မွန်ညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ယဉ်စုစုကြည်နှင့်အင်တာဗျူး

မွန်ညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ယဉ်စုစုကြည်နှင့်အင်တာဗျူး
by -
စိုင်းထွန်းစံ (MNA)

ယနေ့နိုင်ငံရေးဖြစ်စဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာပြီး ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ယခင်ထက် ပိုမိုပါဝင်လာကြောင်းသိရသည်။ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာကြောင်းသိရသည်။ထို့ကြောင့် ၎င်းတို့၏ နိုင်ငံရေးခံယူချက်များ၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မျှော်လင့်ချက်များ၊ ရွေးကောက်ပွဲအနိုင်ရရှိပါက လုပ်ဆောင်မည့်အရာများကို သိရှိစေရန် မွန်ညီညွတ်ရေးပါတီမှ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ယဉ် စုစုကြည်အား ယခုလို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး။ ။ ကျိုက်ထိုမှာ မွန်ညီညွတ်ရေးပါတီကိုဝန်းရံတဲ့ အနေအထားက ဘယ်လိုရှိသလဲ။ အားရရဲ့လား။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် မွန်အင်အား အရမ်းနည်းပါတယ်။ မွန်လူဦးရေနည်းတယ်။ အဲ့အခါကျ တော့ ဘယ်လိုမျိုးအနေနဲ့ သွားရလဲဆိုတော့ ကရင်တိုင်းရင်းသားတွေရဲ့ ဝန်းရံအားပေးမှုကို အဓိကအနေနဲ့ယူ တယ်။ သူတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ဝန်းရံပေးဖို့ကိုလည်း သူတို့ကူညီကြပါတယ်။

မေး။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေအတွက် ရွေးကောက်ပွဲကတိက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ စည်းရုံရေးဆင်းခဲ့တဲ့ ရွာတွေမှာဆိုရင် အများကြီးတွေ့ခဲ့ရတယ်။ နိုင်ခဲ့လို့ရှိရင် ပြည်သူတွေကြားထဲကို ထဲထဲဝင်ဝင်သွားပြီးတော့လိုအပ်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့အတွက် ဒီဒေသမှာ စိုက်ပျိုးရေးအတွက်ဆိုရင် ပညာရှင်တွေခေါ်ဆောင်ပြီးတော့ ပြည်သူတွေနဲ့ဆွေးနွေးပွဲတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တာတွေဆိုရင်လဲ အသိပညာပေးတာတွေ လုပ်ဆောင်ပေးချင်တယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်လို့ လိုအပ်ချက်တွေရှိရင် တခါထတည်းအဲ့မှာ တစ်ခါထဲဆွေးနွေစေချင်တယ်။ အဲ့လိုတွေ့ဆုံဆွေးနွေးပွဲတွေကို မကြာခဏ လုပ်ပေးချင်ပါတယ်။ အဲ့လိုဆန္ဒတွေရှိတာကြောင့် လုပ်ပေးနိုင်အောင်ကြိုးစားမယ်လို့ ကတိကဝတ်တွေ ပေးခဲ့ပါတယ်။

မေး။ ။ ကျန်းမာရေးနဲ့ပတ်သက်ရင် နယ်ဘက်တွေမှာ အတော်အားနည်းနေတဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့် ကိုယ့်ဒေသမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ အာနည်းချက်တွေကို ဘယ်လိုတွေဖော်ဆောင်သွားမလဲ။

ဖြေ။ ။ ကျိုက်ထိုမြို့နယ်မှာဆိုရင် မြို့နယ်ပြည်သူ့ဆေးရုံရှိတယ် ရှင်းရှင်းပြောရရင် ဆေးရုံကို ဒီထက်အဆင့်မြင့်တဲ့ဟာမျိုး လုပ်စေချင်တယ်။ ခုဆိုကိစ္စကြီးတယ်ဆိုရင် သထုံကိုလွှတ်ရတာတို့၊ မော်လမြိုင်သွားရတာတို့၊ ရန်ကုန်ကိုတက်ရတာတို့ စသဖြင့် အခက်အခဲတွေနဲ့ လွှဲတာတွေများတယ်။ အဲ့လိုမျိုးမလွှဲပဲနဲ့ ဒီနေရာမှာပဲ ကုသပေးနိုင်တဲ့စနစ်မျိုးကို လုပ်ဆောင်ပေးချင်ပါတယ်။

မေး။ ။ အမျိုးသမီး ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ ဒေသခံအမျိုးသမီးအတွက် ဘာတွေလုပ်ဆောင်ပေးဖို့ အစီအစဉ်ရှိလဲ။

ဖြေ။ ။ အခုတွေ့နေရတာကတော့ အမျိုးသမီးတချို့ နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုခံနေရတယ်။ အဲ့လိုနည်းမျိုးစုံနဲ့ အကြမ်းဖက်ခံနေရတာတွေကို ကာကွယ်ပေးဖို့လိုတယ်။ တချို့တွေက ကိုယ်အကြမ်းဖက်ခံနေရတာကိုတောင် ခံနေရမှန်းမသိဘူး။ ကျွန်မတို့တောင် အခုမှသိတယ်။ ဒါတွေဟာ တိုင်တန်းလို့ရတယ်ဆိုတာ အမျိုးသမီးတွေကိုယ်တိုင် မသိကြဘူး။ အကြမ်းဖက်မှုဆိုတာ သူတို့မသိကြဘူး။ သူတို့တွေသေချာသိရှိဖို့အတွက် များများလေး လုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ သူတို့ကိုကာကွယ်မယ့် ဥပဒေတွေ၊ နည်းဥပဒေတွေကို များများသိအောင် သတင်းပေးဖို့က အရေးကြီးပါတယ်။

မေး။ ။ ကလေးသူငယ်တွေနဲ့ လူငယ်အရေးအတွက် ဘာတွေလုပ်ဆောင်သွားမလဲ။

ဖြေ။ ။ ကလေးသူငယ်တွေဆိုရင် အဓိကတော့ ဘာသာရေးလေးတွေနဲ့ ဆုံးမသွန်သင်မယ်ဆိုရင် ပိုပြီးတော့ လွယ်ကူမယ်ထင်တယ်။ အိမ်တွေမှာဘဲဖြစ်ဖြစ် ဒီကလေးတွေကို စတင်ကြီးထွားချိန်မှာ သူ့ရဲ့ဘာသာအလိုက် ဆုံးမမှုလေးတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ လူငယ်တွေကို မူးယစ်ဆေးဝါးအန္တ္တရာယ် သုံးစွဲမှုကို အသိပညာပေးလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ်လုပ်မယ် မသုံးစွဲဖို့၊ သုံးစွဲလို့ တချို့တွေဆိုရင် မိဘတွေရော အိမ်တစ်အိမ်မှာ ကလေးတစ်ယောက် မူးယစ်ဆေးစွဲနေပြီးဆို သူ့ရဲ့မိသားစုက လုံးဝပူလောင်နေပြီလေ ဘယ်မှဖျက်ချင်တာလဲ မူးယစ်ဆေးဖျက်တဲ့ စင်တာတွေကို တွင်တွင်ကျယ်ကျယ်ထားပေးမယ်ဆိုရင် ဒီပြသနာတွေကို အထိုက်အလျောက်ဖြေလျောပေးနိုင်မယ်လို့ ထင်ပါတယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။ ။ မွန်ညီညွတ်ရေးပါတီဆိုပေမဲ့ ဒီဒေသမှာရှိတဲ့ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတာပါ။ ဒေသမှာရှိတဲ့ မိဘပြည်သူတွေအတွက် အလုပ်လုပ်ပေးချင်တဲ့ ကိုယ်စားလှယ်တွေပါလို့ မိတ်ဆက်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ မဲပေးတဲ့အခါမှာ ပယ်မဲတွေမဖြစ်အောင် တက်နိုင်သလောက် အသိတွေပေးခဲ့ပါတယ်။

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...