ပေါင်မြို့နယ်က ရေလုပ်သားတစ်ထောင်ခန့် မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိနေ

ပေါင်မြို့နယ်က ရေလုပ်သားတစ်ထောင်ခန့် မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိနေ
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ ဝဲပတန်ကျေးရွာတွင် နေထိုင်ကြသည့် ရေလုပ်သားများနှင့် လှေရှင်များက  ကြိုတင် ဆန္ဒမဲပေးခွင့်ပြုရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ တောင်းဆိုထားကြောင်း သိရသည်။

 

အဆိုပါရေလုပ်သားများနှင့် လှေရှင်များအနေဖြင့် ယခုရက်ပိုင်းအတွင်းပင်လယ်ပြင်သို့ ငါးဖမ်းထွက်ရမည်ဖြစ်သဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့်ရရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရသည်။

ရေလုပ်သားများအနေဖြင့် ရွေးကောက်ပွဲနေ့မှသာ မဲပေးလိုသော်လည်း ကိုယ်ပိုင်လုပ်ငန်းမဟုတ်ခြင်း၊ မိသားစုစားဝတ်နေရေးအတွက် အလုပ်ရှိသည့်အချိန် လုပ်ဆောင်ရခြင်းတို့ကြောင့် ကြိုတင်မဲပေးခွင့်သတ်မှတ် ထားသည့်ရက်နှင့် ရွေးကောက်ပွဲကျင်းပမည့်ရက်တို့တွင် ပင်လယ်ပြင်သို့ ထွက်ခွာရမည်ဖြစ်ခြင်းကြောင့် ခြွင်း ချက်အနေဖြင့် ခွင့်ပြုပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

“လှေထွက်သွားမယ်ဆိုရင် ၁၅ ရက်လောက်ကြာတယ်။ ပြန်လာရင်မမှီတော့ဘူး။ သူတို့ကတော့ခု ကြိုတင်မဲကို သက်ကြီးပိုင်းတွေကိုပဲ လုပ်ပေးသေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့လို ငယ်ရွယ်တဲ့သူတွေက ပေးလို့မရသေးဘူးလို့ မဲရုံကပြောတယ်။ သူများ အလုပ်ကို လုပ်ရတာဆိုတော့ ထွက်ရမယ်ဆိုထွက်ရတယ်လေ” ဟု ရေလုပ်သားတစ်ဦး၏ ဇနီးဖြစ်သူ မမိချိုက ပြောသည်။

ထို့ပြင် ရေလုပ်သားများသည် ပင်လယ်ပြင်ကို ငါးဖမ်းထွက်သည့်အချိန်မှာ ရေတက်၊ရေကျ ရက်များတွက်ချက် ထွက်ရခြင်းဖြစ်ပြီး ထိုရက်များသည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှသတ်မှတ်ထားတဲ့ ကြိုတင်မဲပေးခွင့်ရရှိမည့် နိုဝင်ဘာ ၆ ရက် နှင့် ၇ ရက်နေ့များဖြင့် တိုက်နေခြင်းကြောင့် ရေလုပ်သား တစ်ထောင်ခန့်မဲပေးခွင့် ဆုံးရှုံနိုင် ကြောင်း သိရသည်။

“ကျွန်တော်က အခုလက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ မဲဆန္ဒနယ်လည်းဖြစ်တယ်၊ ပြည်သူတွေအခက်အခဲဖြစ်နေတဲ့အပေါ် သွားပြီးတော့ တွေ့တော့ အဓိကဖြစ်နေတာ လှေက ရေချိန်ပေါ်မူတည်ပြီး ဝင်ထွက်လုပ်ရတာ” ဟု လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးထွန်းမင်းအောင် က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှထုတ်ပြန်ထားသည့် သတ်မှတ်ချက်အရ မဲဆန္ဒနယ်ကျော်လွန်၍ ခရီးဝေး သွားသူများအနေဖြင့်  ကြိုတင်မဲကို ရွေးကောက်ပွဲ မကျင်းမမှီ နှစ်ရက်အလိုမှ ပေးခွင့်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဘက်ကတော့ သူတို့ကို သတ်မှတ်ထားတဲ့ ရက်မှာ ကြိုတင်မဲပေးခွင့်ရအောင် ခွင့်ပြုထားပေးတယ်။ ကျန်တာတော့ကတော့ ဆောင်ရွက်ပေးလို့မရဘူး သတ်မှတ်ထားတဲ့ နည်းဥပဒေအတိုင်းသာ ပြုလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ” မွန်ပြည်နယ် သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးသက်နိုင်ဦးကပြောသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၁၂၀၀၀၀ ရှိရာတွင် ရေလုပ်သားဦးရေ ၂၀၀၀ ကျော်ပါဝင်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...