ရွေးကောက်ပွဲအလွန် ရခိုင်ပြည်နယ်လွှတ်တော်တွင်း ANP ၏လားရာ

ရွေးကောက်ပွဲအလွန် ရခိုင်ပြည်နယ်လွှတ်တော်တွင်း ANP ၏လားရာ

ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်တွင် မြို့နယ်ကိုးမြို့နယ်နှင့် မြို့နယ်လေးမြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၀ အုပ်စုတို့တွင် ကျင်းပနိုင်ခဲ့ခြင်းမရှိသဖြင့် ပြည်နယ်တစ်ခုလုံးတွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၁၆ သိန်းကျော်ရှိရာ ၁၂ သိန်းကျော် ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးခဲ့ရသည်။

ယင်းပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်ခဲ့သည့် မြို့နယ်များမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ပြီး ရွေးကောက်ပွဲကို တစ်စိတ်တစ်ပိုင်းမကျင်းပနိုင်သည့် မြို့နယ်များမှာ  အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် စစ်တွေမြို့နယ်များမှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၀ အုပ်စုဖြစ်သည်။

ထို့ကြောင့် ရခိုင်တွင် ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ်လေးခုနှင့် တစိတ်တပိုင်း ရွေးကောက်ပွဲကျင်းပနိုင်သည့် မြို့နယ်လေးခုရှိသဖြင့် လူဦးရေ လေးသိန်းကျော်သာ မဲပေးခွင့်ရရှိခဲ့သည်။

ANP က နေရာအမျာဆုံးနိုင်

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုသားပါတီ (ANP) က ပြည်သူ့လွှတ်တော်တွင် လေးနေရာ၊အမျိုးသားလွှတ်တော်တွင် လေးနေရာ၊ ပြည်နယ်လွှတ်တော်တွင် ခုနစ်နေရာ စုစုပေါင်း ၁၅ နေရာ အနိုင်ရရှိခဲ့သည်။

ရခိုင့်ဦးဆောင်ပါတီ (AFP) က ပြည်သူ့လွှတ်တော်တွင်တစ်နေရာ၊ ပြည်နယ်လွှတ်တော်တွင် နှစ်နေရာ စုစုပေါင်းသုံးနေရာ အနိုင်ရရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်သူ့လွှတ်တော်တွင်နှစ်နေရာ၊ အမျိုးသားလွှတ်တော်တွင် တစ်နေရာ၊ ပြည်နယ်လွှတ်တော်တွင် လေးနေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ရှစ်နေရာ အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တစ်နေရာစီအနိုင်ရရှိခဲ့သည်။

NLD က အမာခံနယ်မြေများကိုဆုံးရှုံး

NLD အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခင်ရွေးကောက်ပွဲကထက်ယခုနှစ်တွင်မဲဆန္ဒနယ်ပိုမို အနိုင်ရရှိခဲ့သည်ဆိုသော်လည်း ရခိုင်တွင်မူ အမာခံနယ်မြေများဖြစ်သည့် တောင်ကုတ်နှင့် မာန်အောင်မြို့နယ်များကို ဆုံးရှုံးခဲ့ရပြီး ယင်းမြိုနယ်များတွင် လွှတ်တော်သုံးရပ်လုံး၌ ပြိုင်ဘက် ANP ပါတီအား  ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အမာခံနယ်မြေများ လက်လွှတ်ရခြင်းသည် NLD ပါတီမှ ကိုယ်စားလှယ်လောင်းသုံးဦးကို ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးမှုနှင့် ၎င်းအဖွဲ့၏ ရွေးကောက်ပွဲအပေါ် လွှမ်းမိုးသက်ရောက်မှုကြောင့်ဖြစ်ကြောင်း NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“အဓိကတော့ ကျနော်တို့ ကိုယ်စားလှယ်လောင်းသုံးဦးဖမ်းဆီးခံထားရတယ်။ နောက်ပါတီဝင် ခုနစ်ဦးကို ပါတီ လုပ်ငန်းတွေ ဆောင်ရွက်ခြင်းအတွက် သတိပေးခြိမ်းခြောက်ခံထားရတယ်။အဲတော့ ကျွန်တော်တို့ဟာ တခြား နိုင်ငံရေးပါတီများနည်းတူ မဲဆွယ်စည်းရုံးရေးမလုပ်နိုင်ဘူး။မဲဆန္ဒရှင်တွေမှာလည်း လက်နက်ကိုင် အင်အားစု တစ်ခုရဲ့ မလိုလားမနှစ်သက်တဲ့ ပါတီသဘောမျိုးသက်ရောက်သွားတဲ့အတွက် သူတို့ရဲ့ လွတ်လပ်တဲ့ မဲဆန္ဒပေးမှု ထိခိုက်သွားနိုင်ပါတယ်”  ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော်အခင်းအကျင်း

သို့သော်လည်း NLD သည် ဂွ၊ သံတွဲမြို့နယ်များတွင် ယခင်ကထက် ပိုမိုအားကောင်းခဲ့ပြီး ရခိုင်ပါတီများကိုဖြတ်ကျော်၍ အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲရလဒ်အရ ပြည်နယ်လွှတ်တော်တွင် မည်သို့သော အခင်အကျင်းများဖြစ်ပေါ်လာမလဲနှင့် ANP အနေဖြင့် ပြည်နယ်လွှတ်တော်ကို ဦးဆောင်နိုင်မည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ပင်ဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၅ ဦးရှိပြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာသည် ပြည်နယ်အစိုးရအဖွဲ့တွင်တိုက်ရိုက်ပါဝင်မည်ဖြစ်သဖြင့် လွှတ်တော်ထဲတွင် ၁၄ ဦး ကျန်ရှိမည်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင် ANP က ၂၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုးဦး၊ USDP ကသုံးဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦး၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်၏ ၂၅ ရာခိုင်နှုန်းဖြစ်သော တပ်မတော်သားကိုယ်စားလှယ်က ၁၂ ဦးဖြစ်သဖြင့် စုစုပေါင်း ၄၇ ဦးရှိသော်လည်း လာမည့် တတိယအကြိမ် ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၄ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ငါးဦး စုစုပေါင်း ၁၉ ဦးသာရှိမည်ဖြစ်သည်။

လွှတ်တော်တွင်း ANP ၏လားရာနှင့် တပ်မတော်၏အခန်းကဏ္ဍ

ထိုအခြေအနက ရခိုင်ပြည်နယ်လွှတ်တော်အနေဖြင့် အစိုးရအားထိန်းကျောင်းမှုပိုင်းတွင် ပိုမိုအားနည်းလာနိုင်ကြောင်း ရခိုင်တွင် လွှတ်တော်ကိုယ်စားလှယ် အများဆုံးအနိုင်ရရှိထားသည့် ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက သုံးသပ်သည်။

“အခုက ၁၀ ယောက်ကျော်ရှိတဲ့ အခင်းအကျင်းမျိုးဖြစ်သွားတဲ့အတွက် အစိုးရကို ထိန်းကျောင်းမှုအပိုင်းရော၊ နောက်ဖြစ်ပေါ်လာတဲ့ လွှတ်တော်အခင်းအကျင်းပါ ပိုပြီးအခက်အခဲရှိလာမယ်လို့မြင်တယ်” ဟု ၎င်းကပြောသည်။

ထို့ကြောင့် ANP အနေဖြင့် ပြည်နယ်အစိုးရကို ထိန်းကျောင်းရန် ယခင်မိတ်ဖက် AFP ပါတီထက် တပ်မတော်နှင့်ပူးပေါင်းရန် တာဆူလျက်ရှိသော်လည်း ပြည်နယ်အစိုးရသစ်ကို မည်သူများနှင့်ဖွဲ့စည်းမည်ကို မသိသေးသဖြင့် ပြောရန်ခက်ခဲလျက်ရှိကြောင်း ANP ပါတီမှ လက်ရှိရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

“ရခိုင်လွှတ်တော်မှာ တပ်ကပူးပေါင်းပါဝင်မှု အားကောင်းတဲ့အခါ အစိုးရကို စွပ်စွဲပြစ်တင်လုပ်လို့ရခဲ့တယ်။ တပ်က ပူးပေါင်းမပါဝင်ရင် စွပ်စွဲပြစ်တင်လုပ်လို့မရဘူး။ အခုက လာမယ့် အစိုးရဖွဲ့တဲ့အချိန်မှာ ပြည်နယ်အစိုးရ ဘယ်သူဖြစ်လာမှန်း မသိနိုင်သေးတဲ့အတွက် ပြောရမှာခက်တယ်”ဟု ၎င်းကပြောသည်။

ဆိုရလျှင် ANP အနေဖြင့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဦးဆောင်နိုင်ရန်နှင့် ပြည်နယ်အစိုးရကို ထိန်းကြောင်းရန်အတွက် ဘေးကျပ်နံကျပ်ဖြစ်နေပြီး တပ်မတော်နှင့် ပူးပေါင်းရေးလမ်းစဉ်ကိုသာ လက်ကိုင်ထားရမည့်အခြေအနေဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ်လွှတ်တော်အခင်းအကျင်းတွင် တပ်မတော်သည် အဓိကအရေးပါသည့်အခန်းကဏ္ဍတွင် အပြည့်အဝရှိနေဦးမည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

July 3, 2021
“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ...
June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...