ကချင်ပြည်နယ်တွင် ယခုနှစ်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၄၈ဝ ဦးတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၅၂ ဦးပါဝင်ပြီးယင်းအရေအတွက်သည် ၂၀၁၅ ထက်လျော့နည်းသွားသော်လည်း ရွေးကောက်ခံရသည့် အရေတွက်သည်မှာပိုများလာပြီး ၁၀ ဦးအနိုင်ရရှိခဲ့သည်။
ယင်းသို့အရေအတွက် ပိုမိုများပြားလာသည့်အတွက် ယင်းအမျိုးသမီးသမီးများအနေဖြင့် လွှတ်တော်အတွင်းတွင် ကချင်ပြည်နယ်အတွက်မည်မျှအထိ လုပ်ဆောင်နိုင်ပေးနိုင်မလဲဆိုသည်မှာ စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ခံရသည့်အမျိုးသမီး ကိုယ်စားလှယ်များအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ ထပ်မံအနိုင်ရရှိခဲ့သည့် လက်ရှိ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူအား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ ရည်ရွယ်ချက်အရင်ဆုံး သိပါရစေ။
ဖြေ- ပထမအကြိမ်ရွေးကောက်ပွဲစဝင်တုန်းကတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အန်တီတို့မှာ နိုင်ငံရေးမျိုးရိုးလည်း မရှိပါဘူး။ ဒီအတိုင်း သာမန်မိသားစုဘဝထဲကပါဘဲ ဒါပေမယ့် တောင်ပေါ်ဒေသမှာရှိတဲ့ လီဆူလူမျိုးတွေ အဖက်ဖက်မှာနိမ့်ကျနေတာကို လေ့လာတွေ့ရှိရတဲ့တွက် တောင်တန်းဒေသမှာ ရှိတဲ့ပြည်သူတွေ မြေပြန့်ဒေသကနဲ့အတူ တန်းတူညီမျှအခွင့်ရေးရရှိဖို့ အမျိုးသားရေးအရင်စွမ်းစွမ်းတမံ ကြိုးစားကြည့်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ ဝင်ရောက်လာရခြင်းဖြစ်ပါတယ်။
မေး- ပထမအကြိမ်မှာ လီဆူအမျိုးသားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့် ဒုတိယအကြိမ်ကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ဘယ်လိုကြောင့် အမျိုးသားဒီမိုကရေစီပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့လဲဆိုတာလဲ။
ဖြေ- အန်တီက ပါတီစွဲမရှိပါဘူး။ လောကကြီးမှာ လူရယ်လို့ဖြစ်လာတဲ့ချိန်မှာ ကိုယ့်အတွက်ကောင်းဖို့ထက် အများအကျိုးကောင်းဖို့အတွက် ရှေးရူတတ်တဲ့သူဖြစ်တဲ့တွက်မို့ ပထမတော့ မိမိလူမျိုးကို အခြေခံထားတဲ့ နိုင်ငံရေးလောကထဲရောက်လာတယ်။ ဒါပေမယ့် အန်တီရဲ့သွားရမယ်၊ သွားချင်တဲ့ရည်ရွယ်ချက်ပန်းတိုင်မတူတဲ့ အတွက် အန်တီသွားချင်တဲ့ ပန်းတိုင်နဲ့ရည်ရွယ်ချက် တူညီတဲ့ပါတီကို ဝင်ရောက်ပြီးတော့ ယှဉ်ပြိုင်ရတာဖြစ် တယ်။
မေး- အန်တီရဲ့ပထမဆုံး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ရည်ရွယ်ချက်က အမျိုးသားအရေးလုပ်ဖို့ပြီးတော့ ဒေသဖွံ့ဖြိုးရေးဆိုတော့ ခုလက်ရှိအနေထားအရတော့ NLD ပါတီက ပြန်ဖြစ်နေတဲ့ချိန်မှာ အန်တီရဲ့ရွေးကောက် ပွဲဝင်ရတဲ့ ရည်ရွယ်ချက်တွေကိုကော စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ထားလား။ဘာကြောင့်လဲဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာက လွှတ်တော်ထဲအဆိုတင်သွင်းမယ့်မေးခွန်းတွေကို ကြားမှာ ပြန်ပြီးစီစစ်တာမျိုးရှိတာ ဆိုတော့လေ။
ဖြေ-၂၀၁၅ မှာ ပြိုင်ခဲ့တုန်းကတော့ မိမိလူမျိုးကိုအခြေခံတဲ့ပါတီကနေ ဝင်ပြိုင်ခဲ့တယ်။ အဓိကတော့ ကိုယ့်အမျိုးသားရေးအနေနဲ့ဝင်ပြိုင်တယ် မှန်တယ်။ဒါပေမယ့် အမျိုးသားရေးကို ထိုက်သင့်သလောက်တော့ လုပ်နိုင်ခဲ့တယ်။ ဒါကတော့ ကိုယ့်ရဲ့ Personal ခံစားချက်ပါ အစိုးရဖွဲ့နိုင်မယ့် ပါတီမှာရှိမှ မှန်ကန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတဲ့ ပါတီမှာရှိနေတဲ့ ပါတီမှာဝင်ရောက်ပြီးတော့မှ ကိုယ့်ရဲ့လူမျိုးအတွက် ကိ်ုယ့်ရဲ့ပြည်နယ်အတွက် တိုင်းပြည်အတွက် ဘာဘဲဖြစ်ဖြစ်အောင်မြင်အောင်လုပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ဘယ်ခြေနေမှာဘဲဖြစ်ဖြစ် အခက်ခဲမရှိ အဆင်ပြေမှာပါ။
မေး- ဒီနှစ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသတွေများဆုံးရှိတဲ့နေရာတွေဆို တိုင်းရင်းသားပါတီတွေ အနိုင်ရမယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် NLD ကဘဲ သောင်ပြိုကမ်းပြိုပြန်နိုင်တာဆိုတော့ ဒီပေါ်မှာသုံးသပ်ပေးပါ။
ဖြေ- ဒီမေးခွန်းကို မမေးခင်ကတည်းက ပြောချင်နေခဲ့တာပါ အန်တီတို့ဆော့လော်မှာဆို ၂၀၁၅ ရွေးကောက်ပွဲတုန်းက NLD က တစ်ယောက်မှမနိုင်ထားပါဘူး။ ဒါပေမယ့် ဒီနှစ်မှာကျတော့ ပြည်နယ် ၁၊ ၂ ပြည်သူ့လွှတ်တော် သုံးယောက်လုံးနိုင်တာက ဘာကြောင့်လဲဆိုတာကတော့ ဆော့လော်ကပြည်သူတွေက တစ်ကယ်ကိုမှန်ကန်တဲ့ ဒီိမိုကရေစီလိုချင်လို့ ပြည်သူတွေလည်း NLDကိုရွေးချယ်ခဲ့ကြတာဖြစ်မယ်တယ်လို့ မြင်ပါတယ်။
မေး- ပြီးခဲ့တဲ့လွှတ်တော်သက်တမ်း ငါးနှစ်အတွင်းမှာကော အန်တီဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ဒေသအတွက် ဒေသဖွံ့ဖြိုးရေးကို ဘယ်လောက်ထိလုပ်ဆောင်နိုင်ခဲ့လဲ။
ဖြေ- ရည်ရွယ်ချက်တစ်ခုမှ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ နံပါတ် ၁ အချက် အန်တီက ပထမတန်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။ လေ့လာရတယ် သင်ယူရတယ် လေ့လာရင်းသင်ယူရင်းမှ လွှတ်တော်ကိုယ်စားလှယ်အလုပ်လုပ်ရတယ်။ မြန်မာပြည်မှာက မဖွံ့ဖြိုးတဲ့ဒေသဖြစ်နေသေးတဲ့အတွက် ဖွံ့ဖြိုးရေးကို အဓိကဦးစားပေးပြီး သွားရတယ်။ အဲအချိန်က လုံးဝအားမရခဲ့ပါဘူး။ကိုယ်တိုင်အဆိုအောင်ခဲ့တဲ့ လမ်းတွေကြယ်ပွင့်မေးခွန်းမေးထားတဲ့လမ်းတွေကို အောင်မြင်မူလုံးဝ တစ်ရာခိုင်နူန်းတောင် မရှိဘူးလို့ ပြောလို့ရ ပါတယ်။
မေး- ဘာကြောင့် တစ်ရာခိုင်နူန်းတောင် မအောင်မြင်ရတာလဲ။ အဓိကဘာကြောင့်လဲ။
ဖြေ- နံပါတ် ၁ က ဘတ်ဂျတ်ရဲ့ပေါ်လစီကကို ကုမ္မဏီသွားမလုပ်နိုင်တဲ့နေရာမျိုးတွေ ဌာနဆိုင်ရာတွေ ဒေသအခြေနေထိကို မသွားနိုင်တဲ့နေရာဒေသများတဲ့အတွက် မလုပ်နိုင်ခဲ့ဘူး။ နောက်တစ်ချက်က NLD အစိုးရလက်ထက်မှာ မြေပြန့်ဒေသမှာဘဲ ဒေသဖွံ့ဖြိုးရေးအောင် ကောင်းမွန်အောင်လုပ်နေတဲ့အတွက် ဝေးလံခေါင်ဖျားတဲ့ဒေသမှာ ဘတ်ဂျတ်တွေထိထိရောက်ရောက်မရောက်ခဲ့တဲ့အတွက်ပါ။
မေး- အဲဆိုလာမည့် လွှတ်တော်သက်တမ်းမှာကော ဘယ်လောက်ထိလုပ်နိုင်မယ်လို့ ယုံကြည်ထားလဲ။
ဖြေ- ပထမသက်တမ်း ငါးနှစ်မှာ ကိုယ့်ရဲ့မကျွမ်းကျင်မူတွေကြောင့် ဘတ်ဂျတ်တောင်းတဲ့နေရာတွေမှာ ခေါင်းစဉ်တွေမှန်အောင်မရှာနိုင်ခဲ့တာတွေ အတွက် ဝန်ခံပါတယ် မသိတာကို သိတယ်လို့မလုပ်ပါဘူး။ ဒါပေမယ့် ဒုတိယသက်တမ်းမှာ ကိုယ်က ၅ နှစ်လုံးလုံး သင်ယူလာတာဖြစ်တဲ့တွက် အနည်းနဲ့အများကတော့ ခေါင်းစဉ်လေးကောင်းကောင်းရှာထားပြီး အဖြေလေးသေချာရှာတွေ့ထားပြီဖြစ်တဲ့တွက် သေချာပေါက်အောင် မြင်မယ်လို့ ယုံကြည်ပါတယ်။
မေး- အမျိုးသမီးတစ်ယောက်အနေနဲ့လွှတ်တော်နိုင်ငံရေးလောကထဲ ရောက်လာတဲ့ချိန်မှာ အဓိကစိန်ခေါ်မှု တွေက ဘာတွေဖြစ်မလဲ။
ဖြေ- အရင် လွှတ်တော်သက်တမ်းမှာ ကချင်ပြည်နယ်လွှတ်တော်မှာ ပါတီပေါင်းစုံ ကအမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ငါးဦးရှိတယ်။ ဒီအမျိုးသမီး ငါးယောက်က ဘယ်နေရာမှာမှ မရဘူး။ ဥပမာ ခေါင်းဆောင်မူပိုင်းမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချရတဲ့အပိုင်းတွေမှာ မပေးပါဘူး။ တောင်းဆိုပါတယ်။ မပေးပါဘူး။ ဥပမာ ကော်မတီမှာဆို ဥက္ကဌ သို့မဟုတ် အတွင်းရေးမှူး၊ အတွင်းရေးမှူး ဆိုတာက ဆုံးဖြတ်ချက်ချလို့ရတဲ့သူမဟုတ် ဘူးလေ။ အဲတော့ ဆုံးဖြတ်ချက်ချလို့ရမယ့်နေရာမှာ နေရာတစ်ခုလည်း မပေးခဲ့ပါဘူး။ အဲကြောင့်မို့ လွှတ်တော်ထဲမှာတောင် ခွဲခြားမူရှိမှတော့ အပြင်လောကမှာ ပြောစရာမလိုတော့ဘူးလို့ ဒီလောက်ဘဲပြောတာကောင်းပါတယ်။
မေး- ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ငါးနှစ်တွင်းမှာ ကချင်ပြည်နယ်က အမျိုးသမီးလွှတ်တော်ကိုယ် စားလှယ်တွေအနေနဲ့ အမျိုးသမီးကဏ္ဍကို ထိထိရောက်ရောက်လုပ်ဆောင်ပေးတာမျိုးမတွေ့ဘူး။ အန်တီအနေနဲ့ကော လာမည့် လွှတ်တော်သက်တမ်းမှာ အမျိုးသမီး ကဏ္ဍဘာတွေလုပ်ဆောင်ပေးနိုင်မလဲ။
ဖြေ- အန်တီက အမျိုးသမီးအရေးနဲ့ပတ်သက်ပြီးလေ့လာထားတာ သိပ်မရှိတဲ့အတွက် လွန်ခဲ့တဲ့ ငါးနှစ်ကတော့ အမျိုးသမီးအရေးနဲ့ပတ်သကပြီး သိပ်မလုပ်ခဲ့ရဘူး။ ဘာဘဲဖြစ်ဖြစ် အန်တီက ယောကျာ်းတစ်ယောက်လို့ ရှေ့ကိုဘဲ သွားနေတဲ့အတွက် မလုပ်ခဲ့ရဘူး။ ဒါပေမယ့် ဒီဒုတိယသက်တမ်းမှာတော့ အမျိုးသမီးရဲ့အကြောင်းအရာ လိုအပ်ချက်တွေကို သေချာလေ့လာပြီးတော့ လွှတ်တော်မှာအကောင်ထည်ဖော်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။