မဲရုံများတွင်တာဝန်ထမ်းဆောင်ခဲ့ကြသော ဆရာ/ဆရာမများ ကိုဗစ်ကူးစက်ခံရမှု နေ့စဉ်တိုးပွားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါ ရောဂါကူးစက်ခံထားရသူဦးရေမှာ နိုဝင်ဘာ ၂၇ ရက်အထိ ၆၀ ထက်မနည်းရှိပြီး တစ်ရက်လျှင် ၁၀ ဦးခန့် တိုးလာနေပြီး လတ်တလောတွင် ကူးစက်ခံထားရသူများအနက် နှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောသည်။
“ကျွန်တော်တို့ လက်ရှိကူညီနေတာကတော့ (ဦးရေ) ၆၀ ကျော်လောက်ရှိပြီ။ စာရင်းက နေ့စဉ်တိုးနေတော့ ဒီနေ့ (နိုဝင်ဘာ ၂၇) အတွက် မချုပ်ရသေးဘူး။ မနေ့က ၅၀ လောက်ရှိတယ်။ တစ်ရက် ၁၀ ယောက်လောက်တိုးတယ်ဆိုတဲ့ အနေအထားတော့ရှိတယ်” ၎င်းကပြောသည်။
ထို့ပြင် ရွေးကောက်ပွဲအပြီး ကိုဗစ်ကြောင့် ဗိုလ်တစ်ထောင်မှ ဆရာမတစ်ဦးသေဆုံးခဲ့ကြောင်းသတင်းနှင့်ပတ်သက်၍ သတင်းမှားဟုငြင်းဆိုမှုများရှိနေသော်လည်း အဆိုပါ သတင်းမှာမှန်ကန်သည့်အပြင် သက် သေအထောက်အထားအခိုင်အလုံရှိကြောင်းနှင့် သေဆုံးခဲ့သော ဆရာမ၏မိသားစုဝင်များကိုလည်း ထောက်ပံ့မှုပြုခဲ့ကြောင်း ဒေါက်တာဇော်မျိုးလှိုင်က ဆက်လက်ပြောသည်။
ယခုအခါ ဆရာ/ဆရာမများအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်ရင်း ကိုဗစ်ကူးစက်ခံ ရသော ဆရာဆရာမများနှင့် ပညာရေးဝန်ထမ်းများကို လူအင်အား၊ ငွေအင်အား ကူညီမှုလျက်ရှိပြီး ရွေး ကောက်ပွဲ နောက်ဆက်တွဲ တရားစွဲဆိုခံရသည့် ဆရာ၊ ဆရာမ များကိုလည်း ဝန်းရံကူညီလျက်ရှိကြောင်း သိရသည်။
ကိုဗစ်ကူးစက်ခံထားရသည့် ဆရာ၊ ဆရာမများအနေဖြင့် ၎င်းတို့ကို ဆက်သွယ်ရန် နိုဝင်ဘာ ၂၃ ရက်နေ့က ကြေညာထားပြီး မတရားသဖြင့် စွပ်စွဲပုတ်ခတ် တရားစွဲဆိုခြင်းများအတွက်လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ဒေါက်တာဇော်မျိုးလှိုင်က ဖြည့်စွက်ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ ဆရာမ နှစ်သိန်းဝန်းကျင်ရှိပြီးရွေးကောက်ပွဲနောက်ဆက်တွဲ ပြဿနာရပ်များနှင့်ပတ်သက်၍ ဆရာ၊ဆရာမများ အဖွဲ့ချုပ်နည်းတူ ပညာရေးဝန်ကြီးဌာနမှ အရာရှိများကလည်း ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ပါတီတချို့က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်းများအပေါ် ပြောကြားမှုများကို စောင့်ကြည့်နေပြီး စကားအမှားဖြစ်ပေါ်ခဲ့လျှင် ကောင်းမွန်စွာပြန်လည်ဖြေရှင်းရန်လိုအပ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ တစ်ခါတလေမှာ လူဆိုတာ စကားမှားထွက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါကို အရင်ဆုံးပြေလည်အောင် ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်ရင်တော့ ကောင်းတာပေါ့” ဟု ၎င်းကပြောသည်။
ပြည်ခိုင်ဖြိုးပါတီနှင့်ပါတီတချို့ ပူးပေါင်း၍ နိုဝင်ဘာ ၂၆ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် (NPA)ဥက္ကဋ္ဌဦးသိမ်းကြည်က မဲရုံတာဝန်ထမ်းဆောင်ခဲ့သူများကို စကားပုံတစ်ခုနှင့် ရင့်သီးစွာခိုင်းနှိုင်းပြောဆိုမှု ဖြစ်ပွားခဲ့သည့်အပေါ် ဦးကိုလေးဝင်းက ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဦးလှသိန်းက၊ UEC ကဝန်ခံတယ်။ သူတို့ကတော့ မျှမျှတတလုပ်ပါတယ်တဲ့။ အောက်ခြေကလုပ်တဲ့ကိစ္စရပ်တွေ မသိဘူးတဲ့၊ မဲရုံမှူးတွေနဲ့ ဆရာမတွေကို ထိုးချပြီ။ လူပေါ်ပြာကျတော့ ခွေးပေါ်ခါချပြီ” ဟု ဦးသိမ်းကြည်က ခိုင်းနှိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြောကြားမှုများနှင့်ပတ်သက်၍ လိုအပ်ပါက အခြေခံပညာဦးစီးဌာနအနေဖြင့် ဆရာ၊ဆရာမများဘက်က ရပ်တည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ဆက်လက်ပြောသည်။
“လိုအပ်လာရင် ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဆရာ/ဆရာမ တွေဘက်မှာပဲ ရပ်တည်မှာပါ။ သူတို့ပြောနေ တာတွေကလည်း မှန်တာတွေမှ မဟုတ်တာ။ ကျွန်တော်တို့ရဲ့ ဆရာ၊ ဆရာမတွေဘက်မှာ ကျွန်တော်တို့ ရှိနေမှာပါ ” ဟု ၎င်းကပြောသည်။
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် နိုဝင်ဘာ ၁၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း မဲရုံမှူး ဆရာ၊ ဆရာမများကို စွပ်စွဲစော်ကားသည့် စာသားများဖြန့်ဝေခဲ့မှုကြောင့် အပြင်းအထန် ဝေဖန်ခြင်းခံခဲ့ရပြီး ကွန်ပျူတာစာစီသမား၏ အမှားဟုဆိုကာ ပြန်လည်တောင်းပန်ခဲ့ရသည်။
ယင်းသို့ ဆရာ၊ဆရာမများအား ခိုင်းနှိုင်းပြေဆိုမှုများနှင့်ပတ်သက်၍ ခွေလေးခုန်လို့ ဖုန်မထကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က တုန့်ပြန်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က “ကျွန်တော်တို့အဖွဲ့ကတော့ သူတို့ကို အဖက်မတန်သလိုပဲနေလိုက်တော့မလို့ပါ။ အခုက ကိုဗစ်ထိတဲ့ ဆရာ၊ ဆရာမတွေက ပိုအရေးကြီးနေပြီ လေ။ သူတို့ပြောတဲ့ စကားနဲ့ပြန်ပြောရရင် ခွေးလေးခုန်လို့ ဖုန်မထပါဘူးဗျာ” ဟု ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီမှ မဲရုံကိုယ်စားလှယ်၏ တရားစွဲဆိုခြင်းခံထားရသည့် ပျော်ဘွယ်မြို့နယ် ပျော်ကုန်းအုပ်စု မဲရုံအမှတ် (၂) မှာ မဲရုံမှူးတာဝန် ထမ်းဆောင်ခဲ့သည့် မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာရီက ယခုလိုပုတ်ခတ် ပြောဆိုမှုများ မပြုလုပ်သင့်ကြောင်းနှင့် အမှန်တကယ် ကိုယ့်ဘက်က မှန်ကန်သည်ဟု ယုံကြည်ပါက နည်းမှန်လမ်းမှန်ဖြင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှတ်ချက်ပြုသည်။
လက်ရှိတွင် ဆရာမကြီးဒေါ်ခင်မာရီအနေဖြင့်လည်း မဲရုံကိုယ်စားလှယ်တစ်ဦးကို အသရေဖျက်မှုနှင့် ပြန်လည်တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။