ရွေးကောက်ပွဲမကျင်းပဖြစ်သည့် မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အသံများ

ရွေးကောက်ပွဲမကျင်းပဖြစ်သည့် မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အသံများ
by -
ထွန်းခိုင် (နိရဥ္စရာ)

မြန်မာတစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်သည့်မြို့နယ် ၁၅ မြို့နယ်ရှိပြီးရပ်ကွက် ၂၃ ရက်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၅၅၈ အုပ်စုရှိကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ နယ်မြေများသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသ ဖြင့် ကျင်းပခြင်းပြုမည်မဟုတ် ဟုဆိုသည်။ထိုအထဲတွင် ကချင်၊ကရင်၊ ပဲခူး၊ မွန်၊ ရှမ်း ဟူသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ တချို့နယ်မြေများသည် ၂၀၁၅ရွေးကောက်ပွဲကပင် ရွေးကောက်ပွဲမကျင်းပနိုင်သော်လည်း ရခိုင်ပြည်နယ်သည် ယခုနှစ်တွင် ပထမဆုံးပါဝင်လာခြင်းဖြစ်သည်။ ရခိုင်တွင် ရွေးကောက်ပွဲလုံးဝမကျင်းပ နိုင်သည့် မြိုနယ် ကိုးမြို့နယ်ရှိပြီး၊ ရပ်ကွက် ၁၅ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃၇အုပ်စုရှိသည်။ထို့ကြောင့် ရခိုင်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းနှင့်ပတ်သက်၍ ဒေသခံလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အသံများကို တင်ပြလိုက်ရပါသည်။

ဦးမောင်အုန်း (တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း- မောင်တောမြို့နယ် အမှတ် ၂၊ ပြည်နယ်လွှတ်တော်)

“သူတို့ကတော့ လုံခြုံရေးကို အကြောင်းပြမှာပေါ့နော်။ ရွေးကောက်ပွဲ ကျင်းပချင်တယ်ဆိုလိုရှိရင်တော့ ကျင်းပလို့ ရတဲ့ အခြေအနေရှိပါတယ်။ ကျနော်တို့မောင်တောဆိုလိုရှိရင် ဘာမှမဖြစ်တဲ့ နေရာဖြစ်တယ်။ ပြီးတော့ ပေါက်တော ဘာမှမဖြစ်ဘူး။ ကျင်းပလို့ရတဲ့ နေရာတွေဖြစ်တယ်။ ကျနော်တို့ သုံးသပ်တာကတော့ ဒီဖက်မှာ အခုလက်ရှိအစိုးရက နိုင်ခြေမရှိဘူး။ အဲဒါကြောင့်မို မလုပ်တာလို့ ကျနော်တို့ ပြောလိုတယ်။ အခုလက်ရှိအစိုးရက ကိုဗစ်ကြောင့်ပဲဖြစ်ဖြစ် ရွေးကောက်ပွဲကိုတော့ ဖြစ်အောင်ကြိုးစားမယ်လို့ကြေညာထားတယ်လေ။ ပေါက်တောတို့၊ မောင်တောတို့မှာ ကိုဗစ်ကလည်း အဲလောက်ထိဖြစ်တာမရှိဘူး။ စစ်ဖြစ်တာတွေလည်း မရှိဘူး။ ဘာကြောင့် မကျင်းပတာလည်း။ ကျနော်တို့က ဒီမိုကရေစီနှင့် ဖက်ဒရယ်သွားနေတဲ့ပုံစံမှာ အဲလိုမျိုးလုပ်တာကတော့ မကောင်းဘူးလို့ မြင်တယ်ဗျ”

ဦးစိုးမင်းနိုင် (ရခိုင်ဦးဆောင်ပါတီ -AFP မောင်တောခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း)

“လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိတာကြောင့် ဆိုပြီးUEC က ထုတ်ပြန်ချက်ထုတ်တယ်။ အဲတွက် လွတ်လပ်ပြီးတော့ တရားမျှတတယ်ဆိုတာ ဘယ်လိုဟာမျိုးကို ပြောတာလည်းတော့ မသိဘူး။ မြန်မာနိုင်ငံက တကယ်ကို လွတ်လပ်ပြီးတော့ တရားမျှတတဲ့ နိုင်ငံလားဆိုတာကိုလည်း ကျနော်တို့က ပြန်ပြီး သုံးသပ်ရမှာပေါ့။ ကျနော်တို့ဒေသမှာက စစ်ဖြစ်လို့ ရွေးကောက် ပွဲမကျင်းပနိုင်ဘူးဆိုပါတော့ ပလက်ဝတို့မှာဆိုလိုရှိရင် ရွေးကောက်ပွဲကျင်းပဖို့အတွက် လုပ်ထားတာတွေရှိတယ်။ စစ်ပွဲတွေကို အကြောင်းပြပြီးတော့ အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာတွေရှိတယ်။ ကျွန်တော်တို့ဒေ သတွေမှာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ အခြေအနေမရှိတာကြောင့် ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုရင် ကျွန်တော်တို့ဒေသခံတွေရဲ့အသံတွေကို ကိုယ်စားပြုပြီးတော့ လွှတ်တော်တွေမှာ တရားဥပဒေဘောင်အတွင်း က နေပြီးတော့ တင်ပြဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မရှိတော့ဘူးပေါ့။ အဲလိုဆိုလိုရှိရင် ကျွန်တော်တို့ဒေသတွေမှာ တရားမျှတမှုပိုပြီးတော့ ကင်းမဲ့လာနိုင်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားတန်းတူအခွင့်အရေးတို့ တိုင်းရင်းသားရင်ကြားစေ့လို့ခေါ်တဲ့ အဲလို့အခွင့်အရေးတွေလည်း ဆုံးရှုံးသွားမယ်လို့  မျှော်မှန်းမိပါတယ်။ နောက်တစ်ခုက တိုင်းရင်းသားတန်းတူအခွင့်အရေးမရရှိဘူး ကျနော်တို့ကို နှိပ်ကွက်တယ်လို့ ကျနော်တို့ ယူဆမိတယ်။ ဘယ်လိုပြောရမှာလည်း ဆိုလိုရှိရင် ဒီနေရာ၊ ဒီဒေသတွေက ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးနေတဲ့ နေရာဒေသတွေဖြစ်တယ်”

ဦးမောင်ဝင်းသိန်း (ရခိုင်အမျိုးသားပါတီ -ANPမောင်တောမြို့နယ် အမှတ် (၂)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း)

“နယ်မြေအေးချမ်းမှု ရှိတဲ့နေရာတွေမှာဘာကြောင့် ရွေးကောက်ပွဲ မကျင်းပရတာလည်းဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ သံသယဖြစ်မိပါတယ်။ စစ်စဖြစ်ချိန်ကတည်းက ပလက်ဝမှာ စပြီးတော့ဖြစ်တယ်။ အခုအချိန်ထိလည်း ဖြစ်နေတယ်။ ကျွန်တော်တို့မောင်တောမှာဆိုရင်လည်း တောင်ပိုင်း၊ မြောက်ပိုင်းရွေးကောက်ပွဲလုပ်နိုင်လောက်တဲ့ အနေအထားရှိတယ်။ နယ်မြေတည်ငြိမ်အေးချမ်းမှုလည်းရှိတယ်။ နယ်မြေတကယ်မတည်ငြိမ်လို့ မလုပ်ဆိုတာကိုတော့ ကျွန်တော်တို့လက်ခံတယ်။ ဒါကြောင့် ကျွန်တော်တို့ မောင်တောဒေသခံတွေကလည်း ဘာကြောင့် ရွေးကောက်ပွဲမလုပ်ရသလဲဆိုတဲ့အပေါ် မေးခွန်းထုတ်နေပါတယ်”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...