တောင်ကြီးမြို့၊ စဝ်ဝံထွန်းရပ်၊ နယ်မြေ (၇)၊ သပြေလမ်းရှိ မဲရုံအမှတ် (၃) တွင် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်နှင့် မဲပေးသူကြား အငြင်းပွားမှု နိုင်ဝင်ဘာ ၈ ရက်နေ့နံနက် ၆ နာရီ ၃၀ ဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗမာတိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်ထားကြသော ဦးမြတ်ကိုကိုအောင်၊ အင်းတိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်ထားကြသော ဒေါ် ဝေဝေအောင်နှင့် နောက်ထပ် အမျိုးသမီးတစ်ဦးတို့သည် လွှတ်တော်သုံးရပ်အတွက် မဲလက်မှတ်သုံးစောင်သာရရှိပြီး တိုင်းရင်းသားရေးရာအတွက် မဲလက်မှတ်မရရှိသောကြောင့် မဲရုံတာဝန်ကျသူများနှင့် အငြင်းပွားမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ အငြင်းပွားမှုနဲ့ပတ်သက်ပြီး “ကျွန်တော် လေးခုထည့်ရမှာ အခု သုံးခုပဲထည့်ခွင့်ရှိတယ်။ နိုင်ငံသားအခွင့်အရေးဆုံးရှုံးတယ်။ မဲရုံမှုးဆိုတဲ့လူက နားမလည်ပါးမလည်လုပ်တယ်။ မဲရုံမှူးကိုသွားပြောတယ်။ ဘာမှတာဝန်မယူနိုင်ဘူးတဲ့။ ဘာမှတာဝန်မယူနိုင်ရင် ဘာလို့ မဲရုံမှူးလုပ်နေသေးလဲ” ဟု ဦးမြတ်ကိုကိုအောင်ကပြောသည်။
အဆိုပါအငြင်းပွားမှုအား မြို့နယ်ကော်မရှင်မှ လာရောက်ဖြေရှင်းပေးသော်လည်း အဆိုပါအငြင်းပွားသူများအနေနှင့် မဲသုံးစောင်သာပေးခွင့် ရခဲ့ကြောင်းသိရပြီး အထက်ပါ အငြင်းပွားမှုနှင့်ပတ်သက်၍ မြို့နယ်ကော်မရှင်ကို သတင်းမီဒီယာများမှ မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေရှင်းပေးခြင်းမရှိခဲ့ပေ။
မဲသုံးစောင်သာပေးခဲ့ရမှုနှင့်ပတ်သက်၍ ဒေါ်ဝေဝေအောင်က “ကျွန်မက အင်းတိုင်းရင်းသားဖြစ်တဲ့အတွက် မဲလေးခု ပေးရမှာဖြစ်တယ်။ဒါပေမဲ့ အခု ကျွန်မပေးချင်တဲ့ပါတီအတွက် မဲတစ်ခုလျော့သွားပါတယ်” ဟုပြောသည်။
စဝ်စံထွန်းရပ်ကွက်သည် မဲရုံခြောက်ရုံရှိပြီး မဲစာရင်းအရ မဲပေးခွင့်ရှိသူ ၇၂၈၀ ဦးရှိသည်။