ရွေးကောက်ပွဲတွင် နေရာအများအပြားရှုံးနိမ့်ခဲ့သော်လည်း သိက္ခာရှိသည့်ရှုံးနိမ့်မှုဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဒွဲဘူကပြောသည်။
“ဒေသခံတွေက ရွေးကောက်ပွဲဆိုင်ရာ အသိပညာတွေ အားနည်းတယ်။ ဒါပေမဲ့ ကြိုးစားလို့လည်း နိုင်တဲ့နေရာတွေရှိနေတယ်။ မဲထည့်ပေးတဲ့သူ အများကြီးရှိပါတယ်။ ကချင်လူထုတင်မဟုတ်ဘူး။ တခြားတိုင်းရင်းသားတွေလည်း မဲထည့်ပေးကြတယ်။ အဲ့ဒီလို မဲထည့်ပေးလို့လည်း ကျွန်မတို့ သုညနဲ့မနေရဘူးပေါ့နော်။ သိက္ခာရှိစွာ ရှုံးတာပေါ့။ မဲရှုံးတယ်ဆိုတာကလည်း မဲပဲရှုံးတာလေ၊ ကျွန်မတို့က လူမရှုံးပါ ဘူး” ဟု ၄င်းကဆိုသည်။
ထို့ပြင် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ ကိုယ်စားလှယ်လောင်းအများအပြား ရှုံးနိမ့်ရခြင်းသည် ပါတီအကြောင်း မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများကလည်း တစ်ခုအပါအဝင်ဖြစ်ပြီး ငွေရေးကြေးရေးအခက်အခဲ၊ မဲဆွယ်ကာလအခက်အခဲနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာအားနည်းမှုများများကြောင့်ဖြစ်ကြောင်း ဒေါ်ဒွဲဘူက သုံးသပ်သည်။
ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လူနည်းစုဖြင့်သာ ပြုလုပ်ရသောကြောင့် အချိန်မလုံလောက်ခြင်း၊ ငွေရေးကြေးရေးအခက်အခဲကြောင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ပိုမိုတွင်ကျယ်အောင် မလုပ်ခဲ့နိုင်ခဲ့ခြင်းကြောင့် ပါတီကို လူသိနည်းပြီး ရှုံးနှိမ့်ခဲ့ရခြင်းဖြစ်ကြောင်း ဒေါ်ဒွဲဘူကပြောသည်။
"ကိုယ့်ပါတီကတော့ မနှစ်ကမှ ကချင်ပြည်နယ်ပြည်သူ့ပါတီဆိုတာ ဖြစ်လာတဲ့အခါကျတော့ လူမသိတာလည်း ဖြစ်နိုင်တာပေါ့။ ပြည်နယ်အခြေစိုက် ပါတီဖြစ်တယ်ဆိုတာလည်း မရှင်းလင်းနိုင်ဘူး။ နှစ်လအတွင်းမှာ လူအယောက် ၅၀ အောက်၊ ၅၀ အောက်ပဲတွေ့တဲ့အခါမှာ ဘယ်လိုမှ အချိန်ကာလအတွင်း မလောက်ဘူး။ အင်္ကျီပေးလို့ မဲထည့်မယ်ဆိုရင် ကျွန်မတို့က လူတိုင်းကိုပေးဖို့ မလုပ်နိုင်ဘူး။ ငွေကို သိန်းနဲ့ချီပြီး မလုပ်နိုင်ဘူး။ သောင်းဂဏန်းလောက်ပဲ လုပ်နိုင်တယ်" ဟု ၎င်းကပြောသည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း ရွှေ့ပြောင်းလာရောက်နေထိုင်သူများပြားလာပြီး လူဦးရေ ကွာဟမှုများလာခြင်းကလည်း ကိုယ်စားလှယ်လောင်း အများစုရှုံးနှိမ့်ခြင်းဖြစ်နိုင်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ခမ်းက ပြောသည်။
“ကျွန်တော်တို့ လူမျိုးလူဦးရေ ကွာဟမှုများသွားပြီး ရွှေ့ပြောင်းတွေက အလွန်တရားမှ နေရာယူပြီး လွှမ်းမိုးလာတဲ့အပိုင်းဖြစ်တယ်။ ပြီးတော့ ပါတီကို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ပုံစံ စွပ်စွဲတဲ့အပိုင်းတွေ အမျိုးမျိုးပေါ့” ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီကို ကချင်များနှင့်သာ သက်ဆိုင်သည့်ပါတီအဖြစ် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သည့် အခြားသောလူမျိုးများက ခံယူချက်များရှိနေခြင်းကြောင့်လည်း မဲရရှိမှုနည်းပါးခြင်းဖြစ် နိုင်ကြောင်း ကချင်လူငယ်များအဖွဲ့ကွန်ယက် အထွေထွေအတွင်းရေးမှူး ဒေါ်ဆွတ်ဆိုင်းထွယ်က ပြောသည်။
"ဒီနှစ်မှာ ကချင်ပြည်နယ်ရဲ့ ပြည်သူ့ပါတီဆိုပြီး ပေါ်ထွက်လာတယ်။ ကချင်ပြည်နယ်မှာ မှီတင်းနေထိုင်တဲ့ အခြားလူမျိုးတွေက ကချင်တွေနဲ့ပဲ သက်ဆိုင်တဲ့ ပါတီတစ်ခုလို့ပဲမြင်နေကြသေးတယ်။ ကချင်ပြည်နယ် ပြည်သူ့ပါတီက ကချင်တစ်ပြည်နယ်လုံးမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးအတွက်ပါဆိုတဲ့ ခံစားချက်မျိုး၊ ခံယူချက်မျိုး မရှိသေးတဲ့အတွက်လည်း ပြည်သူတွေအနေနဲ့ မဲပေးတာအားနည်းသွားတယ်လို့ မြင်ပါတယ်" ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းအများစု ရှုံးနိမ့်ခဲ့ရသောကြောင့် ပြည်သူလူထုအပေါ် တာဝန်မကျေဖြစ်ခဲ့သည့်အတွက် စိတ်မကောင်းမိကြောင်းနှင့် ပြည်သူများအတွက် လိုအပ်သည့် လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်ဒွဲဘူကပြောသည်။
“ပါတီနဲ့ပြန်ပြီး ဘာရှေ့ဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ရမှာပေါ့နော်။ ကချင်ညီမျှချင်းဂျိန်းဖော့ လုပ်ထားတဲ့ဟာကို ဆက်လုပ်သွားမယ်ပေါ့နော်။ ပြည်သူတွေအတွက် လုပ်ရမယ့်အလုပ်ပေါ့” ဟု ဒေါ်ဒွဲဘူက ပြောသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) သည် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၈) မြို့နယ်မှ ပြည်သူ့လွှတ်တော် (၁၈) နေရာ၊ အမျိုးသားလွှတ်တော ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၅ နေရာနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအပါအဝင် စုစုပေါင်း ၆၇ နေရာတွင် ဝင်ရောက်ယှဉ်ခဲ့ရာ မဲဆန္ဒနယ်သုံးခုမှ ကိုယ်စားလှယ်လောင်းလေးဦး အနိုင်ရရှိခဲ့ကြောင်း သိရသည်။