ရခိုင်တွင် ရွေးကောက်ပွဲကျင်းပရန် နယ်မြေတချို့ထပ်တိုးခြင်းက ပြည်ခိုင်ဖြိုးအားလွှတ်တော်၌ နေရာရရှိရေး ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်

ရခိုင်တွင် ရွေးကောက်ပွဲကျင်းပရန် နယ်မြေတချို့ထပ်တိုးခြင်းက ပြည်ခိုင်ဖြိုးအားလွှတ်တော်၌ နေရာရရှိရေး ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပရန် နယ်မြေတချို့ ထပ်တိုးလိုက်ခြင်းသည် ပြည်ခိုင်ဖြိုးအားလွှတ်တော်၌ နေရာရရှိရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့က သုံးသပ်ပြောကြားခဲ့သည်။

“UEC က ထပ်တိုးလိုက်တဲ့နယ်မြေတွေကတော့ တပ်မတော်လွှမ်းမိုးမှုရှိတဲ့ နယ်မြေတွေဖြစ်တယ်။ နောက်ထပ်တိုးလိုက်တာကလည်း သံသယဖြစ်စရာရှိတယ်။ ဘာကြောင့်လည်းလို့ပြောရင် အမ်းလို့နေရာမျိုးမှာ ကြံခိုင်ရေးက ၂၀၁၀ မှာလည်းနိုင်တယ်။ ၂၀၁၅ မှာလည်းနိုင်တယ်။ ဒါကြောင့် တပ်နယ်မြေတွေဖြစ်တဲ့အတွက် ကြံခိုင်ရေးကလည်း လွှတ်တော်ထဲမှာ သူနေရာရရှိရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့သူတို့အစီအစဉ်ပေါ့။ စနစ်တကျလုပ်ထားတဲ့အရာဖြစ်တယ်။ ဒီအတွက် ကျောက်ဖြူနဲ့အမ်းမှာ ထပ်တိုးတဲ့နေမြေတွေက တပ်အများစုပေါ့။ ဒါပေမယ့် ကြံခိုင်ရေးရနိုင်ခြေရှိလားဆိုတာကတော့ ကျွန်တော်တို့လည်း စောင့်ကြည့်ရဦးမှာပေါ့။ ယတိပြတ်ပြောလို့တော့ မရသေးဘူးပေါ့” ဟု ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင် ဦးခိုင်ကောင်းစံ ကပြောသည်။

UEC ၏ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများထုတ်ပြန်ခြင်းနှင့် နယ်မြေတချို့အား ယင်းစာရင်းမှပယ်ဖျက်ခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်တွေဟိုတယ်တွင် နိုဝင်ဘာ ၄ ရက်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ကြိုတင်မဲသုံးသောင်းခန့်ရှိခဲ့ပြီး မဲအများစုသည် တပ်မတော်နှင့် တပ်မိသားစုဝင်များ၏မဲများဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်တွင် မဲဆန္ဒနယ်အပြည့်ကျင်းပမည်ဆိုပါက တပ်မတော်၏ကြိုတင်မဲ ငါးသောင်းခန့်ရှိမည်ဖြစ်ကြောင်း ဦးခိုင်ကောင်းစံက ဆက်လက်ပြောသည်။

UEC အနေဖြင့် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲလုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ် ကိုးမြို့နယ်၊ မြို့နယ် လေးမြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၇ အုပ်စုရှိကြောင်း အောက်တိုဘာ ၁၆ ရက် ကြေညာခဲ့ပြီး သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထပ်မံစိစစ်တင်ပြချက်များအရ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်မှ ကျေးရွာအုပ်စု သုံးခု၊ အမ်းမြို့နယ်မှ ကျေးရွာအုပ်စု လေးခုကို ရွေးကောက်ပွဲမကျင်းပနိုင်သည့်စာရင်းမှ ပြန်လည်ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် စာရင်းမှ ပယ်ဖျက်ခဲ့သည့် ကျေးရွာအုပ်စုများမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ ဂုံချိန်ကျေးရွာအုပ်စု၊ စစ်တောကျေးရွာအုပ်စု၊ အဝတောင်ကျေးရွာအုပ်စုနှင့် အမ်းမြို့နယ်မှ အမ်းမြောက်ကျေးရွာအုပ်စု၊ အောက်ကျေးရွာအုပ်စု၊ လုံးကောက်ကျေးရွာအုပ်စု၊အမ်းတောင်အုပ်စုကျေးရွာတို့ဖြစ်ပြီး ထိုနယ်မြေများသည် တပ်ဧရိယာများဖြစ်သဖြင့် ရွေးကောက်ပွဲတွင် ပွင့်လင်းမြင်သာမှု ရှိ/မရှိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင် ဦးစိုးလင်းကပြောသည်။

အဆိုပါ ရွေးကောက်ပွဲမကျင်းပနိုင်သည့်စာရင်းမှ ပယ်ဖျက်ခဲ့သည့် ကျေးရွာအုပ်စုများသည် တပ်နယ်မြေများဖြစ်သဖြင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်လောင်းများက ယခင်ကတည်းက ဝေဖန်ပြောဆိုမှုများ ရှိနေခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...