Stay at Home ကြေညာခဲ့သည့် ကချင်ပြည်နယ် မြို့နယ်နှစ်မြို့နယ်တွင် မဲဆွယ်ခွင့်တားမြစ်

Stay at Home ကြေညာခဲ့သည့် ကချင်ပြည်နယ် မြို့နယ်နှစ်မြို့နယ်တွင် မဲဆွယ်ခွင့်တားမြစ်
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် Stay at Home ကြေညာခဲ့သည့် မိုးညှင်းမြို့နယ်နှင့်ဖားကန့်မြို့နယ်များတွင် မဲဆွယ်ခွင့် လုံးဝခွင့်ပြုမည်မဟုတ်တော့ကြောင်း မိုးညှင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိ ဦးမျိုးမင်းဦးကပြောသည်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်အား Stay at Home အဖြစ် အောက်တိုဘာ ၁၉ ရက်တွင် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ရွေးကောက်ပွဲဥပဒေအရ မဲဆွယ်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

 

“ကျန်းမာရေးဝန်ကြီးဌာနကနေ ကူးစက်ကာကွယ်နှိမ်နှင်းရေးဥပဒေအရ ဖားကန့်နဲ့မိုးညှင်းမြို့နယ်တွေကို နေထိုင်တဲ့ပြည်သူတွေအနေနဲ့ နေအိမ်မှာနေထိုင်ဖို့ Stay at Home အကျိုးဝင်တယ်ဆိုပြီး အောက်တိုဘာလ ၁၉ ရက်မှာထုတ်ပြန်ကြေညာခဲ့တဲ့တွက် ဒီမြို့နယ်တွေမှာ မဲဆွယ်ခွင့်လုံးဝ ခွင့်မပြုတော့ပါဘူး။ လမ်းမှာထွက်ပြီး မဲဆွယ်တာတွေ နေအိမ်ထိသွားပြီးမဲဆွယ်တာတွေ အဆောက်အဦးထဲမှာ မဲဆွယ်ပွဲလုပ်နေတာတွေကို လုံးဝခွင့်မပြုတော့ကြောင်း စာထုတ်ပြီးညွှန်ကြားထားပြီးဖြစ်တယ်” ဟု အရာရှိဦးမျိုးမင်းအောင်က ပြောသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ထားသည့် စည်းကမ်းချက်၊လုပ်ထုံးလုပ်နည်း (SOP) အရ Stay at Home သတ်မှတ်ထားသည့် နေရာများတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်ခွင့်မရှိကြောင်း ၎င်းကဆက်ပြောသည်။

 

လက်ရှိကချင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုးကူးစက်သူ ၉၅ ထိရှိလာပြီး ၎င်းတို့ ၉၅ ဦးအနက် ဖားကန့်မြို့မှ ၅၇ ဦးဖြင့် အများဆုံးဖြစ်ကာ မိုးညှင်းမြို့နယ်တွင် ၁၇ ဦးဖြင့်ဒုတိယအများဆုံးဖြစ်သည်။

 

မိုးညှင်းခရိုင်တစ်ခရိုင်လုံးတွင် ခရိုင်သုံးခုရှိပြီး ဖားကန့်မြို့နယ်တွင် မဲဆန္ဒရှင် ၁၆၂၉၄၈ ဦး၊ မိုးကောင်းမြို့နယ်တွင် မဲဆန္ဒရှင် ၁၀၃၂၅၃ ဦး၊ မိုးညှင်းမြို့နယ်တွင် မဲဆန္ဒရှင် ၁၅၈၆၉၄ ဦးရှိကာ ခရိုင်တစ်ခုလုံး စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ ၄၂၄၈၉၅ ရှိကြောင်းသိရသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲဆွယ်ကာလအား စက်တင်ဘာလ ၈ ရက်မှစကာ မဲဆွယ်ခွင့်ပြုထားသော်လည်း နိုင်ငံရေးပါတီများအနေဖြင့် Stay at Home သတ်မှတ်ထားသည့် နေရာများတွင် မဲဆွယ်ခွင့်မရှိတော့သည့်တွက် အွန်လိုင်းမှတစ်ဆင့်သာ မဲဆွယ်ရန်တွက်ပြင်ဆင်ထားကြောင်း ကချင်ပြည် နယ်ပြည်သူ့ပါတီမှ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်း ဦးလအောင်က ပြောသည်။

 

“Stay at Home ကာလဖြစ်တဲ့ချိန်ကျတော့ ပြည်သူတွေနဲ့ထိတွေ့ပြီး မဲဆွယ်ဖို့ကျတော့ တစ်ဖက်ကလည်း ကျန်းမာရေးရှုထောင့်ကနေကြည့်ရတဲ့အနေထားဖြစ်နေတဲ့တွက် သိပ်ပြီးမှတော့ အဆင်မပြေဘူး။ အွန်လိုင်းနဲ့သွား တယ်ဆိုတာကလည်း လက်ရှိကတော့ B Plan ပေါ့။ ကျွန်တော်တို့ပါတီရဲ့အကြောင်းတွေသိချင်တဲ့သူတွေလည်း မေးလာတဲ့သူတွေရှိနိုင်တဲ့တွက် Stay at Home ကာလဆိုလည်း အားလုံးက Facebook တော့သုံးကြမယ်။ ဒါကြောင့် အွန်လိုင်းကနေ မဲဆွယ်မယ့် အစီစဉ်တော့ရှိပါတယ်” ဟု ကိုယ်စားလှယ်လောင်း ဦးလအောင်ကပြောသည်။

 

ဖားကန့်မြို့နယ်အား စက်တင်ဘာလ ၂ဝ ရက်နေ့မှစ၍ Stay at Home သတ်မှတ်လိုက်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ဖြစ်ပွားမှုရှိနေသဖြင့် ယင်းကာလကို ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကာ မဲဆွယ်ဖို့ရန် စီစဉ်ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များ ဖျက်သိမ်းလိုက်ရကြောင်း ၎င်းကဆက်ပြောသည်။

 

လာမည့် ၂၀၂ဝ ရွေးကောက်ပွဲတွင် ကပ်ရောဂါကာလဖြစ်သည့်တွက် မဲဆွယ်စည်းရုံးရာတွင် ခက်ခဲများရှိနေသည့်တွက် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်အား ရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီအချို့မှ တောင်းဆိုထားသော်လည်း စက်တင်ဘာလ ၁၉ ရက်နေ့တွင် “၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် သတင်းမီဒီယာအခန်းကဏ္ဍ” အွန်လိုင်းဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် ကိုဗစ်အကြောင်းပြချက်နဲ့ အထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းဖို့မရှိကြောင်း ပြောဆိုသည်။

 

ကချင်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၁ သိန်းခန့်ရှိပြီး မဲရုံပေါင်း ၉၁၈ ရုံရှိကာ ပါတီပေါင်း ၁၉ ပါတီရပြီး ရွေးကောက်ပွဲကျင်းပရန် နှစ်ပတ်ကျော်သာလိုတော့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...