ဆလိုင်းကျဲအိုဘိခ်ထောင်

ဆလိုင်းကျဲအိုဘိခ်ထောင်

မကြာသေးခင်က အနိုင်ရ NLD ပါတီ၏ တိုင်းရင်းသား (၄၈) ပါတီများထံ ပေးပို့သော စာသည် မြန်မာ့နိုင်ငံရေးမှာ အင်မတန်စိတ်ဝင်စားစရာ ဖြစ်လာပါသည်။ အနိုင်ရပါတီအနေဖြင့် လတ်တလောတွင် ကြုံတွေ့နေရသော ရွေးကောက်ပွဲရလဒ်ဆိုင်ရာ အကျပ်အတည်းနှင့်ဖိအားကို လွှဲချနိုင်ဖို့သက်သက်အတွက် မဟုတ်ဘဲ စာထဲမှာ ဖော်ပြထားသည့်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီနိင်ငံတော်တည်ဆောက်ရေးအတွက် အမှန်တကယ် စိတ်ရင်းဖြင့် ကမ်းလှမ်းမှုဖြစ်ပါက ကြိုဆိုသင့်သည့်အရာ ဖြစ်ပါသည်။ တိုင်းရင်းသားပါတီ များကလည်း အပြုသဘော တုန့်ပြန်ကြသည်ကို တွေ့ရသည်။

သို့သော် ယခုအချိန်အထိ ဇဝေဇဝါဖြစ်နေသေးသည်မှာ မည်သည့်ရည်ရွက်ချက်ဖြင့် NLDပါတီက စာပို့သနည်းဆိုသည့်အချက်နှင့် မည်သည့်ပုံစံဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(National Unity Government)ကို ဖွဲ့စည်းရန် အနိုင်ရပါတီက စီစဉ်ထားသနည်းဆိုသည့်အချက်ဖြစ်ပါသည်။ အလားတူ တိုင်းရင်းသားပါတီများကလည်း သူတို့ပြောပြောခဲ့သလို UNA, NBF နှင့် ၅-ပါတီပေါင်းစည်းအဖွဲ့ စသည်ဖြင့် အစုအဖွဲ့အလိုက် ညှိနှိင်းဆောင်ရွက်မှာလား၊ ၄၈ ပါတီစလုံးပူးပေါင်းညှိနှိုင်းမှာလား၊ သို့မဟုတ် တစ်ပါတီချင်းစီဘဲ ဆုံးဖြတ်မှာလား၊ ထို့ပြင် ဖက်ဒရယ်ဆိုင်ရာမူဝါဒများကို အလေးပေးညှိနှိုင်းမှာလား၊ သို့မဟုတ် အစိုးရ (နိုင်ငံရေး) ရာထူးနေရာကို အဓိကထားညှိနှိုင်းမှာလား စသည့်အချက်များကို ထပ်ဆင့် စဉ်းစားရမှာဖြစ်ပါသည်။

အဘယ်ကြောင့် တိုင်းရင်းသားပါတီများ ကမ်းလှမ်းခြင်းခံရသနည်း

အနိုင်ရ NLD ပါတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဖိအားအကြီးအကျယ် ကြုံတွေ့လျက်ရှိသည်။ ရွေးကောက်ပွဲ မသမာမှု၊ ငွေကြေးအရှုပ်အရှင်းနှင့် တပ်မတော်၏ ဝေဖန်ထောက်ပြမှု စသည်ဖြင့် ၎င်းဖိအားများ လျှော့ချနိုင်အောင် လမ်းကြောင်းလှည့်လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်မှုလည်းရှိသည်။ တစ်ချို့ကလည်း NLD ၏ တိုင်းရင်းသားများအပေါ်သဘောထားကြီးမြတ်မှုဟု တင်စားကြသည်။ မိမိအနေဖြင့် ၎င်းတို့ကို အဓိကဟု မယူဆပေ။

လက်ရှိတွင် တိုင်းပြည်မှာ ပြည်တွင်းစစ်မီး၊ ဘာသာရေးအစွန်းရောက်လှုပ်ရှားမှု၊ အိုင်စီဂျေနှင့် အိုင်စီစီအရေး၊ ကိုဗစ်-၁၉ ကပ်ဘေး၊ တိုင်းပြည်စီးပွားရေးကျဆင်းမှု၊ အရပ်ဘက်စစ်ဘက် အားပြိုင်မှုနှင့် ပွတ်တိုက်မှု၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စသည့် အထွေထွေအကျပ်အတည်းနှင့် မတည်မငြိမ်မှုများ ကြုံတွေ့နေရာချိန်တွင် အနိုင်ရပါတီအနေဖြင့် ၎င်းကိစ္စရပ်အားလုံးကို တစ်ပါတီတည်း ဖြေရှင်းကျော်လွှားရန် မဖြစ်နိုင်သလောက် ခက်ခဲပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အခြားအစုအဖွဲ့များ (Stakeholders) များနှင့် ပြိုင်တူတွန်းရန် မဖြစ်မနေလိုအပ်သည်ဟု အကြံပြုသူများလည်းရှိရာ NLD ပါတီက လက်ခံသဘောပေါက်လာလို့ ဖြစ်သည်ဟုယူဆပါသည်။ ဤနေရာတွင် တိုင်းရင်းသားပါတီများသည် သက်ဆိုင်ရာ တိုင်းရင်းသားဒေသခံပြည်သူများက အတန်အသင့် မဲပေးထောက်ခံမှုရှိသော အဖွဲ့အစည်းများဖြစ်သည့်အပြင် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုခရီးတစ်လျှောက်တွင်လည်း NLD နှင့် အတူလက်တွဲလာခဲ့သော ပါတီများဖြစ်သည့်အတွက် အရင်ဦးဆုံး ကမ်းလှမ်းခြင်းဖြစ်သည်ဟု သုံးသပ်မိပါသည်။

မနိုင်သော်လည်း မရှုံးသည့် တိုင်းရင်းသားပါတီများ

၂၀၁၅ ရွေးကောက်ပွဲထက် ၂၀၂ဝ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ လွှတ်တော်ကိုယ်စားလှယ် နေရာရရှိမှု ပိုမိုမြင့်တက်လာခြင်းမရှိဘဲ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် တိုင်းရင်းသား ပါတီများ ဘဲဥမကွဲရုံတမယ်အနေအထားရှိသည်ကို တွေ့ရသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့်လွှတ်တော်မှာ တိုင်းရင်းသားပါတီများက ကိုယ်စားလှယ် ၅၅ နေရာ (၈-ရာခိုင်နှုန်း) ခန့် ရရှိခဲ့ရာမှာ ၂၀၂ဝ ရွေးကောက်ပွဲတွင် ၄ရ နေရာ (၇-ရာခိုင်နှုုန်း) သို့ ကျဆင်းသွားပါသည်။ ထိုအချက်အများကြောင့် တိုင်းရင်းသား ပါတီများအပေါ် ပြည်သူများ အားပေးထောက်ခံမှုလျှော့နည်းသွားသည်ဟု လွယ်လင့်တကူ သုံးသပ်ပါက အမှားကြီးမှားပါလိ်မ့်မည်။ ရှမ်း (SNLD) ပါတီ၊ ရခိုင် (ANP) ပါတီ၊ တအောဝ်းပလောင် (TNP) ပါတီနှင့် ပအိုဝ့် (PNO) ပါတီတို့ကလွဲ၍ ကျန်တိုင်းရင်းသားပါတီများ ထင်သလောက်အနိုင်မရသေးသော်လည်း သက်ဆိုင်ရာ တိုင်းရင်းသား ပြည်သူများ၏ အတန်အသင့် မဲပေးမှုနှင့် အားကိုးယုံကြည်မှုများ ရရှိကြပါသည်။

တိုင်းရင်းသား ပြည်နယ်အခြေခံပါတီများ အနိုင်မရရှိခြင်း၏ အဓိကအကြောင်းရင်းသည် ဖက်ဒရယ်စနစ်၏ အနစ်သာရဖြစ်သော “ကိုယ့်ပြည်နယ်တွင်း ရွေးကောက်ပွဲအနိုင်ရသူက ပြည်နယ်အစိုးရဖွဲ့ခွင့်” ကို ၂၀၀၈ ခြေဥပုဒ်မ (၂၆၁) အရ ပိတ်ပင်တားဆီးခြင်းကြောင့်ဖြစ်ပါသည်။ တိုင်းရင်းသားများသည် ပြည်နယ်တစ်ခုခုမှာ အများစု စုစည်းနေထိုင်ကြပါသည်။ သို့ဖြစ်ရာ ကိုယ့်တိုင်းရင်းသားပြည်နယ်ကို အခြေခံပြီး ရွေးကောက်ပွဲဝင်ပြိုင်သည့်ပါတီအနေဖြင့် ကိုယ့်ပြည်နယ်မှာ အနိုင်ရလျှင်ပြင် အစိုးရဖွဲ့ခွင့်မရှိ (ပုဒ်မ-၂၆၁အရ ပိတ်ပင်) ဖြစ်နေရာ အစိုးရမဖွဲ့နိုင်မှန်းသေချာသည့်ပါတီကို ပြည်သူများက မဲပေးဖို့ဆိုသည်မှာ အဓိပ္ပယ်ကင်းမဲ့ သကဲ့သို့ ခဲယဉ်းလှပါသည်။ အင်မတန် တရားမျှတမှုမရှိသည့် ပုဒ်မဖြစ်ပါသည်။ တိုင်းရင်းသားပြည်နယ်များကို ဖက်ဒရယ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မဆိုထားဘိ ပုဒ်မ (၂၆၁) တစ်ခုတည်းကို ပြင်ဆင်ပေးပါက ပြည်နယ်အများစုမှာ ပြည်မ (ဗမာ) ပါတီများ အကြီးအကျယ်ရှုံးနိမ့်မှာဖြစ်ပြီး တိုင်းရင်းသားလူမျိုးများက ကိုယ့်တိုင်းရင်းသား ပါတီများကို ပိုပြီးတော့ အားကိုးကြမှာ မလွဲဧကန်ဖြစ်ပါသည်။

တိုင်းရင်းသားလူငယ်များ၏ နိုင်ငံရေးရည်မှန်းချက် မရိုက်ချိုးသင့်

ဤတစ်ကြိမ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားလူငယ်များ၏ နိုင်ငံရေး (အမျိုးသားရေး) နိုှးကြားလာမှုအရှိန် အလွန်မြင့်မားလာမှုနှင့် ကိုယ့်တိုင်းရင်းသားပါတီကို အင်တိုက်အားတိုက် ရပ်တည်ပေးလာသည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်ပါသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ထိုတိုင်းရင်းသား လူငယ်များစု၏ ရွေးကောက်ပွဲ မျှော်မှန်းရလဒ်သည် ရေစုန်မျောပါသွားခြင်းဖြစ်ပါသည်။ ထိုထက်ပိုဆိုးသည်မှာ တိုင်းရင်းသားပါတီများ အနိုင်မရခြင်းသည် ပုဒ်မ (၂၆၁) နှင့် ရွေးကောက်ပွဲဥပဒေကန့်သတ်ချက်ကြောင့် တန်းတူ (level play) မရှိသော၊ တရားမျှ (fair) မရှိသော အခင်းအကျင်းကြောင့် ဖြစ်သည်ဟု တိုင်းရင်းသား လူငယ်များက ခံယူထားခြင်းဖြစ်သည်။ နှစ်ပေါင်း ရဝ ကျော် ပြည်တွင်းစစ်၏ နောက်ဆုံးမျိုးဆက်ဖြစ်သော ဤတိုင်းရင်းသားလူငယ်များအနေဖြင့် လက်ရှိရွေးကောက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေး (electoral politics and party politics) အပေါ် မျှော်လင့်ချက်မှေးမှိန်သွားခြင်းနှင့် စိတ်ပျက်လာခြင်းကို မသိကျိုးကျွန်ပြုပါက တိုင်းပြည်၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ မလိုလားအပ်သော အကျိုးသက်ရောက်မှု ကြုံတွေ့နိုင်သည်။

ရခိုင်ပြည်နယ်မှာ ၂၀၁ဝ ခုနှစ်မှစ၍ ရွေးကောက်ပွဲအဆက်ဆက်တိုင်းတွင် ရခိုင်ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ဖက်ဒရယ် ဒီမိုကရေစီနှင့်အညီ ၎င်းပါတီက ကိုယ့်ပြည်နယ်မှာ အစိုးရဖွဲ့ခွင့်နှင့် တာဝန်ယူဆောင်ရွက်ခွင့် မရရှိခဲ့သည့်အတွက် ရခိုင်လူငယ်ခပ်များများ၏ ရွေးကောက်ပွဲနိုင်ငံရေးအပေါ် ယုံကြည်မှုနှင့် မျှော်လင့်ချက် ကျဆင်းစေပြီး တက်ကြွလှှုပ်ရှားသည့် လူငယ်ခပ်များများက ရွေးကောက်ပွဲလမ်းစဉ် ကို ကျောခိုင်းပြီး အခြားလမ်းစဉ်ကို ရွေးချယ်ကြသည်ဟု သိရသည်။ တိုင်းရင်းသားများအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ၀ါသနာဖြင့်ရွေးချယ်ခြင်းမဟုတ်ဘဲ အခြားနိုင်ငံရေးနည်းလမ်းနဲ့ မဖြစ်နိုင်တော့ဟု ယူဆသောကြောင့်မဖြစ်မနေ ကိုင်စွဲလိုက်ခြင်းဖြစ်သည်ဟု ခံယူကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်ခဲ့လို့ ပင်လုံစာချုပ်ကို လက်မှတ်ထိုးသော ချင်း၊ ကချင်၊ ရှမ်းတို့သည် ပါလီမန်ဒီမိုကရေစီလမ်းကြောင်းကို ရွေးကောက်ပွဲ သုံးကြိမ်အထိ ယုံယုံကြည်ကြည်နှင့် (လက်နက်ကိုင်လမ်းစဉ်ကို မစဉ်းစားဘဲ) လျှောက်လှမ်းခဲ့ ပါသည်။ ဆယ်စုနှစ်တစ်ခုကျော်လာပြီးမှ ဦးနုဦးဆောင်သည့် ပါလီမန်ဒီမိုကရေစီသည် လူများစုအာဏာရှင်စနစ် (Tyranny of Majority)သို့ ဦးတည်ခဲ့သည်ဟု ခံစားလာခဲ့ပြီး လူနည်းစုများအတွက် မျှော်လင့်ချက် (space) ကျဉ်းမြောင်းလွန်းသည်ဟုခံယူလာခဲ့သည့်အခါ အခြားနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

NLD၏ ကမ်းလှမ်းချက် ဆေးတစ်ခွတ်ဖြစ်နိုင်မလား

အနိုင်ရပါတီက ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပါတီများကို စာပို့ထားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရကို စဉ်းစားသည်ဟု အများသိအောင် ပြောကြားပြီး တိုင်းရင်းသားပါတီများနှင့် မကြာခင် (လကုန်ပိုင်း) အတွင်း စတင်တွေ့ဆုံဆွေးနွေး မည်ဟု ပြောဆိုလာသည့်အပေါ် မိမိအနေဖြင့် အောက်ပါအတိုင်း မှတ်ချက်ပြုမိပါသည် –

(က) တိုင်းရင်းသားလူငယ်များ၏ နိင်ငံရေးမျှော်လင့်ချက် ရှေ့ရှုသင့်။ NLD ပါတီနှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်များ မကြာမီတွေ့ဆုံညှိနှိုင်းသည့်အခါ သက်ကြီးပိုင်းများနှင့် ထိပ်ပိုင်းခေါင်းဆောင်များ အချင်းချင်းကြား ပြေလည်မှုရယူခြင်း သက်သက်ဖြစ်ပါက ရေရှည်တည်တံ့မည်မဟုတ်ပေ။ တိုင်းရင်းသားပါတီများကို ဝန်းရံပေးသည့် တက်ကြွလူငယ်များနှင့် ပါတီလူငယ်ခေါင်းဆောင်များ၏ နိုင်ငံရေးခံစားချက်နှင့် စိတ်ဆန္ဒကို အလေးထားသည့် ညှိနှိုင်းအဖြေရှာမှုဖြစ်သင့်သည့်။ လူငယ်အုပ်စုများကို သီးခြားညှိနှိုင်းမှု ပြုလုပ်သင့်သည်။

(ခ) မူဝါဒ (စနစ်) အပိုင်းကို အလေးပေးဆွေးနွေးသင့်။ ၅ နှစ်တာကာလအတွင်း တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေး (အစိုးရ) ရာထူး မျှဝေရေးသည် အင်မတန်အရေးပါသည်။ သို့သော် ရေရှည်တည်တံ့ (sustainable) သော အဖြေရှာမှု အတွက်ဆိုလျှင် တိုင်းရင်းသားများလိုချင်သည့် နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုနှင့် နို်င်ငံရေးအာမခံချက်များကို ပိုပြီးအလေးပေး စဉ်းစားဆောင်ရွက်သင့်သည်။ ထိုအတွက် လူငယ်များနှင့်သီးသန့်ညှိနှိုင်းမှုပြုလုပ်သင့်ပါသည်။

(ဂ) တည်ဆဲဥပဒေပြုပြင်ပြောင်းလဲရေး အာမခံသင့်။ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်စရာမလိုဘဲ တိုင်းရင်းသားများလိုလားသည့် အခွင့်အရေးများကို အနိုင်ရပါတီက ပြည်ထောင်စုလွှတ်တော်နှင့် အစိုးရ၏ လုပ်ပိုင်ခွင့်ဖြင့် အများအပြား ဖော်ဆောင်ပေးနိုင်ပါသည်။ ဥပမာ- ပြည်နယ်နေ့နှင့် ကိုယ့်အမျိုးသားနေ့များ ရုံးပိတ်ရက်ဖြစ်အသိအမှတ်အပြုပေးခြင်း၊ မိခင်ဘာသာစကားအခြေပြုပညာသင်ကြားရေးခွင့်ပြုခြင်း၊ သဘာဝ သယံဇာတ ခွဲဝေရေးနှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးစသည်တို့ကို အနိုင်ရပါတီက အလွယ်တကူ ဆောင်ရွက်ပေး နိုင်ပါသည်။ အထူးသဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပေဒများဖြစ်သော ရက်ပေါင်း (၉၀) နေထိုင်ရုံဖြင့် မဲပေးခွင့်ရခြင်း၊ စည်းရုံးရေးကာလ တိုတောင်းလွန်းခြင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်လွတ်တော်ရွေးကောက်ပွဲ ပေါင်းပြီး ကျင်းပခြင်း၊ နိုင်သူအကုန်ယူစနစ်ကျင့်သုံးခြင်း စသည်တို့ကို ပြန်လည်သုံးသပ်ပေးသင့်ပါသည်။

(ဃ) ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအာမခံပေးသင့်။ NLD ပါတီဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပုဒ်မ ၂၆၁ မပြင်ဆင်လိုကြောင်း အကြောင်းပြရာတွင် ပြည်နယ်လွှတ်တော်တွင် တပ်မတော် ၂၅ရာခိုင်နှုန်းရှိသည်ကို အကြောင်းပြသည်ကိုတွေ့ရသည်မှာ အင်မတန် ဝမ်းနည်းစရာကောင်းပါသည်။ အမှန်မှာ လက်ရှိ ပါလီမန်စနစ် (Parliamentary System)ဖြစ်သည့် အစိုးရကို လွှတ်တော်ကအဆင့် ရွေးချယ်သည့် စနစ်အစား သမ္မတစနစ် (ပြည်နယ်အဆင့်မှာ Presidential System အစား Gubernatorial System ဟုသုံးနှုန်းသည်)ခေါ် လူထုက အစိုးရ (အုပ်ချုပ်ရေးအကြီးအကဲ) ကို တိုက်ရိုက်ရွေးချယ်သည့်စနစ်ဖြင့် ပြင်ဆင်လိုက်ပါက လွှတ်တော်တွင်ထိုင်နေသော တပ်မတော်နှင့် ပြည်နယ်အစိုးရဖွဲ့စည်းရေး မည်သို့မျှသက်ဆိုင်ခြင်းရှိမှာမဟုတ်ပေ။ ကျိုးကြောင်းဆီလျော်မှု မရှိသော အကြောင်းပြချက်ဖြစ်ပါသည်။ တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီကပြင်လျှင် ပြင်ဆင်ရန်သဘောတူပြီး ဖြစ်သောကြောင့် တိုင်းရင်းသားပါတီများ၏ ရွေးကောက်ပွဲမျော်လင့်ချက် လမ်းဖွင့်ပေးရန် အာမခံသင့်ပါသည်။

(ဃ) ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တွဲချိတ်မှုရှိသင့်။ NLD အစိုးရအနေဖြင့် တိုင်းရင်းသားပါတီများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရန် ရည်ရွယ်လျှင်ဖြစ်စေ၊ အတိုင်ပင်ခံအဖွဲ့ဖွဲ့စည်းလျှင်ဖြစ်စေ၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီဆိုင်ရာ ကတိကဝတ်ချုပ်ဆိုလျှင်ဖြစ်စေ၊ တိုင်းရင်းသား ပဋိပက္ခကို ဖန်တီးစေသော အကြောင်းအရင်းများ၊ လက်ရှိပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်များနှင့် ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ တိုင်းရင်းသားများ လိုလားသည့်အချက်များနှင့် ချိတ်ဆက်မှုရှိပြီး သဟဇာတဖြစ်ဖို့ အရေးကြီးပါသည်။

(င) ခေါင်းခေါက်ရွေးသည့်ပုံစံမဖြစ်သင့်။ ၂၀၁ဝ ခုနှစ် ကြံ့ခိုင်ရေးအစိုးရနှင့် ၂၀၁၅ခုနှစ် NLD အစိုးရ ကာလမှာ တိုင်းရင်းသားပါတီများထံမှ ဝန်ကြီးများ ဆွဲခေါ်သည့်အခါ သက်ဆိုင်ရာပါတီကို တရားဝင် ကမ်းလှမ်းပြီး သူတို့က ရွေးချယ်ထားသည့်ပုဂ္ဂိုလ်များကို ခန့်အပ်ခြင်းမျိုးမဖြစ်ဘဲ မိမိစိတ်တိုင်းကျပုဂ္ဂိုလ်များကို ရွေးကောက်ထားသည့် ပုံစံမျိုးဖြစ်ခဲ့ပါသည်။ ယင်းသည် အခြားပါတီကို လေးစားမှုမရှိသည့် “သူ့လူကို ကိုယ့်လူ ဖြစ်အောင် စည်းရုံးသိမ်းသွင်းခြင်း”နည်းလမ်းသာဖြစ်ပြီး တိုင်းရင်းသားပါတီအတွင်း သွေးကွဲမှု ကြီးထွားစေရုံသာ အဖက်တင် လေ့ရှိပါသည်။ ယင်းကို သိရှိနားလည်သော ရှမ်းပါတီ (SNLD) ပါတီက ငြင်းဆန်ခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်၍ နောက်နောင်တွင် အခြားပါတီထဲဲကသူကို ခန့်အပ်လိုပါက သက်ဆိုင်ရာပါတီနှင့် ညှိနှိုင်းသင့်ပါသည်။

(စ) တိုင်းရင်းသားပါတီများ ကြိုတင်ပြင်ဆင်သင့်။ NLD ဘက်မှ အသေးစိတ်ကမ်းလှမ်းမှုမရှိသေးသော်လည်း တိုင်းရင်းသားပါတီများဘက်မှ ပြင်ဆင်မှုတစ်ချို့လုပ်သင့်ပါသည်။ တစ်ပါတီချင်းစီဖြင့် ပြင်ဆင်မှုသည် လွယ်ကူမည်ဖြစ်သော်လည်း ကိုဗစ်ကန့်သတ်ကာလတွင် အစုအဖွဲ့အလိုက် (UNA, NBF နှင့် ၅ ပါတီပေါင်းစည်း စသည်ဖြင့်) ညှိနှိုင်းမှုနှင့် ၄၈ ပါတီစလုံး ညှိနှိုင်းသဘောထားစုစည်းမှုမျိုး လုပ်ဆောင်ဖို့ အချိန်ယူရမှာဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အရေးသည် တစ်ပါတီချင်းနှင့် လူမျိုးတစ်မျိုးချင်းဖြင့် အပြီးသတ်ဖော်ဆောင်လို့ရ သည့်အရာမဟုတ်ဘဲ စုပေါင်းညှိနှိုင်းမှုသည် မဖြစ်မနေလိုအပ်ပါသည်။

(ဆလိုင်းကျဲအိုဘိခ်ထောင်သည် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး နိ်ုင်ငံရေးလေ့လာသုံးသပ်ချက်၊ အမြင်သဘောထားများကို ရေးသားနေသူတစ်ဦးဖြစ်သည်။)

Most read this week

November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...