မဲစာရင်းစစ်ရန်ရောက်ရှိနေသည့် ကျောင်းဆရာတစ်ဦးပျောက်ဆုံးမှု အဖြစ်မှန်မသိရသေး

မဲစာရင်းစစ်ရန်ရောက်ရှိနေသည့် ကျောင်းဆရာတစ်ဦးပျောက်ဆုံးမှု အဖြစ်မှန်မသိရသေး

မဲစာရင်းစစ်ရန် ရောက်ရှိနေသည့် ကျောင်းဆရာတစ်ဦးပျောက်ဆုံးမှု ကချင်ပြည်နယ် နောင်မွန်မြို့နယ် ပန်နန်ဒင်မြို့ရှိ မဲရုံအမှတ် (၂၂) ရှိ ရဦဒဇုံဒမ်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါကျောင်းဆရာသည် ရေချိုးဆင်းရာမှ ရေထဲမျှောပါသွားသည်ဟု သက်ဆိုင်ရာ ဌာနများက မိဘများကို နိုဝင်ဘာ ၇ ရက်တွင် သတင်းပေးပို့ကြသော်လည်း ကွဲလွဲမှုများရှိနေပြီး ယနေ့အထိအဖြစ်မှန်မသိရသေးကြောင်း ပျောက်ဆုံးနေသူ၏ ဖခင် ဦးရဲမြင့်ထံမှသိရသည်။

“ရဲက နိုဝင်ဘာ ၅ ရက်မှာ ညနေရေချိုးသွားလို့ဖြစ်တယ်ဆိုပြီးပြောတယ်။ ပညာရေးကလာတာက နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီ ရေချိုးဆင်းလို့ဖြစ်တယ်။ နောက်သတင်းလာတာက ဓာတ်ပုံရိုက်လို့ ကျောက်တုံးပေါ်က လျှောကျတယ်။ ကမ်းပါးပြိုတယ်။ နောက်ဆုံးသိရတာကတော့ ကျောက်ဖျာပေါ်ကနေ ဓာတ်ပုံရိုက်လို့သူ့သူငယ်ချင်းက ဓာတ်ပုံရိုက်ဖို့လှည့်အကြည့်မှာ သူမရှိတော့ဘူးဆိုတဲ့ဟာပဲ” ဦးရဲမြင့်ကဆိုသည်။

ပျောက်ဆုံးနေသော ဆရာဦးရဲထွေးအောင်သည် စက်တင်ဘာ ၂၇ ရက်တွင် နေအိမ် ညောင်ကိုင်းကျေးရွာ၊ မိုးညှင်းမြို့မှ ပူတာအိုမြို့ကို ထွက်ခွာခဲ့ပြီး ပူတာအိုမှတဆင့် နောင်မွန်မြို့နယ် ပန်ဒန်ဒင်မြို့ကို သွားရောက်ခဲ့ခြင်းဖြစ်ကာ ပန်ဒန်ဒင်မြို့မှ အောက်တိုဘာ ၂၁ ရက်တွင် တာဝန်ကျမဲရုံသို့ ထွက်ခွာခဲ့ကြောင်း သိရသည်။

“ရေထဲကျတယ်ဆိုရင်လည်း အလောင်းကိုတွေ့အောင်ရှာပေးစေချင်တယ်။ အခုဟာက ဘာမှလည်းမတွေ့ဘူး။ ရေကျလို့သေသွားပြီ သူ့ရဲ့ပစ္စည်းတွေကိုလည်း ကျွန်တော်တို့ကိုအကြောင်းမကြားဘဲနဲ့ အမိန့်တော်ပြန်ပြီးမှ မဲရုံမှူးက ရေထဲမျှောချလိုက်ပြီ။ အဲ့တာတွေက ကျွန်တော်တို့မိဘတွေသိမှာစိုးလို့ အလျှင်စလိုလုပ်လိုက် သလိုဖြစ်နေတယ်။ အဲ့တာကို ကျွန်တော်တို့က အဖြေမှန်ဖြစ်အောင် သေတယ်ဆိုလည်း သေတယ် အလောင်း ကိုရအောင်ယူပေးပါ။ ဒါမှမဟုတ် အရှင်ရှိသေးတယ်ဆိုလည်း မိဘရပ်ထံရောက်အောင်အမြန်ဆုံးရောက်အောင် ပို့ပေးပါ” ဟု ဦးရဲမြင့်က ဆိုသည်။

၎င်းအတွက် မည်သည့်အဖွဲ့အစည်းမျှ လုပ်ရှားဆောင်ရွက်နေခြင်းမရှိကြောင်း၊ ထို့အတွက် တာဝန်ရှိသူများအနေဖြင့် တိကျလက်ခံနိုင်သည့်အဖြေတစ်ခုထိရသည်အထိ ရှာဖွေဖော်ထုတ်မှုများပြုလုပ်စေလိုသည်ဟု ၎င်း၏ မိသားစုများက ပြောသည်။

 

ကျောင်းဆရာ ဦးရဲထွေးအောင်သည် အသက် (၂၅) နှစ်ရှိပြီဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားတစ်ဦးဖြစ်ကာ ယခုနှစ်မှ ပညာရေးဝန်ထမ်းအဖြစ် နောင်မွန်မြို့နယ် တဆူထုကျေးရွာအလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာတစ်ဦးဖြစ်ကြောင်းသိရသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှုမှန်သိရှိရရေးအတွက် နောင်မွန်မြို့မြိုနယ်မှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုဧရိယာပြင်ပရောက်ရှိနေသဖြင့် အတည်ပြုမေးမြန်းနိုင်ခြင်း မရှိသေးပေ။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...