မွန်ညီညွတ်ရေးပါတီ ဝန်းရံသူများ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပထမဆုံးပြုလုပ်သည့် အင်အားပြလှည့်လည် မဲဆွယ်မှု လူစုခွဲရန် သတိပေးခံရကြောင်း ဝန်းရံသူများထံမှ သိရသည်။
အဆိုပါ ပါတီကို ဝန်းရံသူများအနေဖြင့် အင်အားပြလှည့်လည်မဲဆွယ်မှုတစ်ခုကို ဇန်နဝါရီ ၁ရက်က Stay at home သတ်မှတ်ထားသည့် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့ရာ ကျန်းမာရေးစည် ကမ်းသတ်မှတ်ချက်များနှင့် မညီဘဲ လူဦးရေးကျော်လွန်ခဲ့သည့်အတွက် လူစုခွဲရန် သတိပေးခံရခြင်းဖြစ်သည်ဟု ဆိုသည်။
“ခွင့်ပြုချက်မရတာကြောင့်လို့တော့ သူတို့ပြောတယ်။ ခွင့်ပြုချက်တော့တင်ထားတယ်။ ဒါပေမဲ့အဲဒီခွင့်ပြုချက်က အခုဘယ်သူ့မှာရှိလဲဆိုတာတော့ ကျွန်မတို့မသိဘူး။ ထွက်လာတုန်းကတော့ နဲနဲလေးပဲ လူငယ်တွေက အမျိုးချစ် တဲ့ သူတွေကများတယ် ဒေသခံတွေဆိုတော့” ဟု မွန်ညီညွတ်ရေးပါတီ ဝန်းရံသူတစ်ဦးက ပြောသည်။
ယင်းပါတီအား ဝန်ရံသူများသည် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် မှစတင်၍ လှည့်လည်ခဲ့ရာ ကမ်းနားလမ်း အတိုင်းစီတန်းလှည့်လည်စဉ် မြို့မရဲစခန်းအနီးသို့ရောက်ရှိစဉ်မော်လမြိုင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့က လူစုခွဲရန် တွေ့ဆုံသတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မွန်ညီညွတ်ရေးပါတီက ၎င်းတို့ကို ထောက်ခံသူများ၊ဝန်းရံသူများအနေဖြင့် ကိုဗစ်ဖြစ်ပွားမှုမြင့်မားနေသည့် မော်လမြိုင်မြို့တွင် မဲဆွယ်စည်းရုံးလှည့်လည် အင်အားပြခြင်း မပြုလုပ်ရန် အောက်တိုဘာ ၂၁ ရက်က ပါတီအောင်နိုင်ရေးအဖွဲ့ကမေတ္တာရပ်ခံချက်တစ်စောင်ထုတ်ပြန်ထားပြီးဖြစ်သည်။
“ကျနော်တို့ကတော့ မော်လမြိုင်မြို့ပေါ် အင်အားပြလှည့်လည်တာက အရင်ကတည်းက အားမပေးဘူး။ ပြီးတော့ သူတို့အားလုံးကိုလဲ မေတ္တာရပ်ခံထားပါတယ်။ သူတို့ကတော့လှည့်ချင်တယ်လို့လာပြောကြတယ်။ မလှည့်ကြဖို့ပြန်ပြောလိုက်တယ်။ ကျနော်တို့အနေနဲ့က မေတ္တာရပ်ခံထားပြီးပြီးဆိုတော့ တာဝန်ကျေပါတယ်” ဟု မော်လမြိုင်မြို့ မွန်ညီညွတ်ရေးပါတီ အောင်နိုင်ရေးအဖွဲ့ ဥက္ကဌ နိုင်အောင်သိန်းက ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်လည်း မဲဆွယ်စည်းရုံးခြင်း၊ အင်အားပြလှည့်လည်ခြင်းတို့ လူဦးရေ ၅၀ ဦးထက် ပိုမိုလုပ်ဆောင်ပါက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇/ ၁၂၈ တို့ဖြင့် လူစုခွဲအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်က ကြေညာထားသည်။
“ကျနော်တို့ကအင်အားပြတဲ့ ၁၀၀ ကျော်နေတဲ့အတွက် မကျော်ဖို့အတွက်ပြောတာပါ။ လက်ခံကြပါတယ်။ ပြောတာကိုလည်း ဖြိုခွဲတာလဲမဟုတ်ဘူး သူတို့ကို မသိတဲ့ဟာကို ရှင်းပြတဲ့သဘော သူတို့လည်း ဒါကိုလက်ခံတယ်” မော်လမြိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးဝေလင်းထွန်းက ပြောသည်။
အလားတူ မွန်ပြည်နယ် မုဒုံမြို့မှာလည်း အောက်တိုဘာ ၃၁ ရက်နေ့က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လူအင်အား ၁၀၀ ခန့်ဖြင့် စီတန်းလှည့်လည်ခဲ့တာကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရဲတပ်ဖွဲ့တို့မှ လူစုခွဲခဲ့ရကြောင်း သိရသည်။