆေးပေးခန်းရော လက်လှမ်းမီအောင် ဖော်ဆောင်သင့်တယ်။ မဟုတ်တဲ့နေရာမှာ ငွေတွေအများကြီးသုံးပြီတော့မှ တကယ့်တိုင်း ပြည်အတွက် ရင်းနှီးမမြှုပ်နှံခဲ့တဲ့၊ မသုံးစွဲနိုင်ခဲ့တာကို နောက်အစိုးရသက်တမ်းမှာ ပြုပြင်နိုင်မှ ကျွန်တော်တို့ တိုင်းပြည်က ရုပ်ဝတ္တုရော၊ အနာဂတ်မှာရော တိုးတက်မှာဖြစ်ပါတယ်”

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်တွင် အနိုင်ရရှိခဲ့သည့် ဦးသဲရယ်က ၎င်း ဒေသတွင် အခက်အခဲသုံးခုရှိပြီး ၎င်းတို့မှာ ရေ၊ မြေယာနှင့် ငြိမ်းချမ်းရေးတို့ဖြစ်သည်ဟု ဆိုသည်။

"အဓိက ဒီမှာပြဿနာဖြစ်နေတာက ရေခက်ခဲတဲ့ပြဿနာပေါ့နော်။ ဒုတိယတစ်ခုက မြေယာပြဿနာပေါ့။ တတိယတစ်ခုက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အားကောင်းအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ် ငန်းက ပြောစရာမလိုဘူး။ဒါတွေက ဆောင်ရွက်ပေးပြီးသား" ဟု ဦးသဲရယ်က ပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...