မော်လမြိုင်မဲရုံတစ်ခုတွင် အယောင်ဆောင်မဲပေးမှုဖြစ်ပွား

မော်လမြိုင်မဲရုံတစ်ခုတွင် အယောင်ဆောင်မဲပေးမှုဖြစ်ပွား
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဖွင့်လှစ်ထားသည့်မဲရုံ၌ အယောင်ဆောင်မဲပေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါမဲရုံတွင် အမျိုးသားတစ်ဦးသည် ၎င်း၏ညီဖြစ်သူ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားနှင့် မဲစားရင်းအမှတ်စဉ်ကိုဖော်ပြ၍ ဆန္ဒမဲပေးခွင့် တောင်းဆိုမဲပေးမှုတစ်ခု နိုဝင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူဒေသခံ ဦးဖေဝင်းက ပြောသည်။

အယောင်ဆောင်မဲပေးမှုနှင့်ပတ်သက်၍ မျက်မြင်တွေ့ရှိသူဒေသခံ ဦးဖေဝင်းက “ပြီးခဲ့တဲ့ရက်က သူ့ညီရဲ့ မှတ်ပုံတင်ကဒ်ပြားနဲ့ ကုဒ်နံပါတ်လာတောင်းတယ်။ အဲနေ့ကတည်းကအယောင်ဆောင်မှန်းသိတယ်။ နောက်နေ့ မဲလာထည့်တော့ ဒါမင်းနာမည် မဟုတ်ဘူးလို့လည်းပြောရော မဲထည့်ဖို့ တောင်းထားပြီး ဟိုငြင်းဒီငြင်းနဲ့။ မနေ့ထဲက ဘာလို့မကန့်ကွက်လဲဆိုပြီး မေးသေးတာ။ သူခိုးဖမ်းပါတယ်ဆိုမှ မနေ့ထဲက ကန့်ကွက်လိုက်ရင် မခိုင်လုံဘူးလေ” ဟု ပြောသည်။

လက်ရှိတွင် အယောင်ဆောင်မဲပေးသူကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားဆွဲမည်ဟုသိထားကြောင်း ယင်းမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဟိန်းပိုင်ထူးချစ်ကပြောသည်။

ဒေါက်တာဟိန်းပိုင်ထူးချစ်က “ဒါက အရင်ရက်ကဖြစ်တာ။ အခုကျတော့ ဒါကိုဖော်ထုတ်လိုက်တယ်။ ပြီးတော့ပြသနာဖြစ်ကြတော့ ခရိုင်ကော်မရှင်ကလာပြီး အကုန်လုံးအထဲမှာ အစည်းဝေးထိုင်ကြတယ်။ ခုနောက်ဆုံး အဲ့ဒီမဲထည့်သွားတဲ့သူကို တရားဆွဲမယ်။ မြို့နယ်ကနေပြီးဆွဲမယ်လို့ ကြားတယ်” ဟု ပြောသည်။

အဆိုပါ မဲလာရောက်ပေးသူသည် ဥပဒေကို နားမလည်ခြင်းကြောင့် ကျူးလွန်ခြင်းဖြစ်သော်လည်း မော်လမြိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ ဥပဒေအရ အရေးယူဆောင်ရွက်ရန် ညွန်ကြားထားသည်ဟု ဆိုသည်။

“ကော်မရှင်ကို အကြောင်းကြားတော့ ဒါဟာ အယောင်ဆောင်မဲပေးမှုပေါ့။ ရပ်ကျေးကော်မရှင်ကိုလည်း ညွန်ကြားလိုက်ပြီး ရဲစခန်းမှာရော အမှုဖွင့်လိုက်ပြီ” ဟု မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဌေးလွင်ကပြောသည်။

အဆိုပါအယောင်ဆောင်မဲပေးသူကို ယခုအခါ ပုဒ်မ ၅၉ (ဇ) ဖြင့် ရဲစခန်းတွင်အမှုဖွင့်ထားပြီး ကျူးလွန်ကြောင်းပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ကျပ်တစ်သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သောပုဒ်မဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...