မော်လမြိုင်မြို့ရှိ မန္တလေးရပ်ကွက်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပါတီတစ်ခုကိုလက်ညှိုးထိုး၍ မဲထည့်ခိုင်းသည်ဟုဆိုကာ မွန်ညီညွတ်ရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝဏ္ဏစိုးက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ နိုဝင်ဘာ ၅ ရက်က ကန့်ကွက်စာတင်လိုက်ကြောင်း သိရသည်။
ဦးဝဏ္ဏစိုးက “ဒီအချိန်မှာ သင်ကြားရမဲ့အချိန် မဟုတ်ဘူး။ အဲ့လိုသင်ကြားပြီးတော့သာ ပေးရမယ်ဆိုရင် ပယ်မဲဆိုတာ ဖြစ်လာစရာကိုရှိတော့မှာ မဟုတ်ဘူး။ နောက်တစ်ခုက သူ့ရဲ့အနောက်မှာ အိမ်သားတွေရှိတယ်။ ဥပဒေမှာ အဓိကျတာက မဲပေးတဲ့သူမလုပ်နိုင်ရင် အိမ်သားက လုပ်ပေးရမယ်။ ကော်မရှင်ဟာ အတက်နိုင်ဆုံး အဝေးကြီးမှာနေရတယ်”ဟုပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ Stay at Home သတ်မှတ်ထားသော မော်လမြိုင်မြို့တွင် အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်များထံမှ နိုဝင်ဘာ ၃ ရက်က ကြိုတင်မဲကောက်ယူစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဗီဒီယိုသည် လူမှုကွန်ရက်တွင်ပြန့်နှံ့လျက်ရှိသည်။
သို့သော်လည်း ထိုလက်ညှိုးထိုးမဲထည့်ခိုင်းခဲ့သည့် ရပ်ကျေးကော်မရှင် အဖွဲ့ဝင်မှာ မည်သည့်ပါတီကို ထောက်ပြပြီးမဲပေးခိုင်းခဲ့သည်ကိုမသိရှိကြောင်းဦးဝဏ္ဏစိုးကပြောသည်။
“သူ့ဟာသူ ဘယ်ကိုညွန်ပြလဲဆိုတာတော့ ကျနော်မသိဘူး။ မွန်ပါတီကိုပြတာလား။ NLD ကိုပြတာလား။ ကြံခိုင်ရေးကိုပြတာလားဆိုတာ အဲ့တာတွေကို မဆိုလိုဘူး။ အဓိကတော့ ကော်မရှင်သည် ကော်မရှင်လုပ်ရပ်နဲ့ ညီအောင်နေရမယ်၊ မညီတာကိုတော့ ကျွန်တော် ကန့်ကွက်တယ်” ဟု ၎င်းကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မော်လမြိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မန္တလေးရပ်ကွက် စားရေးကို ခေါ်ယူမေးမြန်းထားပြီး စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်များကို သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
“မန္တတလေးရပ်က စားရေးကိုခေါ်ပြီး တွေ့ပြီးပြီ။ ဗီဒီယို ဖိုင်ကတော့ ကျွန်တော်တို့ဆီကိုတော့ တက်မလာဘူး။ စားရေးကိုခေါ်ပြီးမေးကြည့်တော့ မဲလက်မှတ်အပေါ်လက်ညှိုးထိုးတာမဟုတ်ဘူးတဲ့။မဲလက်မှတ်ဖြတ်ပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းပြနေတာပါတဲ့” ဟု မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဌေးလွင် ကပြောသည်။
မော်လမြိုင်မြို့တွင် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့ထိ အသက် ၆၀ နှင့်အထက်များကို အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ခံခဲ့ပြီး မဲဆန္ဒရှင် နှစ်သောင်း ခုနစ်ထောင်ကျော် ကြိုတင်ဆန္ဒမဲပေးပြီး ကြောင်း သိရသည်။