၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားသော်လည်း ရခိုင်အမျိုးသားများအတွက် လွှတ်တော်ပြင်ပမှ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးနိုင်စိုးက ပြောသည်။
ဦးစိုးနိုင်သည် ၎င်းမဲဆန္ဒနယ်တွင် ရခိုင်အမျိုးသားပါတီ ANP မှ ဦးထွန်းထွန်းအောင်အားရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး စစ်တွေမြို့နယ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တစ်ခုတည်းသော မဲပေးပိုင်ခွင့်ရှိသည့်မြို့နယ်ဖြစ်သည်။
ဦးနိုင်စိုးက “ကျွန်တော်ရှုံးပါတယ်။ ကျွန်တော်လွှတ်တော်ထဲကို မရောက်ရှိခဲ့ဘူးရှိပေမယ့် ပြည်သူတွေအတွက် ကျနော်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အများကြီးလုပ်ဆောင်ပေးသွားမယ်။ နောက်လာမည့် ရခိုင်အနာဂတ် အတွက် လည်း ကျွန်တော်အများကြီးလုပ်ဆောင်သွားမယ်။ ဥပမာအားဖြင့် ကျွနတော်အနေနဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ် ဆက်လုပ်သွားဖို့ရှိတယ်။ ကျွန်တော့်မှာရှိတဲ့ လူငယ်တွေကို ရခိုင်နိုင်ငံရေးမျိုး ဆက်သစ်တွေအနေနဲ့ ပြုစုပျိုးထောင်သွားမယ်။ အင်္ဂလိပ်စာပဲဖြစ်ဖြစ်၊ ကွန်ပြူတာပဲဖြစ်ဖြစ်၊ အဲဒါတွေကို လူငယ်တွေကို သင်းပေးသွားမယ်။ တချို့နေရာတွေမှာဆိုရင် ပြည်သူတွေအတွက် လိုအပ်ရင် လိုအပ်သလိုတော့ လုပ်ဆောင်သွားဖို့ရှိတယ်။” ဟုပြောသည်။
ရွေးကောက်ပွဲတွင်ရှုံးနိမ့်ခဲ့သော်လည်း ထောက်ခံအားပေးခဲ့သူများကို ကျေးဇူးတင်ကြောင်း ဦးနိုင်စိုးက ပြော သည်။
ဦးစိုးနိုင်သည် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလောင်းများဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီ ANP မှ ဦးထွန်းထွန်းအောင်၊ ရခိုင်ဦးဆောင်ပါတီ (AFP) မှ ဦးသန်းထွန်း၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ဦးကျော်စိုးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးမောင်ငြိမ်းတို့အား ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။
စစ်တွေမြို့နယ်သည် မဲရုံပေါင်း ၁၀၈ ရုံနှင့် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၁၀၇၂၃၂ ဦးရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိ၍ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တော၊ ကျောက်တော်၊မင်းပြား၊မြေပုံနှင့် မြောက်ဦးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိသည့်အပြင် ကျောက်ဖြူမြို့နယ်မှ ရပ်ကွက် နှစ်ခု၊ကျေးရွာအုပ်စု ၄၉ အုပ်စု၊အမ်းမြို့နယ်မှ ရပ်ကွက် သုံးခု၊ကျေးရွာအုပ်စု၂၅ အုပ်စု၊ စစ်တွေ မြို့နယ်မှ ကျေးရွာအုပ်စု လေးအုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ရပ်ကွက်၊ကျေးရွာ အုပ်စု ၅၂ အုပ်စုတို့တွင်ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်း မရှိပေ။
ထို့သို့ ရွေးကောက်ပွဲမကျင်းပဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ဆယ့်ခြောက်သိန်း လေးသောင်းကျော်ရှိသည့်အနက် တစ်ဆယ့်နှစ်သိန်းကျော် မဲပေးခွင့်ဆုံရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။