ကချင်မဲဆန္ဒနယ်သုံးခုတွင် KSPP ပါတီကိုယ်စားလှယ်လောင်းလေးဦး အနိုင်ရရှိ

ကချင်မဲဆန္ဒနယ်သုံးခုတွင် KSPP ပါတီကိုယ်စားလှယ်လောင်းလေးဦး အနိုင်ရရှိ

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ်သုံးခုတွင် ကိုယ်စားလှယ်လောင်းလေးဦး အနိုင်ရရှိထားကြောင်းသိရသည်။

အဆိုပါ ပါတီအနေဖြင့် ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်၌ တစ်နေရာ နှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် နှစ်နေရာ၊ မိုးမောက်မြို့နယ်နှင့် ဆွမ်ပရာဘွမ်မြိုနယ်ရှိ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တို့တွင် တစ်နေရာစီ စုစုပေါင်း လေးနေရာတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ တွင် KSPP ဥက္ကဌ ဒေါက်တာမနမ်တူးဂျာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး အန်ဂျန်းယန်မြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦးလမာနော်အောင်၊ မိုးမောက်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ တွင် ဦးဆွတ်နောင်နှင့် ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ တွင် ဦးအင်ရှန်းဆန်အောင်တို့က အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်သူ့ပါတီ KSPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ခမ်းကပြောသည်။

"မကြားရသေးတဲ့ နေရာတွေရှိတယ်။ ဒါပေမယ့်ရာခိုင်နှုန်းက သိပ်မရှိဘူး။ ကျန်ရှိနေတဲ့ ခေါင်လန်ဖူး၊ ဆော့်လော်ပဲ ကျန်တော့တယ်။ ဘယ်လိုဖြစ်မလဲဆိုတာကို စောင့်ကြည့်နေတယ်" ဟု ဦးအောင်ခမ်းကပြောသည်။

KSPPပါတီသည် ကချင်နိုင်ငံရေးပါတီလေးခုပူးပေါင်းထားသည့်ပါတီဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ မြို့နယ်မှ ပြည်သူ့လွှတ်တော်တွင် ၁၈ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၃၅ နေရာနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာအပါအဝင် စုစုပေါင်း ၆၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...