လွှတ်တော်များတွင် အမျိုးသမီးပါဝင်မှုနှုန်းသည် ရွေးကောက်ပွဲ တစ်ကြိမ်ထက်တစ်ကြိမ တိုးလာလျက်ရှိသည်။ ယခုနှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသည့် အမျိုးသမီးကိုယ်စားလှယ်ဦးရေသည် ယခင် ၂၀၁၅ ရွေးကောက်ပွဲကထက် လေးရာခိုင်နှုန်းအထိ တိုးလာပြီး ၁၉၄ ဦးဖြစ်ကြောင်းသိရသည်။
အဆိုပါဦးရေသည် ၂၀၁၅ ကထက် ဦးရေ ၄၀ ကျော်တိုးလာခြင်းဖြစ်သည်။ ထို့အတူ ကချင်ပြည်နယ်လွှတ်တော်တွင်လည်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုနှုန်းသည် ရွေးကောက်ပွဲ တစ်ကြိမ်ထက်တစ်ကြိမ်တိုးလာပြီး ယခုနှစ်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း အနိုင်ရရှိမူသည် ၂၀၁၅ ကထက်, ထက်ဝက်တိုးလာခဲ့ကာ ၁၀ ဦးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ကချင်ပြည်နယ်မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ မဲဆန္ဒရှင်များအတွက် မည်သည့်အရာများ လုပ်ဆောင်ပေးမည်လဲဆိုသည်နှင့်ပတ်သက်၍ ၎င်းတို့၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။
ဒေါ်သက်ထားနှောင်း (NLD- မိုးညှင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
“ကျွန်မတို့ဒေသဆိုရင် ရှမ်းလူမျိုးတွေများတဲ့ချိန်ကျတော့ အစ်မတို့တူယှဉ်တွဲနေထိုင်ရေးမှာ ဘယ်လိုဆက်ပြီး နေထိုင်ရမလဲဆိုတာကိုတော့ အဲကိစ္စကြိုးစားဖို့တော့ တော်တော်လေးပြောထားတာရှိပါတယ်။ ဒီမြစ်ကြီးနားဘက်က သိပ်မသိသာပေမယ့် ဒီပြသာနာက တော်တော်လေးကို ဖြစ်နိုင်တဲ့အလားလာတွေများတဲ့ချိန်ကျတော့ ကျွန်မတို့မှာ ဒီကိစ္စကို တော်တော်လေး ကြိုးစားရလိမ့်မယ်လို့ မြင်ပါတယ်။ အဲကြောင့် ဒီမျိုးနွယ်စုတွေကြားမှာ တူယှဉ်တွဲနေ ထိုင်ရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေလည်း လုပ်ဆောင်သွားမှာပါ။ ပြီးတော့ ရှေ့ကလုပ်ဆောင်နေတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေသူတွေ့ရဲ့လုပ်ဆောင်ချက်မှာ ဘာတွေပြင်ဆင်ပြီးမှ ကချင်ပြည်နယ်ဥပဒေမှာ ဘာတွေလုပ်ထားပါ တယ်ဆိုတာကို ဘာမှတိတိကျကျမသိရသေးတဲ့ချိန်ကျတော့ သူတို့နှင့်ကျွန်မတို့က ပြန်လည်ချိတ် ဆက်ပြီးမှ အလုပ်လုပ်ရမှာများပါတယ်။ တစ်ကယ်လို့ အဲထဲမှာမပါဘူးဆိုတဲ့ အချက်တွေကိုတော့ အစ်မတို့ဦးစားပေးတင်မှာ ဖြစ်ပါတယ်။အဲဒီအခါမှာတိုင်းရင်းသားအရေးလို့ ပြောတဲ့ချိန်မှာ လွှတ်တော်မှာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေလည်းရှိတော့ သူတို့နဲ့ ဘယ်လိုချိတ်ဆက်ပြီး အလုပ်လုပ်ရမယ်ဆိုတာ လွှတ်တော်မှာ အဆိုတင်တာမျိုး လုပ်မယ်လို့တော့ ရည်မှန်းထားပါတယ်”
ဒေါ်လရှန်ဘန်ထွယ် (USDP- ဆွမ်ပရာဘွမ်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
“ကျွန်မရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ချိန်မှာ ပေးခဲ့တဲ့ ကတိကဝတ်တွေက နှစ်မျိုးရှိတယ်။ ပထမတစ်ခုက ကျွန်မတို့ ပါတီ အစိုးရဖွဲ့နိုင်ခဲ့လို့ရှိရင် လုပ်ပေးမယ့် ကတိကဝတ် နောက်တစ်ခု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်အနေနဲ့ နိုင်ခဲ့ရင်ဆိုတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းတာနဲ့နိုင်ရင်တော့ အများကြီးလုပ် ပေးနိုင်တယ်။ ဒါပေမယ့် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဘဲနိုင်တဲ့အတွက် ပထမအနေနဲ့ ဒေသအတွက် ရေရရှိရေး၊မီးရရှိရေးအတွက်လုပ်မယ်၊ဒုတိယက ကျွန်မတို့ဒေသမှာ လူငယ်မောင်မယ်တွေ မူးယစ်ဆေးကြောင့် ကျဆုံးနေတဲ့သူအများကြီးရှိတယ် အဲခါကျတော့ အဲမူးယစ်ဆေးဝါးကို အစိုးရအနေနဲ့ဘယ်လိုလုပ်ပြီး တိုကခိုက်တွန်းလှန်ပေးမလဲဆိုတာကို ကျွန်မလွှတ်တော်မှာမေးမှာဖြစ်ပါတယ်။
ဒေါ်ဒေါင်နော (NLD- ချီဖွေမြို့နယ်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
“ကျွန်မကို မဲပေးခဲ့တဲ့ပြည်သူတွေကို ပြောချင်ပါတယ်။ ကျွန်မကို အသက်ငယ်တာကိုဘဲမကြည့်ဘဲနဲ့ ယုံကြည်ပေးပါ။ကျွန်မလွှတ်တော်မှာရောက်တဲ့ချိန်ကျရင် ကျမတို့ရဲ့တောင်ပေါ်ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင် သွားပါ့မယ်လို့။ ကျွန်မရွေးကောက်ပွဲ စဝင်ကတည်းကိုက ကိုယ့်ရဲ့ဒေသကိုပိုမုဖွံ့ဖြိုးစေချင်လို့ပါ။ ဒေသဖွံ့ဖြိုးရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျမတို့ဒီတောင်ပေါ်ဒေသဆိုတော့ လမ်းပန်းဆက် သွယ်ရေးကောင်းအောင်လုပ် ဆောင်ပေးဖို့၊အဆိုတင်သွင်းဖို့၊ နောက်ပြီးတော့ ဆက်သွယ်ရေး၊ ကျန်းမာရေး ကိစ္စတွေ ကျန်းမာရေးဆိုတဲ့နေရာမှာ ကာလကြာမြင့်စွာ တောင်ပေါ်ဒေသမှာဆိုရင် ဆေးဝါးလုံလောက်မှုမရှိတဲ့ ပြသာနာက ကာလကြာမြင့်စွာ ခံစားနေရတဲ့အတွက် ဒီကိစ္စတွေကိုတော့ လုပ်ဆောင်ပေးဖို့ အဆိုတင်ပြ ပေးသွားမှာပါ”
ဒေါ်ခေါ်မာဝူ (NLD- ဆော့လော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
“ပြီးခဲ့တဲ့လွှတ်တော် သက်တမ်းမှာတော့ ရည်ရွယ်ချက်တစ်ခုမှ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ လွှတ်တော်ထဲရောက်တဲ့အခါ လေ့လာရတယ်။ သင်ယူရတယ်။ လေ့လာရင်းသင်ယူရင်းမှ လွှတ်တော်ကိုယ်စား လှယ်အလုပ်လုပ်ရတယ်။ မြန်မာပြည်မှာက မဖွံ့ဖြိုးတဲ့ဒေသဖြစ်နေသေးတဲ့အတွက် ဖွံ့ဖြိုးရေးကို အဓိကဦးစားပေးပြီး သွားရတယ် အဲချိန်ကျတော့ လုံးဝအားမရခဲ့ပါဘူး။ ကျွန်မကိုယ်တိုင်အဆိုအောင်ခဲ့တဲ့ လမ်းတွေကြယ်ပွင့်မေးခွန်းမေးထားတဲ့လမ်းတွေကို အောင်မြင်မူလုံးဝ တစ်ရာခိုင်နှုန်းတောင် မရှိဘူးလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ဘတ်ဂျတ်ရဲ့ပေါ်လစီကကို ကုမ္ပဏီဘက်က မလုပ်နိုင်တဲ့နေရာမျိုးတွေ ဌာနဆိုင်ရာတွေ ဒေသအထိကို မသွားနိုင်တဲ့နေရာဒေသများတဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။နောက်တစ်ချက်က NLD အစိုးရလက်ထက်မှာ မြေပြန့်ဒေသမှာဘဲ ဒေသဖွံ့ဖြိုးရေးအောင် ကောင်းမွန်အောင်လုပ်နေတဲ့အတွက် ဝေးလံခေါင်ဖျားတဲ့ဒေသမှာ ဘတ်ဂျတ်တွေထိထိရောက်ရောက်မရောက်ခဲ့တဲ့တွက်ပါ။ဒါပေမယ့် ဒုတိယသက်တမ်းမှာ ကိုယ်က ငါးနှစ်လုံးလုံး သင်ယူလာတာဖြစ်တဲ့တွက် အနည်းနဲ့အများကတော့ ခေါင်းစဉ်လေး ကောင်းကောင်း ရှာထားပြီး အဖြေလေးသေချာရှာတွေ့ထားပြီဖြစ်တဲ့တွက် သေချာပေါက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အဓိကတော့ လမ်းပန်းဆက်သွယ်ရေး၊ရေရရှိရေး၊မီးရရှိရေး၊ အလုပ်အကိုင် အခွင့်လမ်းရရှိရေးတွေ ဆက်လက်ပြီး ပြီးခဲ့တဲ့သက်တမ်းမှာ မပြီးမြောက်ခဲ့တဲ့အရာတွေကို အကောင်ထည် ပြန်လည်ဖော်သွားမှာပါ”
ဒေါ်ဇာခြည်မြင့် (NLD- ဗန်းမော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
“ခုလောလောဆယ်မှာတော့ လေ့လာနေတယ်။ မဲဆွယ်ကာလထဲမှာ ရွာတွေသွားတဲချိန်မှာ လိုအပ်တဲ့ဟာတွေကို လေ့လာမှတ်ထားနေပါတယ်။အဲပေါ်မှာ မူတည်ပြီးမှ ကျွန်မအနေနဲ့ သေသေချာချာလုပ်ပြီးမှ အရေးကြီးဆုံးဖြစ်မယ်ဆိုတဲ့ဟာကိုတော့ ပထမဆုံးလုပ်သွားမယ်။ခုလောလောဆယ်မြင်နေတာကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ လုပ်ဖို့တွက်လေ့လာနေတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မလေ့လာနေတုန်းဆိုတာက ဘယ်ဟာက ကျွန်မအတွက် ပြည်သူအတွက် ပိုအရေးကြီးဆုံးအဆိုဖြစ်မလဲဆိုတာကို အဆိုတင်နိုင်ဖို့ပါ။ ကျွန်မပါတီမှာ တာဝန်ယူခဲ့တုန်းကလည်း ကျွန်မတာဝန်ပေးခဲ့တဲ့လူကြီးတွေကို စိတ်မပျက်စေခဲ့ရဘူး။အဲကြောင့် ခုလည်း ကျွန်မကို မဲပေးခဲ့တဲ့ပြည်သူတွေကို စိတ်မပျက်စေရပါဘူး။ အစွမ်းကုန်ကြိုးစားသွားပါ့မယ်”