ရွေးကောက်ပွဲမပြုလုပ်ခဲ့ရသည့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကျင်းပမည်ဆိုပါက အသင့်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကပြောသည်။
အဆိုပါ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကျင်းပရန် မဲလက်မှတ်ကအစ မဲရုံသုံးပစ္စည်းအဆုံးပြင်ဆင်ထားပြီးဖြစ်သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားရန်သာလိုအပ်သည်ဟု ဆိုသည်။
“UEC က ကြားဖြတ်၊ ဒါမှမဟုတ် အထွေထွေရွေးကောက်ပွဲနောက်ဆက်တွဲ ဆက်လုပ်မယ်လို့ ကြေငြာရင်တော့ လုပ်လို့ရအောင် အားလုံးပြင်ထားပါတယ်။ မဲလက်မှတ်ကအစ မဲရုံပစ္စည်းအဆုံးပေါ့၊ အကုန်လုံးအဆင်သင့်ရှိတယ်။ မဲရုံမှူးအဖွဲ့တွေနဲ့ ပြင်ဆင်ထားပြီးသားရှိပါတယ်” ဟု ဦးသူရိန်ထွဋ်ကပြောသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် မြို့နယ် ရှစ်မြို့နယ်တွင်သာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲမကျင်းရသေးသည့် မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ကျင်းပပေးရန် လက်ရှိအစိုးရနှင့် တပ်မတော်တို့ကို နိုဝင်ဘာ ၁၂ ရက်၌ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က တိုက်တွန်းခဲ့သည်။
ထိုသို့ AA ၏တိုက်တွန်းချက်အပေါ် တပ်မတော်ဘက်ကလည်း ကြိုဆိုခဲ့ပြီး ရွေးကောက်ပွဲပြုလုပ်ရန် ကျန်ရှိနေသည့်နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတက်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကသတင်းထုတ်ပြန်ခဲ့သည်။
AA နှင့်တပ်မတော်တို့၏ ထုတ်ပြန်ချက်များကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲမရှိလျှင် ဒီမိုကရေစီ ရှိမည်မဟုတ်သည့်အတွက် ရွေးကောက်ပွဲကျင်းပစေချင်သည်ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
“ရွေးကောက်ပွဲလုပ်တာတော့ ဒီမိုကရေစီစနစ်ရဲ့ အဓိက ပင်မသွေးကြောအသက်ဖြစ်တဲ့အခါကျေတာ့ ရွေးကောက်ပွဲလုပ်စေချင်တယ်။ ဒါမှလည်း ပြည်သူလူထုဆန္ဒနဲ့အညီ တင်မြောက်တဲ့ ကိုယ်စားလှယ်တွေရှိမယ်။ သူတို့ကိုယ်စား ပြောဆိုမယ့်သူတွေရှိမယ်။ သူတို့ဒေသ အကျိုးစီးပွားကိုလုပ်မယ့် ကိုယ်စားလှယ်တွေရမယ်။ ဒါမှလည်း ဒီမိုကေရစီက အသက်ဝင်လှုပ်ရှားနိုင်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကတော့ ကြိုဆိုတယ်” ဟု ၎င်းကပြောသည်။
သို့သော်လည်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ရခိုင်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် UEC ထံ သီးသန့်တင်ပြသွားမည့်အစီစဉ်မရှိသေးကြောင်း ဦးသူရိန်ထွဋ်ကပြောသည်။
အဆိုပါမဲဆန္ဒနယ်မြေများတွင် ရွေးကောက်ပွဲကျင်းပရန်ဆိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အပြင်အစိုးရတွင်ပါ တာဝန်ရှိကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောသည်။
“UEC က ရွေးကောက်ပွဲသာလုပ်ပေးမယ်ဆိုရင် နှစ်ဖက်စလုံး (AA နဲ့ တပ်မတော်) ကလည်း လုံးခြုံရေးပိုင်းကို တာဝန်ယူဖို့ ကြေငြာချက်တွေထုတ်ထားတဲ့အတွက် ရွေးကောက်ပွဲဖြစ်လာမယ်လို့တော့မြင်တယ်။ အဓိက ဒီဟာက UEC နဲ့ အစိုးအပေါ်မှာမူတည်တယ်” ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲအားရခိုင်ပြည်နယ်ရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး မြို့နယ်ကိုးခုတွင် လုံးဝကျင်းပနိုင်ခဲ့ခြင်းမရှိပဲ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ မြို့နယ်လေးခုတွင် တစိတ်တပိုင်းနှင့် ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ၊ ဂွမြို့နယ်များတွင်သာ မြို့လုံးကျွတ် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နိုဝင်ဘာ ၁၃ ရက်ကလည်း ရွေးကောက်ပွဲမပြုလုပ်နိုင်သေးသည့် ဒေသများတွင် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပေးရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရခိုင်အရပ်ဘက်အဖွဲ့များကွန်ရက် (ACN) က တိုက်တွန်းခဲ့သည်။