UEC ရဲ့ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေထုတ်ပြန်ချက် တိုင်းရင်းသားပါတီများကို နှိပ်ကွပ်မှုပုံစံသစ်ဖြစ်နေလား

UEC ရဲ့ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေထုတ်ပြန်ချက် တိုင်းရင်းသားပါတီများကို နှိပ်ကွပ်မှုပုံစံသစ်ဖြစ်နေလား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများ ထုတ်ပြန်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများမြင့်တက်လျက်ရှိသည်။ အထူးသဖြင့် တိုင်းရင်းသားပါတီများအကြား ပြောစရာဖြစ်လာပြီး တရားမျှတမှု၊ တိုင်းရင်းသားမဲပေးခွင့် အခွင့်အရေးဆိုင်ရာများကို မေးခွန်းထုတ်လာကြသည်။

တိုင်းရင်းသားပါတီများကိုနှိပ်ကွပ်

ထို့ပြင် UEC ၏ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများထုတ်ပြန်ချက်သည် တရားမျှတမှုမရှိသည့်အပြင် တိုင်းရင်းသားပါတီများကို နှိပ်ကွပ်နေသည့်ပုံစံဖြစ်နေကြောင်း တိုင်းရင်းသားပါတီအချို့က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

“လွတ်လပ်၍ တရားမျှတတယ်ဆိုတာ အမှန်မှန်က တရားမျှတမှ လွတ်လပ်မယ်လေ။ တရားမျှတမှ လွတ်လပ်မယ်ဆိုတဲ့အနေအထားမှာ အခုလည်း အဲလိုပုံစံမျိုးဖြစ်လာတဲ့အခါကျတော့ တရားမျှတမှုမရှိဘူး။ တရားမျှတမှုမရှိဘူးဆိုတဲ့အတွက် မလွတ်လပ်နိုင်ဘူးလို့ ကျနော်တို့ မြင်တယ်။ ဘယ်လိုဖြစ်လာသလဲဆိုရင် ပါတီကြီးတွေက တိုင်းရင်းသားပါတီတွေကို နှိပ်ကွပ်တဲ့သဘောလို့ ကျနော်တို့ကယူဆတယ်” ရှမ်းပြည်နယ်အခြေစိုက် တအာင်း (ပလောင်) အမျိုးသားပါတီ-TNP မှ ဥက္ကဋ္ဌ ဦးညီစိန်ကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအား ကချင်ပြည်နယ်မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်မှ ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မွန်ပြည်နယ်မြို့နယ်တစ်မြို့နယ်မှ ကျေးရွာအုပ်စု ၁ အုပ်စု၊ ပဲခူးတိုင်းဒေသကြီး မြို့နယ်နှစ်မြို့နယ်မှ ကျေးရွာအုပ်စု ၄၂ အုပ်စု၊ ရခိုင်ပြည်နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်ကိုးနယ်မြို့နယ်၊ မြို့နယ်လေးမြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၇ အုပ်စု၊ ရှမ်းပြည်နယ်တွင် လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်ခြောက်မြို့နယ်၊ မြို့နယ် ၁၇ မြို့နယ်မှ ရပ်ကွက်ရှစ်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၃ အုပ်စု စုစုပေါင်း ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ် ၁၅ ခု၊ ရပ်ကွက် ၂၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၅၅၈ အုပ်စုတို့တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသဖြင့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရားမျှတမှုအတွက် မေးခွန်းထုတ်စရာဖြစ်

ယင်းသို့ UEC ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရွေးကောက်ပွဲကျင်းပွဲကျင်းပခြင်းရှိသည့် နယ်မြေများမှ တိုင်းရင်းသားများကို လွှတ်တော်ပြင်ပ နိုင်ငံရေးနည်းလမ်းများရွေးချယ်လာစေရန် တွန်းပို့ရာရောက်ကြောင်း ပေါင်းစည်းတိုင်းရင်းသားပါတီ ငါးပါတီက အောက်တိုဘာ ၁၈ ရက်နေ့စွဲဖြင့် ပူးတွဲကြေညာချက် ပြန်လည်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို ပေါင်းစည်း တိုင်းရင်းသားပါတီ ငါးပါတီဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်ညီညွတ်ရေးပါတီတို့က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ၏ အရေးကြီးဆုံးသော အင်္ဂါတစ်ခုသည် တရားမျှတမှုဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်သည် ပွင့်လင်းမြင်သာမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အပြင် ၂၀၂၀ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုတို့ကို မေးခွန်းထုတ်စရာဖြစ်စေကြောင်း၊ မဲဆွယ်ကာလ ထက်ဝက်ခန့်ကျော်လွန်လာပြီး ရွေးကောက်ပွဲကျင်းပရန် ၂၀ ရက်သာလိုတော့သည့်အချိန်တွင် ယခုလိုထုတ်ပြန်မှုသည် ထိုတိုင်းရင်းသားဒေသများမှ တိုင်းရင်းသားမဲဆန္ဒရှင်များအတွက်လည်း တရားမျှတမှုမရှိကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများရှိ တိုင်းရင်းသားပြည်သူများ၏ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ရွေးကောက်ခံခွင့်နှင့် မဲပေးခွင့်အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြန်လည်သုံးသပ်ပြင်ဆင်ပေးပါရန် လိုအပ်ကြောင်း ယင်းကြေညာချက်ထဲတွင် ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တွင် မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာအုပ်စု ၂၁၁ အုပ်စု၊ ကရင်ပြည်နယ်တွင် မြို့နယ်ခုနစ် မြို့နယ်မှ ကျေးရွာအုပ်စု ၉၄ အုပ်စု၊ ပဲခူးတိုင်းဒေသကြီး မြို့နယ်နှစ်မြို့နယ်မှ ကျေးရွာအုပ်စု ၄၁ အုပ်စု မွန်ပြည်နယ်တွင်၊ မြို့နယ် တစ်မြို့နယ်မှ ကျေးရွာအုပ်စု တစ်အုပ်စု၊ ရှမ်းပြည်နယ်တွင် ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်သည့် မြို့နယ်ခုနစ်မြို့နယ်၊ မြို့နယ် ၁၀ မြို့နယ်မှ ကျေးရွာအုပ်စု ၁၀၆ အုပ်စုစုစုပေါင်း ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိသည့် မြို့နယ်ခုနစ်မြို့နယ်နှင့် ကျေးရွာအုပ်စု ၄၅၃ အုပ်စုရှိခဲ့သည်။

စံချိန်တင်

ထိုအခြေအနေအရ ယခုနှစ်ရွေးကောက်ပွဲမကျင်းပဖြစ်သည့် နယ်မြေများသည် ယခင်ရွေးကောက်ပွဲကောက်ပွဲများထက် စံချိန်တင်များပြားနေခြင်းဖြစ်သည်။ ထိုသို့ ၂၀၂၀ ရွေးကောက်ပွဲမကျင်းပဖြစ်သည့် နယ်မြေများ အလွန်များပြားသဖြင့် တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးခွင့်ဆုံးရှုံးမှုကို ဖြစ်စေသည့်အတွက် တရားမျှတမှုမရှိကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကပြောသည်။

“အခုလို ရွေးကောက်ပွဲနယ်မြေကို ကန့်သတ်ပစ်လိုက်တာကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ဆိုရင်၊ ပြည်သူ့ကိုယ်စားပြောရမယ်ဆိုရင်တော့ မမျှတဘူးလို့ အဲလိုခံစားရတယ်” ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲမပြုလုပ်သည့်အချက်အား စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ဒေသများနှင့် ကျန်းမာရေး လုံခြုံရေးအရကြည့်၍ ဆုံးဖြတ်သည်ဆိုပါက ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်နေသည်သာမက အသေအပျောက်နှုန်းလည်း များနေသည့် ရန်ကုန်တိုင်းဒေသကြီးကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့်နေရာတွင် အဘယ်ကြောင့် မထည့်သွင်းသလဲဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဦးမျိုးကျောက်က ဆက်လက်ပြောသည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မေးချင်တယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာတွေပဲ ဒီရွာအတွက် ပြည်သူတွေအတွက် စိုးရိမ်စရာ တစ်နည်းအားဖြင့် ပြောရရင် ဒီရွေးကောက်ပွဲအတွက် အဟန့်အတား ဖြစ်တယ်ဆိုတဲ့ဟာမျိုးလို့ သတ်မှတ်တယ်ဆိုရင် ကိုဗစ်ရောဂါကြီးကို သူတို့ကာကွယ်ထိန်းသိမ်းပေးနိုင်တဲ့ အစီအစဉ်တွေရှိပြီလား။ ဒါလည်း ကျနော်တို့က ဆက်စပ်ပြီးတော့ မေးရမယ်လို့ထင်တယ်။ ကျနော်တို့ အဲဒါတွေကိုလည်း UEC အနေနဲ့ မျှတဖို့ဆိုရင် လွတ်လပ်တဲ့ မျှတတဲ့ အဖွဲ့အစည်းဖြစ်ဖို့ဆိုရင် ဒါတွေကို ဖြေရှင်းပေးဖို့လိုမယ်လို့ ပြောချင်တယ်” ဟု ၎င်းကပြောသည်။

ယခင်ရွေးကောက်ပွဲများအတိုင်း ပြုလုပ်သင့်

တိုင်းရင်းသားပါတီများအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့် နယ်မြေများကို ယခင် ၂၀၁၅  ရွေးကောက်ပွဲကအတိုင်း ပြုလုပ်ရန်လိုလားလျက်ရှိပြီး နယ်မြေမတည်ငြိမ်မှုကို အကြောင်းပြ၍ နယ်မြေကန့်သတ်လိုက်ခြင်းသည် တရားမျှတမှုကို ထိခိုက်စေကြောင်း ဝေဖန်ထောက်ပြလျက်ရှိသည်။

“အဲဒါကို မထုတ်ပြန်ပဲနဲ့ ဒီအတိုင်းပဲ ရွေးကောက်ပွဲလုပ်သွားတယ်ဆိုလို့ရှိရင်တော့ တရားမျှတမှုဆိုတာ ဖြစ်လာနိုင်တယ်။ မအေးချမ်းဘူးဆိုစေဦး၊ အေးချမ်းနိုင်အောင် တစ်ခြားနည်းနဲ့ တစ်ခြားဟာနဲ့ လုပ်သွားမယ်ဆိုလို့ရှိရင် အဆင်ပြေနိုင်မယ့်သဘောရှိတာကို အခုလိုကန့်သတ်လိုက်တဲ့အခါကျတော့ ပိုပြီးတောင် တရားမျှတမှုမရှိနိုင်ဘူးလို့ ကျွန်တော်တို့က မြင်ပါတယ်ဗျာ” ဟု တအာင်း(ပလောင်) အမျိုးသားပါတီ TNP ဥက္ကဋ္ဌ ဦးညီစိန်ကပြောသည်။

တိုင်းရင်းသားပါတီများအထိနာ

၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တဲ့ မိုင်းကိုင်မြို့နယ်ကို ရွေးကောက်ပွဲမကျင်းပရန်ဆုံးဖြတ်ခြင်း၊ ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ်ရှိတဲ့အနက် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီနိုင်ခဲ့သည့် မြို့နယ် ကိုးမြို့နယ်တွင် ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ခြင်း အငြင်းပွားစရာဖြစ်ပြီး အထူးသဖြင့် ရခိုင်အမျိုးသားပါတီကို အထိနာစေခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် သုံးသပ်ရေးသားခဲ့သည်။

၎င်း၏အဆိုအရ ဒုတိယအထိနာဆုံးက တိုင်းရင်းသားပါတီများအားလုံးဖြစ်ပြီး သမ္မတရွေးချယ်ရေးအတွက် အရေးပါသည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း ၂၀၇ မဲတွင် ပြည်သူ့လွှတ်တော် ၁၅ နေရာနှင့် အမျိုးသားလွှတ်တော် (ခန့်မှန်း) ခုနစ်နေရာ ဆုံးရှုံးမည်ဖြစ်သဖြင့် ၁၈၅ နေရာသာကျန်တော့မည်ဖြစ်ကြောင်း၊ ထို့ပြင် အစဉ်အလာအရ တိုင်းရင်းသားပါတီတွေအားကောင်းခဲ့သည့် နေရာများတွင် NLD နှင့် ပြည်ခိုင်ဖြိုးက အနိုင်ရသွားနိုင်သည့် အခြေအနေများလည်းရှိနေသဖြင့် ပြည်ထောင်စုအဆင့်တွင် တိုင်းရင်းသားများ၏အား အတော်လျော့နည်းသွားမည့်အနေအထားဖြစ်နေသည်ဟု သုံသပ်ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်ကိုးနယ်မြို့နယ်၊ မြို့နယ်လေးမြို့နယ်မှ ရပ်ကွက် ၁၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၇ အုပ်စုတွင် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းကြောင့် ပြည်နယ်တစ်ခုလုံးတွင် မဲပေးခွင့်ရှိသူ တစ်ဆယ့်ခြောက်သိန်းကျော်ရှိသည့်အနက် ၁၃ သိန်းခန့် မဲပေးခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း ရခိုင်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းပြုလုပ်သည့် သတင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမြန်ဆုံးဖြေရှင်းဖို့လို

အချုပ်အားဖြင့်ဆိုရလျှင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေများ အလွန်များပြားခြင်းသည် တိုင်းရင်းသားပါတီများ၏ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ မဲပေးခွင့်အပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်နိုင်ပြီး၊ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တိုင်းရင်းသားပါတီများ အားနှိပ်ကွပ်မှုပုံစံသစ်ဖြစ်နေပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ နောက်ဆက်တွဲအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်းအကြား  သံသယများ၊ မယုံကြည်မှုများ ပိုမိုပြင်းထန်လာကာ မလိုလားအပ်သည့် ပြသနာမျာဖြစ်ပွားလာမည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည်။

ထို့ကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေစာရင်းအား တိုင်းရင်းသား ရင်ကြားစေ့ရေးမူကိုရှေ့ရှု၍ ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် မည်သည့်အတွက်ကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များနေရကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုကို အမြန်ဆုံး ရှင်းလင်းပေးရန်လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။

July 3, 2021
“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ...
June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...