နှင်းဆီပါတီမှနုတ်ထွက်ခဲ့သည့် ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဂဲနက်စ်နှင့်အင်တာဗျူး
ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP(နှင်းဆီပါတီ)အတွင်းတွေ့ကြုံတွေ့ခဲ့ရမှုများ၊ ပါတီမှနုတ်ထွက်ရန်ဖြစ်လာ ခဲ့ပုံများနှင့် ပါတီမှနုတ်ထွက်ပြီးနောက် ပါတီပုံရိပ်အားအသုံးပြု၍ မဲဆွယ်နေမှုများနှင့်ပတ်သက်၍ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဲန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဂဲနက်စ်အား ယခုလိုတွေ့ ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး။ ။ပါတီကနေနှုတ်ထွက်ရတဲ့ အကြောင်းအရင်းကို အရင်ဆုံးသိချင်ပါတယ်။
ဖြေ။ ။ပါတီကနေနှုတ်ထွက်ရတဲ့ အကြောင်းအရင်းကတော့ ပါတီရဲ့ ဥက္ကဌဖြစ်တဲ့ ဦးကျော်မြင့် ရဲ့ နောက်ခံသမိုင်းနဲ့ ပတ်သက်ပြီးတော့ ရေးသားဖော်ပြလာမှုလေနော်။ ရေးသားဖော်ပြလာတဲ့ အချက်အလက်တွေက တော်တော်ပါတာကိုး။ ဒါနဲ့ ပတ်သက်ပြီးတော့ ကိုယ်စားလှယ်လောင်း တစ်ဦးက ပါတီရဲ့ ဥက္ကဌအကြောင်းနဲ့ ပတ်သက်ပြီးမှ မကောင်းတဲ့ ပုံစံအရိပ်တွေ ရေးသားလာတာတွေ့တယ်။ ပါတီဥက္ကဌဖြစ်တဲ့ သူက ဒီပါတီပဲမဟုတ်ဘူး။ ဘယ်ပါတီပဲဖြစ်ကြပါစေ ရှင်းရှင်းလင်းလင်းဖော်ပြထားနိုင်ရမယ်လေ။ ရှင်းရှင်းလင်း လင်း မဖော်ပြနိုင်ဘူးဆိုရင်တော့ နှုတ်ထွက်မယ်လို့ တောင်းဆိုတာ။ သူဖော်ပြတဲ့ အချက်အလက်တွေက ခိုင်မာမှုမရှိဘူးဆိုတာသိသာလာတော့ ကိုယ့်ဘက်က သတိထားမိလို့ ထွက်လိုက်တာ ဒါပါပဲ။
မေး။ ။အဲလို နောက်ကြောင်းကို ပြောတော့ သူတို့ဘက်ကရောဘယ်လိုဖြေရှင်းပေးခဲ့လဲ။
ဖြေ။ ။ဖြေရှင်းတာနဲ့ပတ်သက်ပြီးမှတော့ တစ်ကြိမ်ကတော့ ဥက္ကဌဖြစ် သူကတော့ ဗီဒီယိုကလစ်နဲ့ပေါ့။ မီဒီယာ တွေရှေ့မှာ ထွက်လာတာပေါ့ ။လူထုရှေ့ထွက်လာပြီးမှ ပြောကြားတာတွေလည်းရှိတယ်။ ကျွန်တော့်ဘက်ကတင် ပြတာတွေနဲ့သီးခြားပေါ့။ သီးခြားဖြေခြင်းတာမရှိပဲနဲ့ ကျွန်တော့်ရဲ့တောင်းဆိုချက်ချက်အတိုင်း ကိုယ်က ပါတီဝင် လိုက်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ပုံရိပ်ထိခိုက်တယ်ဆိုရင် တောင်းဆိုချက်အတိုင်း သီးခြားရပ်တည်နိုင်ပါတယ် ဆို ပြီးတော့မှ အဲတောင်းဆိုချက်ကို ခွင့်ပြုတဲ့ အဓိပ္ပာယ်ဖော်လို့ရတဲ့ အဲလိုအဖြေပို့လာတယ်။လက်မှတ်ရေးထိုးလာ တယ်။
မေး။ ။ပါတီကနေ နှုတ်ထွက်ထားတာဆိုတော့ လက်ရှိဘယ်လိုပုံစံမျိုးနဲ့ အလုပ်ဆက်လုပ်နေသလဲ။
ဖြေ။ ။လက်ရှိဝိုင်းမော် မှာ နေရာစုံကနေ UDP က လွှတ်တော်ကိုယ်စားလှယ်လောင်းလေးဦးပေါ့။ အားလုံးက အလုပ်အတူတူတွဲလုပ်လာတဲ့ အခြေအနေမှာကြတော့ မဲဆွယ်စည်းရုံးတဲ့အခါမှာ အတူတူလုပ်လာတဲ့ အခန်းကဏ္ဍတွေရှိတော့ ပါတီကနေ မေးစရာမေးခွန်းတော့ရှိလာတာပေါ့။ ပါတီကနေနှုတ်ထွက်ပြီးတဲ့အချိန် ပါတီကကိုယ်စားလှယ်လောင်းတွေနဲ့ ဘာလို့တွဲလုပ်တာလဲ လို့ပြောမယ်ဆိုရင်အခုမဲလက်မှတ်ပေါ့နော် မဲထည့်ရ မယ့်လက်မှတ်တွေမှာ နှင်းဆီပန်းပုံနဲ့ ဦးဂဲနက်(စ်) ညီညွှတ်သောဒီမိုကရက်တစ်ပါတီဆိုပြီးတော့ မဲလက်မှတ်တွေ ထွက်လာမှာဆိုတော့ ပြင်လို့မရတော့ဘူး။ အားလုံးက ရိုက်ပြီးသားတွေ ဖြစ်နေတယ်။ ဒီတာ့ ဒီပုံစံအတိုင်းပဲ ရွေးချယ်ခံရတော့မှာပေါ့။
မေး။ ။နှင်းဆီတံဆိပ်အသုံးပြုပြီးမဲဆွယ်နေဆဲဆိုတော့ရွေးကောက်ပွဲနိုင်ခဲ့သည်ရှိသော် ပါတီကနေနဲ့ရပ်တည်မှာ လား၊သီးခြားရပ်တည်မှာလား။
ဖြေ။ ။နိုင်ခဲ့သည်ရှိသော် ကျွန်တော်ကတော့ တစ်သီးပုဂ္ဂလ အနေနဲ့ပဲ ရပ်တည်မှာပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော်တောင်းဆိုခဲ့တယ်။ တောင်းဆိုထားတဲ့အတွက်လည်း သီးခြားရပ်တည်ချင်တယ်ဆိုရင် ရပ်တည်ပါဆိုတဲ့ စာကိုလည်း အကြောင်းပြန်ထားပြီးဖြစ်တဲ့အတွက် ဆက်လက်ပြီးမှ အနိုင်ရခဲ့ရင်တော့ ပါတီကနေ သွားစရာအ ကြောင်းမရှိဘူးပေါ့နော်။ တစ်သီးပုဂ္ဂလအနေနဲ့ ကိုယ့်ဒေသအတွက်ကို ပိုပြီးမှတောင်လွတ်လပ်တာပေါ့ဗျာ။
မေး။ ။ပါတီကနေ နှုတ်ထွက်ထားပေမယ့် မဲလက်မှတ်မှာ UDP တံဆိပ်နဲ့တွေထွက်လာပြီဆိုတော့ ပါတီကနေပဲ ပြိုင်မယ့်သဘောဖြစ်နေတော့ ဘယ်လိုအခက်အခဲတွေရှိနိုင်လဲ။
ဖြေ။ ။အဓိကအခက်အခဲကတော့ ပထမဆုံးက လက်ကမ်းစာစောင်ပေါ့။ လက်ကမ်းစာစောင်မှာ နဂိုက လက်ကမ်းစာစောင် ၂ဝဝဝ ရိုက်နှိပ်ထားတယ်။ ရိုက်နှိပ်ထားတဲ့ အဲဒီအချပ်နှစ်ထောင်က UDP တံဆိပ်ပါနေပေမဲ့ မသုံးလို့လည်းမဖြစ် သုံးလို့လည်းမဖြစ် သွားနေရတဲ့ ပုံစံ တစ်ချက်ပေါ့။ နောက်တစ်ချက်က ဒီအခု ပိုစတာတွေ ဗီနိုင်းတွေကပ်ထားတဲ့ နေရာတွေမှာလေ အားလုံးပါနေတာ။ အဲနှစ်ခုက နည်းနည်းလက်တွေ့မြေပြင်မှာတော့ ခွကျတာပေါ့လေ။ ဖြုတ်လိုက်ရင်လည်းမဖြစ်ပြန် ဒီဟာမျိုးဖြစ်နေတာပေါ့ တစ်ခြားမဲဆန္ဒနယ်တွေက လူထုတွေက မေးတာပေါ့နော် အွန်လိုင်းမီဒီယာကနေ ဖတ်မိတာနဲ့ပတ်သက်ပြီး တွေ့ကြတာပေါ့။ UDP တံဆိပ်တွေပါတဲ့အပေါ် မေးမြန်းကြတဲ့ အချိန်မှာ အချက်အလက်နဲ့တကွ ပြန်လည်းဖြေရှင်းတော့ သူတို့အားလုံး နားလည်သဘောတူကြတယ်။
မေး။ ။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုပုံရိပ်မျိုးနဲ့ မဲဆွယ်ပါသလဲ။
ဖြေ။ ။အထူးသဖြင့် အရင်ကတည်းက UDP ပုံရိပ်တွေ ယူပြီးမှ မဲမဆွယ်ခဲ့ဘူးခင်ဗျ။ ဘာလို့လဲဆို ကျွန်တော့ရဲ့ ကြွေးကြော်သံပေါ့နော်။ ကျွန်တော်ကအဓိက အဲဒါနဲ့ သွားထားတာဆိုတော့ အဲမှာကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ မူဝါဒပိုင်းပေါ့။ ကျွန်တော်သာ ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်ဘာတွေလုပ်နိုင်လဲ။ ဥပဒေအရပေါ့။ ဘာတွေပြင်ပေးနိုင်မယ်ဆိုတာကို ကျွန်တော်က အခြေခံပြီးမှ အဓိကမဲဆွယ်တဲ့ အချိန်သွားခဲ့တယ်။ ပါတီက တစ်နိုင်ငံလုံးမှာ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်နဲ့ ဝင်ပြိုင်တဲ့အချိန် ကျတော့ ပါတီရဲ့ ပုံရိပ်ကိုအသုံးပြုတဲ့အချိန်မှာ အစိုးရဖွဲ့နိုင်တဲ့ ပါတီဖြစ်တဲ့အတွက် ဒီကနယ်မြေခံတွေလည်း ဖြစ်တဲ့အခါကျတော့ ဝိုင်းမော်မြို့နယ်အတွင်းဖော်ဆောင်မယ့်သူအနေနဲ့ အဲလိုမျိုးအနေ နဲ့ရှိခဲ့တာပေါ့။ အဲဒီတော့ အခုအဲဒီအခန်း ကဏ္ဍလျော့ကျသွားပြီးမှ ပြည်နယ်အနေနဲ့ပေါ့နော် အနိုင်ရရှိလာတဲ့ ကချင်ပြည်နယ်က မည်သည့် လွှတ်တော်ကိုယ်စားလှယ်မဆို အလုပ်တွဲလုပ်သွားဖို့ပဲရှိပါတယ်။
မေး။ ။အနိုင်ရရှိခဲ့ရင် ဝိုင်းမော်အတွက် သာမက ကချင်ပြည်နယ်အတွက်ဘာတွေလုပ်ဆောင်ပေးမလဲ။
ဖြေ။ ။ပထမဦးဆုံး လုပ်ဆောင်မယ့်အချက်ကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရခက်ခဲနေတယ် လေနော်။ ဒါပေမယ့်လည်း ပြည်နယ်အစိုးရကိုပေးထားတဲ့ ကျွန်တော်တို့လုပ်ပိုင်ခွင့်အရတတ်နိုင်သမျှ ဥပဒေက ပေးထားတဲ့ အခွင့်အရးကိုရအောင် ပထမဦးဆုံး လုပ်မှာပါ။
မေး။ ။ဒါ့အပြင်ရော ဘာတွေ လုပ်ပေးနိုင်ဦးမလဲ။
ဖြေ။ ။ကျွန်တော်တို့ လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမယ်ဆိုရင် ကျွန်တော်ခုနကပြောတဲ့ ဒီမူးယစ်ဆေးဝါးဆိုရင် ဥပဒေအရ ဆောင်ရွက်လို့ရတဲ့ အရာတွေရှိတယ်။ လယ်ယာမြေ ဆိုရင်လည်း ကချင်တိုင်း ရင်းသား လူမျိုး ကချင်မျိုးနွယ်စုတွေရဲ့ဒီကချင် တောင်တန်းလူမျိုးစုတွေရဲ့ ဥပဒေတွေ အသက်ဝင်နေတုန်းပဲ။ ဒါတွေကလည်းအခုချိန်ထိ ပယ်ဖျက်ထားခြင်းမရှိ သေးဘူး။ဒီဥပဒေအရ အသက်မဝင်ဘူးဆိုတဲ့ပုံစံ မေ့လျော့ခြင်းခံနေရတာပေါ့။ အဲဒီလိုမျိုးဟာလေးတွေ အသက် ဝင်အောင် ဆောင်ရွက်လို့ရသွားတာပေါ့ ။
မေး။ ။ဘာများဖြည့်စွက်ပြောချင်တာရှိပါသလဲ။
ဖြေ။။အထူးသဖြင့် ပြောရမယ်ဆိုရင်တော့ ကျွန်တော့်ကိုက ကျွန်တော့မြို့က လူတွေနဲ့ နောက်ပြည်နယ်အ တွင်းက ကျွန်တော့်ကို ဒီရှေ့နေ ဦးဂဲနက်(စ်) အနေနဲ့ သိထားတာပေါ့လေ သိထားတဲ့ အခါကျတော့ မြေယာ ကိစ္စတွေ မူးယစ်ဆေးဝါးကိစ္စတွေ များများဆောင်ရွက်လာတော့ ရုတ်တရက်ပေါ့နော်။ နောက်ကြောင်းမရှင်းတဲ့ ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုပြီး ရှိခဲ့တော့လေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်အရင်က ဦးဂဲနက်(စ်)ပါပဲ။ ပြည်သူတွေ သိပ်သဘောမကျဘူးဆိုရင် ပြည်သူအသံကိုပဲ အခြေခံမှာဖြစ်တဲ့ အတွက် ပြည်သူ့ရဲ့ အသံကိုနားထောင်ပြီး ကိုယ့်ပုံရိပ်နဲ့ ရပ်တည်သွားမှာဖြစ် တဲ့အတွက် ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ ကျွန်တော့မဲဆန္ဒနယ်မှာ ကျွန်တော့် ကိုမဲပေးဖို့ရာ မဲထည့်နိုင် ကြောင်း ပြောလိုပါတယ်။