သံတောင်ကြီးတွင် NLD က သုံးနေရာ၊ KPP က တစ်နေရာအနိုင်ရ၊ မဲပေးမှုရာခိုင်နှုန်း ၂၀၁၅ ထက်နည်းပါးခဲ့

သံတောင်ကြီးတွင် NLD က သုံးနေရာ၊ KPP က တစ်နေရာအနိုင်ရ၊ မဲပေးမှုရာခိုင်နှုန်း ၂၀၁၅ ထက်နည်းပါးခဲ့
by -
စောထွန်းလင်း (KIC)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မဲဆန္ဒနယ် လေးနေရာတွင် NLD က သုံးနေရာ အနိုင်ရပြီး ကရင်ပြည် သူ့ပါတီ (KPP) က တစ်နေရာ အနိုင်ရခဲ့ကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်၏ အတည်ပြုထုတ်ပြန် ချက်အရ သိရသည်။

သံတောင်ကြီးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ မဲစာရင်းထုတ် ပြန်ချက်များအရ NLD ပါတီက  အမျိုးသားလွှတ်တော်တွင် နော်ခရစ္စထွန်း၊  ပြည်သူ့လွှတ်တော်တွင် စောဗစ်တာခလိုက်နှင့် ပြည်နယ် အမှတ် -၂ ဦးမောင်ထူး၊ KPP က ပြည်နယ် လွှတ်တော် အမှတ် ၁ တွင် စောခရစ္စတိုဖာ တို့အသီးသီးအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“ မနေ့က (နိုဝင်ဘာ ၉) ညနေ ၅ နာရီလောက်မှာ သံတောင်၊ ပသိချောင်းခန်းမမှာ မဲရေတွက်ပြီးတော့ သံတောင် ကြီး ရွေးကော်အဖွဲ့ခွဲက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ပုံစံ ၁၉ လည်း လက်မှတ်ထိုးပြီးသွားပါပြီး” ဟု အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိသွားသူ NLD ကိုယ်စားလှယ် နော်ခရစ္စထွန်းက ပြောသည်။

ကရင်ပြည်သူ့ပါတီအနေဖြင့် ယခင်က အနိုင်ရရှိထားသည့် ပြည်နယ် အမှတ် ၂ မဲဆန္ဒနယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားခြင်းမှာ ကယန်းအမျိုးသားပါတီနှင့် မဲကွဲသွားခြင်းကြောင့်ဖြစ်သည်ဟု ဒေသ ခံများက ပြောသည်။

သံတောင်ကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် မဲပေးမှုရာခိုင်နှုန်းမှာ ယခင် ၂၀၁၅ ရွေးကောက်ပွဲ၌ ၇၉ ဒသမ ၉၄ ရာခိုင်နှုန်းရှိသော်လည်း ယခုနှစ် ရွေးကောက်ပွဲတွင် ၆၄ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ထိုသို့ ရာခိုင်နှုန်း ကျဆင်းသွားခြင်းမှာ ကိုဗစ်ကာလဖြစ်သည့်အတွက် နေရပ်ပြန်မဲပေးရန်ခက်ခဲခြင်း၊ ဒေသတွင်း ဖာလာစေ့ ထွက်ရှိချိန် ဖြစ်သည့်အတွက် ဥယျဉ်ခြံအလုပ်သမားများ မဲပေးမှုနည်းသွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း နော်ခရစ္စထွန်းက ပြောသည်။

သံတောင်ကြီးတွင် ယခုနှစ်ရွေးကောက်ပွဲ၌ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၂ ထိန်းချုပ် နယ်မြေ ကျေးရွာအုပ်စု ရှစ်အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်တွင် ကနဦးသတင်းများအရ ပြည်သူ့လွှတ်တော် ခုနစ်နေရာတွင် NLD ကခြောက်နေရာ၊ USDP က တစ်နေရာ၊ အမျိုးသားလွှတ်‌တော် ၁၂ နေရာတွင် NLD က ၁၁ နေရာ၊ USDP က တစ်နေရာ၊ ပြည်နယ်လွှတ်တော် ၁၄ နေရာတွင် NLD က ၁၁ နေရာ၊ USDP က နှစ်နေရာ၊ KPP က တစ်နေရာ အနိုင်ရရှိထားပြီးဗမာတိုင်ရင်းသား ရေးရာနှင့် ပအိုဝ့်တိုင်ရင်းသားရေးရာတွင်တို့ NLD အနိုင်ရပြီး မွန်တိုင်းရင်းသားရေးရာတွင် မွန်ညီညွတ်ရေး ပါတီက အနိုင်ရထားသည်ဟု ဆိုသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...