ကျောက်မီးသွေးတူးဖော်မည့် သတင်းကြောင့် မိုးနဲပြည်သူများစိုးရိမ်နေ

ကျောက်မီးသွေးတူးဖော်မည့် သတင်းကြောင့် မိုးနဲပြည်သူများစိုးရိမ်နေ

Hseng Leng — သျှမ်းပြည် တောင်းပိုင် နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာ နမ့်မော်ငင်းကန်အနီးတွင် ကျောက်မီးသွေး တူးဖော်မည့်သတင်းကြောင့် ရေအရင်းအမြစ် ထိခိုက်မည်ကို မိုးနဲဒေသခံများစိုးရိမ်ပူပန်နေကြသည်။

နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာ နမ့်မော်ငင်းကန်သည် မိုးနဲမြို့နယ်လူထုအားကိုးအားပြုနေရသည့် နမ့်ဟူးစက်တော် ရေထွက်ဦးနှင့် နီးစပ်ဆက်နွယ်နေသဖြင့် နမ့်မော်ငင်းထိခိုက်ပျက်စီးပါက မိုးနဲလူထု စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ အကယ်၍သူတို့ကျောက်မီးသွေးတကယ်လာတူးရင်တော့ မိုးနဲ ကတော့သွားပြီ။ လယ်ယာစိုက်ပျိုးရေးအတွက် နမ့်ဟူးကရေမရှိရင်မဖြစ်ဘူး။ နောက်တခု နမ့်ဟူးက လယ်သမားတွေဘဲသုံးတာမဟုတ်ဘူး။ ရွာသားတွေ စိုက်ပျိုးမွေးမြူရေး ၊ သောက်သုံးရေအဖြစ်သုံးကြတယ်။ အားလုံးက ဒီကန်က ရေကိုဘဲ အားထားပြုကြတယ် ” ဟု မိုးနဲမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD စိုင်းမွန်းလိန်ကပြောသည်။

ရေထွက်ဦးအနီး ကျောက်မီးသွေးတူးဖော်ပါက မိုးနဲပြည်သူများ လယ်ယာစိုက်ပျိုးရေး၊ သောက်သုံးရေ အဖြစ် အားကိုး အားထားရသည့် နမ့်ဟူးစက်တော်ရေအိုင်ခမ်းခြောက်သွားနိုင်ပြီး၊ ပြည်သူများအခက်အခဲများစွာ ရှိနိုင်ကြောင်း စိုင်းမွန်းလိန် ကပြောသည်။

ဟိုက်ဖတ်ကျေးရွာအတွင်းရှိ နမ့်မော်ငင်းသည် နမ့်စန်မြို့နယ်အတွင်း တည်ရှိသော်လည်း မိုးနဲမြို့နယ် သစ်တောကြိုးဝိုင်းထဲတွင် ပါရှိသည်ဟုသိရသည်။

တဖက်တွင်လည်း နမ့်မော်ငင်းအနီးတဝိုက်တွင် ရှေးဟောင်းအမွေနှစ်များစွာရှိနေပါသည်။

မိုးနဲမြို့တွင်နေထိုင်သည့် ဒေသခံ နန်းဆိုင်လှိုင်း က “ မိုးနဲမှာက ဒီရေအိုင်က နံပါတ် ၁ပဲလေ။ပြည်သူတွေကလဲ ဒီရေကို သုံးစွဲခဲ့ကြတယ်။ တကယ်လို့ ဒီရေက မရှိတော့ဘူးဆိုရင် တမြို့လုံးက သုံးစရာရေမရှိတော့ဘူး ဖြစ်သွားမယ်” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါဒေသတွင် ၂၀၁၀ ခုနှစ်ကတည်းက ကုမ္မဏီများကကျောက်မီးသွေးတူးဖော်ရန်ကြိုးစားခဲ့ဖူးသော်လည်း ထိုစဉ်ကလွှတ်တော်အမတ်နှင့် ဒေသခံရပ်မိရပ်ဖတို့က ဆန့်ကျင်ကန့်ကွက်ခဲ့ကြဖူးသည်။ ထိုစဉ်ကတည်းကငြိမ်သွားခဲ့ပြီး ခုမှတဖန် သတင်းများပြန်ကြားနေသည်ဟုမိုးနဲဒေသခံများကပြောသည်။

“ ကျောက်မီးသွေးတူးဖို့က စာတင်ထားဖူးတော့၊ ဘယ်နေ့ ဘယ်တော့ လာတူးမလဲဆိုတာ ရင်တမမ နဲ့ ဖြစ်နေရတာ။ ခွင့်မပြုဖို့ပဲ ဆုတောင်းနေရတာ။ အစိုးရက ခွင့်ပြုရင်တော့ ပျက်စီးပြီပေါ့။ ဒါမယ့် ကျနော်တို့လည်း ဆက်ပြီး ကန့်ကွက်သွားမှာ ” ဟု မိုးနဲ ဒေသခံအမျိုးသားတဦးက ပြောသည်။

နမ့်မော်ငင်းတွင် ကျောက်မီးသွေးတူးမည်ဟူသည့်သတင်းသည် ၂၀၁၈၊ ၂၀၁၉ ခုနစ်နှင့် ယခု ၂၀၂၀ ခုနစ်တွင် မကြာခဏ ပေါ်ထွက်လာနေသည်ဟုဒေသခံများပြောဆိုသော်လည်း လက်ရှိ အချိန်ထိ ကျောက်မီးသွေးတူးခွင့်ပြုရန် တစုံတဦးမှ စာတင်ထားခြင်းမရှိကြောင်း မိုးနဲသစ်တော ဦးစီးဌာန မှ စိုင်းအောင်သင်း က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့နည်းတူ နမ့်စန်မြို့နယ် ဟိုက်ဖက်ကျေးရွာတွင် တည်ရှိသောကြောင့် နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူ ဦးညီညီအောင် “ ကျနော်တို့ဘက်မှာ ဆက်သွယ်ထားတာမရှိပါဘူး။ ကျနော်တို့ဆီမှာ လတ်တလောတော့မရှိဘူး။ ခွင့်ပြုထားတာလဲမရှိဘူး” ဟုပြောသည်။

မိုးနဲမြို့ ရှိ နမ့်ဟူးစက်တော်ရေထွက်ဦးအား သဘာဝဘေးမဲ့တောအဖြစ် သတ်မှတ်ရန်လည်း မိုးနဲလူထုက သစ်တောအား တောင်ဆိုးထားကြောင်း ဒေသခံများကပြောသည်။

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ကျောက်မီးသွေး တူးဖော်မှုကြောင်း ရေအရင်းအမြစ်ဆုံးရှုံးမှုရှိပြီး၊ သျှမ်းမြောက်တန့်ယန်းတွင်လည်း ကျောက်မီးသွေးတူးဖော်မှုကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့နေရကြောင်း သိရသည်။

မိုင်းကိုင်မြို့တွင်မူ ကုမ္မဏီက ကျောက်မီးသွေးတူးဖော်ရန်အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သဘာဝတောတောင်ရေမြေပျက်စီးမည်ကိုစိုးရိမ်ကြသဖြင့် မိုင်းကိုင်မြို့လူထုတရပ်လုံးက စည်းလုံးညီညွတ်စွာဖြင့် အကြိမ်ကြိမ် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသဖြင့် ကျောက်မီးသွေးတူးဖော်မှုလည်း ယနေ့တိုင်မအောင်မြင်ခဲ့ပေ။

ကျားဖြန့်သမားများကိုဖမ်းဆီးပြီး တရုတ်လက်ထဲအပ်နေစဥ်
November 19, 2024
သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စစ်ကောင်စီ၏ လေကြောင်းမှ...
နမ့်ခမ်းမြို့ ယာမ ဆေးကြောင့်အမျိုးသား ဖမ်းဆီးနေစဉ်
November 19, 2024
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)...
သျှမ်းတောင် မိုင်းကိုင်မှ သျှမ်းမြောက် သို့ သွားကားလမ်း
November 19, 2024
သျှမ်းပြည်မြောက်ပိုင်းသို့ သယ်ယူမည့် ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင်ကုန်ကားများကို...
လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ဖယ်ခုံ ဒေသခံများ
November 18, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့်...