ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် မဲရုံသုံးပစ္စည်းများပေးပို့ပြီးအပြန် လင်းခေး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ သေနတ်ပစ်ခံရ၍ ဦးစီးအရာရှိနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဖြစ်တာက မနေ့ နေ့လည်လောက်က အပစ်ခံရတာက လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့တွေ၊ မဲရုံဝန်ထမ်းတွေ။ သူတို့က မဲရုံသုံးပစ္စည်းသွားပို့တာ” ဟု လင်းခေးမြို့နယ်ဒေသခံ နန်းမွန်းကပြောသည်။
လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် အောက်တိုဘာ ၂၇ ရက် နေ့လည်ပိုင်းက မိုင်းပန်မြို့နယ်ရှိကျေးရွာများသို့ မဲရုံပစ္စည်းသွားရောက်ပို့ဆောင်ခြင်းနှင့် မဲရုံများကို စစ်ဆေးခြင်းများပြုလုပ်ပြီး အပြန်လမ်းတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ယင်းပစ်ခတ်မှုကြောင့် လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှ ဦးစီးအရာရှိ နှစ်ဦး ခြေထောက်နှင့် လက်များထိမှန်ခဲ့ကြောင်း SNLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကျော်ခိုင်က ပြောသည်။
“သူတို့ပစ်တဲ့နေရာမှာ ရွာမရှိဘူး။ တောအုပ်ပဲရှိတယ်။ အသံနှစ်ချက်ပစ်သံကြားတယ်လို့တော့ လူနာတင်လာတဲ့ ကားသမားတွေကနေ ဖုန်းဆက်လာပါတယ်။ ခရိုင်ထွေအုပ်ဦးစီးနဲ့ ဒု-ဦးစီးနှစ်ယောက်ကို ထိသွားပါတယ်။ လူနာနှစ်ယောက်စလုံး လင်းခေးဆေးရုံမှာ တင်ထားပါတယ်” ဟု စိုင်းကျော်ခိုင်ကပြောသည်။
လက်ရှိတွင် အဆိုပါထိခိုက်ခံရသူ ဝန်ထမ်းနှစ်ဦးအား တောင်ကြီးစဝ်ဝံထွန်းဆေးရုံသို့ ပြောင်းရွှေ့ဆေးကုသမှုခံယူနေကြောင်း သိရသည်။
မိုင်းပန်မြို့နယ်သည် မြန်မာ့တပ်မတော်၊ ရဲတပ်ဖွဲ့၊ RCSS/SSA၊ ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များတပ်ဖွဲ့များ လှုပ်ရှားသည့်နယ်မြေဖြစ်သည်။