ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့်ပတ်သက်၍ မဲဆန္ဒရှင်များကြားတွင် သတင်းအမှားများ ဖြန့်ဖြူးနေမှုများရှိနေပြီး ၎င်းလုပ်ရပ်များကို ရပ်တန့်ပေးရန် ယင်းပါတီက အောက်တိုဘာ ၃၁ ရက်၌ ကြေညာချက်တစ်စောင်ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။
ယခုအခါ ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကို အထင်အမြင်လွဲမှားစေရန် လူမှုကွန်ယက်စာမျက်နှာတွင်သော်လည်းကောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကို ထောက်ခံအားပေးသည့် မဲဆန္ဒရှင်ပြည်သူများကြားတွင် သော်လည်းကောင်း ကျင့်ဝတ်နှင့်မကိုက်ညီသည့် မဟုတ်မမှန်စာရွက်စာတမ်းများဖြင့် ဖြန့်ဝေခြင်းများ၊ လိုက်လံပြောကြားခြင်းများကို တွေ့ရပြီး ထိုသို့ပြုမူနေခြင်းသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် မသက်ဆိုင်ပါကြောင်း မဲဆန္ဒရှင်များအား အသိပေးအပ်ကြောင်း ၎င်း၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ပါတီအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ထားသော အမိန့်ကြေညာချက်များကို လိုက်နာဆောင်ရွက်ပလျက်ရှိပြီး ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မဲဆန္ဒရှင်များကိုအသိပေးခဲ့ပြီး ပါတီကိုထောက်ခံအားပေးသူ မဲဆန္ဒရှင်များအနေဖြင့် ဆက်လက်ထောက်ခံအားပေးရန် မေတ္တာရပ်ခံထားသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် သုံးနေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ငါးနေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များတွင် ၁၈ နေရာနှင့် တိုင်းရင်းသားဝန်ကြီး မဲဆန္ဒနယ်တွင် နှစ်နေရာ စုစုပေါင်း ၂၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းပါတီသည်ရှမ်းပြည်နယ် တောင်ကြီးမြို့အခြေစိုက်ပြီး ပအိုဝ်းတိုင်းရင်းသားကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုဖြစ်ကာ ၂၀၁၀ ခုနှစ် ဧပြီ ၂ ရက်တွင် ပါတီတည်ထောင်ခွင့်စတင်လျှောက်ထား၍ ဧပြီ ၂၃ ရက်တွင် တည်ထောင်ခွင့်ရရှိခဲ့ကြောင်းနှင့် ၂၀၁၀ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် ပါတီမှတ်ပုံတင်အမှတ် ၅ ဖြင့် ပါတီမှတ်ပုံတင်ရရှိခဲ့ကြောင်း သိရသည်။
Published
Saturday, October 31, 2020
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကို မဲဆန္ဒရှင်များကြားတွင် သတင်းအမှားဖြန့်ဖြူးမှုများရှိနေ