လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးလှုပ်ရှားခွင့်ရရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့နှင့်မသက်ဆိုင်သည့် နေရာများတွင် ဝင်ရောက်နေရာယူခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများမပြုလုပ်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပါကလည်း အမြန်ဆုံး ပြန်လည်ထွက်ခွာရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့သည်။
ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ EAOs အဖွဲ့များနှင့်ပတ်သက်သော သဘောထားကြေညာချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ ရက်က ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ယင်းကြေညာချက်တွင် ယခင်က မြို့နယ်ကိုးမြို့နယ်သာ ရွေးကောက်ပွဲမကျင်းပနိုင်သော်လည်း ယခုအခါ မြို့နယ် ၁၅ မြို့နယ်နှင့် အချို့မြို့နယ်များ၏ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ နှောင့်ယှက်ဖိအားပေးမှုကြောင့် အချို့ဒေသများ၌ ဒီမိုကရေစီအတွက် အရေးပါသည့် တိုင်းရင်းသားပြည်သူများ၏ မဲပေးခွင့်များလည်း ဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်ကျင်းပမည့် ရွေးကောက်ပွဲတွင် အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်ဒေသများ၌ ကြားဖြတ်ရွေးကောက်ပွဲကို လုံခြုံချောမွေ့စွာဖြင့် စောလျင်စွာ ကျင်းပနိုင်လိမ့်မည်ဟု တပ်မတော်က မျှော်လင့်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထာဝရငြိမ်းချမ်းရေးအား ၂၀၂၀ ပြည့်နှစ်တွင် ပြည်သူ့လက်ဝယ်အရောက် အပ်နှင်းမည်ဟု တပ်ချုပ်၏ ကတိပေးစကား ဖြစ်မလာမှုနှင့်ပတ်သက်၍လည်း အဆိုပါထုတ်ပြန်ချက်တွင် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် EAOs များက စိတ်ဆန္ဒပြင်းပြမှသာ စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိမည်ဖြစ်ပြီး ပကတိအခြေအနေတွင် EAOs အချို့က အင်အားတည်ဆောက်၍ ငြိမ်းချမ်းရေးကို နှောင့်နှေးစေသည့် အပြုအမူများ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရှိရကာ ထိုသို့ ပြုမူလုပ်ဆောင်မှုများကြောင့် ငြိမ်းချမ်းရေးအတွက် နှောင့်နှေးမှုဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။
ငြိမ်းချမ်းရေးပတ်သက်၍ ၎င်းထုတ်ပြန်ချက်တွင် လက်ရှိအစိုးရကို ဝေဖန်ထားပြီး ယခုအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) ဟု အမည်ပြောင်းလဲကျင်းပနိုင်ခဲ့သော်လည်း ငြိမ်းချမ်းရေးအတွက် သိသာထင်ရှားသော အောင်မြင်မှုများရရှိခြင်း မရှိသေးသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးများနေထိုင်ရာဒေသများ၌ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးတို့နှင့်ပတ်သက်၍ ပေါ်ပေါက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တပ်မတော်အစိုးရလက်ထက်အပါအဝင် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရန် ခေတ်အဆက်ဆက်အစိုးရများ၏ ကြိုးပမ်းဆောင်ရွက်မှုအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များ၏ ငြိမ်းချမ်းရေးရရှိရန်အတွက် စိတ်ဆန္ဒပြင်းပြမှုပေါ်တွင်လည်း များစွာမူတည်ကြောင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီနစ်ကို စတင် အသွင်ကူးပြောင်းခဲ့သည့် အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးခဲ့ကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျင်းပနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Published
Tuesday, November 03, 2020
လွတ်လပ်မျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မိမိတို့နှင့်မသက်ဆိုင်သည့်နေရာများတွင် ဝင်ရောက်နေရာယူခြင်းမပြုလုပ်ရန် တပ်မတော်တိုက်တွန်း