Stay at Home အမိန့်ချထားသည့် မော်လမြိုင်တွင် ကြိုတင်မဲ အိမ်တိုင်ယာရောက်ကောက်ခံခြင်းစတင်

Stay at Home အမိန့်ချထားသည့် မော်လမြိုင်တွင် ကြိုတင်မဲ အိမ်တိုင်ယာရောက်ကောက်ခံခြင်းစတင်

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက်၊ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ ၃၆၀၀၀ ကျော်ထံမှ ဆန္ဒမဲများ အိမ်တိုင်ရာရောက်ကောက်ခံခြင်းကို Stay at Home ကြေညာထားသော မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် အောက်တိုဘာ ၂၉ ရက်မှစ၍ လုပ်ဆောင်နေပြီဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မိုးဇင်မာဦးက ပြောသည်။

 

"ကောက်ယူတဲ့နေရာမှာ ရပ်ကွက်၊ ကျေးရွာတွေမှာဆိုရင် ကောက်ယူရေးအဖွဲ့အစည်းတွေဖွဲ့ပြီး ကောက်ယူမှာဖြစ်တယ်။ အဲဒီအဖွဲ့မှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင်တစ်ဦးပါမယ်။ မဲရုံမှူး ဒါမှမဟုတ် ဒုတိယမဲရုံမှူး တစ်ဦးပါမယ်။ မဲစိစစ်သူ တစ်ဦးပါမယ်။ မဲလက်မှတ်ထုတ်ပေးသူတစ်ဦး၊ ရာအိမ်မှူး သို့မဟုတ် ဆယ်အိမ်မှူးပါမယ်။ စေတနာ့ဝန်ထမ်းတစ်ဦး၊ ရဲတပ်ဖွဲ့ဝင် တစ်ဦးပါမယ်။ ဒီလိုဖွဲ့စည်းပြီးတော့မှ ကောက်ယူသွားမှာဖြစ်ပါတယ်" ဟု ဒေါ်မိုးဇင်မာဦးက ပြောသည်။

 

ကြိုတင်မဲများကို မြို့နယ်အတွင်းရှိ ရပ်ကွက် ၂၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ စုစုပေါင်း ၄၂ နေရာရှိ မဲရုံအရေအတွက် ၁၁၉ ရုံအတွက် ကောက်ယူသွားရန် စီမံထားခြင်းဖြစ်ပြီး ၎င်းလုပ်ငန်းစဉ်ကို နိုဝင်ဘာ ၅ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကာ လတ်တလောစာရင်းအရ ဦးရေ ၃၆၀၀၀ ကျော်ဟု ရှိသော်လည်း မြေပြင်အခြေအနေအပေါ်မူတည်၍ ဦးရေတိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

 

ကြိုတင်မဲကောက်ခံခြင်းလုပ်ငန်းစဉ်အတွက် စီမံဆောင်ရွက်ဖွယ်ရာများကို ကြိုတင်ပြင်ဆင်ထားပြီး မော်လမြိုင်မြို့နယ်ရှိတစ်ချို့ရပ်ကွက်များတွင် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ သက်ကြီးရွယ်အို တစ်ထောငဝန်းကျင်ရှိကြောင်း သိရသည်။

 

"ကျွန်တော်တို့ ရပ်ကွက်အနေနဲ့ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ သက်ကြီးရွယ်အို ၈၂၀ လောက် ရှိတယ်" ဟု မရမ်းကုန်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးရဲလင်းထွန်းကပြောသည်။

 

ကြိုတင်မဲကောက်ခံရာတွင် မှန်မှန်ကန်ကန်နှင့် တတ်နိုင်သမျှ လျင်မြန်စွာ ပြီးစီးရေး ဆောင်ရွက်မည်ဖြစ်သော်လည်း ရပ်ကွက်အတိုင်းအတာအရ အချိန်ကာလ နှစ်ရက် သို့မဟုတ် သုံးရက် ကြာမြင့်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။

 

မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းအား ကြိုတင်ကြည့်ရှုစိစစ်ထားခြင်း မပြုခဲ့သူများရှိနေဦးမည်ဖြစ်သည့်အတွက် ရပ်ကျေးအဆင့်တွင် အချိန်ကြန့်ကြာမှုနှင့် ကြုံရဖွယ်ရှိကြောင်း ဦးရဲလင်းထွန်းက မှတ်ချက်ပြုသည်။

 

ရက်ပိုင်းသာ လိုတော့သည့် ရွေးကောက်ပွဲတွင် မော်လမြိုင်မြို့နယ်တွင်တိုင်းရင်းသားလူမျိုးရေးရာအပါအဝင် နိုင်ငံရေးပါတီပေါင်း ၁၃ ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် ပြီး မော်လမြိုင်မြို့နယ်တစ်ခုထဲပင် မဲဆန္ဒရှင် နှစ်သိန်း သုံးသောင်း ရှိကာ မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်တွင် ဆန္ဒမဲ ပေးခွင့်ရှိသူပေါင်း တစ်ဆယ့်ရှစ်သိန်း လေးသောင်းခန့်ရှိကြောင်းသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...