“ကျွန်တော်တို့ဆုံးရှုံးခဲ့တဲ့အရာအားလုံး ပြန်ယူဖို့အချိန်တန်ပြီ"

“ကျွန်တော်တို့ဆုံးရှုံးခဲ့တဲ့အရာအားလုံး ပြန်ယူဖို့အချိန်တန်ပြီ"

CNLD လွှတ်တာ်ကိုယ်စားလှယ်လောင်း ဆလိုင်းမျိူးချစ်နှင့် အင်တာဗျူး

၂၀၂၀ ရွေးကောက်ပွဲတွင် ထူးခြားမှုအနေဖြင့် တိုင်းရင်းသားပါတီများသည် အမျိုးသမီးနှင့် လူငယ်များကို  နေရာပေးမှုရှိလာ ကြပြီး ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်လည်း အမျိုးသမီးများ၊လူငယ်များကို အထိုက်အလျောက်နေရာပေး လာကြသည်။ အမျိုးသမီးနှင့် နိုင်ငံရေး၊ လူငယ်နှင့် နိုင်ငံရေးသည် ရွေးကောက်ပွဲတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် လူငယ်နှင့်နိုင်ငံရေးဆိုင်ရာဆက်နွယ်မှုများနှင့်ပတ်သက်၍ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက် လက်မြို့နယ် အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေအမှတ် ၅ မှ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကိုယ်စား ပြု၍ ဝင်ရောက်ယှဉ်ပြိုင်မယ့် လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းမျိူးချစ်အား ယခုလိုတွေ့ဆုံမေးမြန်းခဲ့ ပါသည်။

မေး - လူငယ်တစ်ယောက်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရတာလဲ။

ဖြေ - အနာဂတ်ပုံဖော်တဲ့အချိန်မှာ လူကြီးပိုင်းကြီးကပဲ ပုံဖော်ပြီးတော့ ပြောနေတဲ့ဟာတွေက အနာဂတ်မှာ တကယ်တမ်း ကြုံတွေ့ရတဲ့အဆိုးအကောင်းတွေ ကြုံရတဲ့သူဟာ လူငယ်တွေအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးဖြစ်ပါတယ်။ အဲလို မျိုးဖြစ်လာတဲ့အခါကျတော့ အနာဂတ်ကို ပုံဖော်တဲ့အချိန်မှာ  ကျွန်တော်တို့လူငယ်တွေလည်း ဘာဖြစ်လို့ ဆုံးဖြတ်ချက် ချပိုင်ခွင့်မရှိရမှာလဲ။ နိုင်ငံရေးသမားတွေကသော်လည်းကောင်း လွှတ်တော်ကသော်လည်းကောင်း သူတို့တစ်ခုခုဆုံးဖြတ်လိုက်တာ၊ ပြဌာန်းလိုက်တဲ့ဟာတွေရဲ့ အကျိုးအဆက်တော်တော် များများဟာ လူငယ်တွေလည်း ခံစားရတာပါပဲ။ အဲဒါကြောင့် ဒီလိုမျိုးဆုံးဖြတ်ပြောဆိုနေကြတဲ့ လွှတ်တော်ထဲမှာ လူငယ်တွေရဲ့ အသံဟာ တိုက်ရိုက် ရောက်ဖို့ အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့လူငယ်တွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ချင်းနိုင်ငံရေးမှာ အပြင်ကနေပဲမဟုတ် လက်တွေ့ ကိုယ်တိုင်ကိုယ်ကျေ ဆာင်ရွက်ဖို့ အရမ်းအရေးကြီးပါတယ်ဆိုတဲ့ဟာ ပြချင်တယ်။

မေး - လွှတ်တော်သုံးရပ်ရှိတဲ့အထဲက အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်ဖို့ဘာကြောင့်ရွေးချယ်ရတာလဲ။

ဖြေ - ပုံမှန်အားဖြင့် ဒီမိုကရေစီတိုင်းပြည်မှာ အထက်လွှတ်တော်ဆိုတဲ့ ဒီအမျိုးသားလွှတ်တော် မြန်မာပြည်မှာတော့ အထက်လွှတ်တော်ပေါ့ဗျာ။ လူမျိုးနဲ့ ဆိုင်တဲ့အရာတွေ သီးခြားကိုအာဏာပေးပြီးတော့ လူမျိုးတွေနဲ့ သက်ဆိုင်တဲ့လုပ်ပိုင်ခွင့် ပြောဆိုခွင့် ဥပဒေပြုခွင့် ဒီအကြောင်းအရာတွေဟာ အထက်လွှတ်တော်က ပိုပြီးတော့ အာဏာယူရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ (အထက်လွှတ်တော်)အမျိုးသားနှင့် ပြည်သူ့လွှတ်တော်ပေါင်းပြီးတော့ ပြည်ထောင်စုလွှတ်တော်ပြန်လုပ်တာပေါ့လေ။ ဘာပဲပြောပြော ဒီဟာသည် ကျနော်တို့ရဲ့ ဝိသေသလက္ခဏာအခြေခံတဲ့ လွှတ်တော်ဖြစ်တာက တစ်ပိုင်း၊ နောက်တစ်ခုကတော့ ဒီအမျိုးသားလွှတ်တော်ဆိုတာက ကျနော်တို့ကို ပိုပြီးတော့ ကိုယ်စားပြုချင်တာပေါ့။ ချင်းအမျိုးသားဆိုတဲ့ ကျွန်တော်တို့ လူမျိုးကို ကိုယ်စားပြုလို့ရတဲ့နေရာပေါ့ နော်။ အဲဒီဟာလည်း တစ်ပိုင်းပါပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ ချင်းအမျိုးသားရေး အမှတ်လက္ခဏာများနဲ့ ပတ်သက်တဲ့ အရာတွေကို တိုက်ရိုက်ကျနော်တို့ ပြောဆိုနိုင်တဲ့နေရာတွေဟာ ဒီလွှတ်တော်ပဲဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ရွေးချယ် ရခြင်းဖြစ်ပါတယ်။

မေး - တကယ်လို့လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဘာဆောင်ရွက်ဖို့ပြင်ဆင်ထားလဲ။

ဖြေ - ကျွန်တော်တို့ချင်းလူမျိူးတွေဟာ မြန်မာနိုင်ငံကိုတည်ထောင်တဲ့ လူမျိုးကြီးတစ်မျိူးဖြစ်ပါတယ်။ သူများနောက်လိုက် ရမယ့်လူမျိုးအဆင့်မဟုတ်ဘူး အဲဒီအခြေအနေမှာ ကျွန်တော်တို့ရဲ့ နိုင်ငံကြီးကိုတည်ထောင်တဲ့ လူမျိုးဟာ လူမျိုးရဲ့ ဂုဏ်အင်္ဂါနဲ့ပတ်သက်တဲ့အရာတွေဖြစ်တဲ့ အမျိုးသားအမှတ်လဏ္ခာ၊ ချင်းဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ချင်းဘာသာ စကားတွေကို ဥပဒေအရကာကွယ်ရမှာဖြစ်ပါတယ် အမျိုးသားအမှတ်လဏ္ခာနဲ့ အထူးသဖြင့် မြေယာပိုင်ဆိုင်မှုလိုဟာမျိုး အခုမြေယာသက်ဆိုင်တဲ့ဥပဒေတွေကို ကြည့်လိုက်ရင် ကျွန်တော်တို့ဟာ မြေပိုင်ရှင်သာဖြစ်တာ နယ်မြေတွေကို ကြီးစိုးခဲ့တဲ့သူသာဖြစ်တာ တကယ်တမ်းဥပဒေအရဆိုရင် ကျနော်တို့မပိုင်ဆိုင်သလိုဖြစ်ပါတယ်။ ဒီအရာတွေဟာကျနော်တို့ လုံးဝဥပဒေအရအကာအကွယ်ရနိုင်အောင် ကျွန်တော်တို့လုပ်ဆောင်ရမှာပါ၊

မေး - တိုင်းရင်းသားပြည်သူတွေက ဒေသခံတိုင်းရင်းသားပါတီတွေကို ဘာကြောင့်မဲပေးသင့်တာလဲ။

ဖြေ - ၂၀၂၀ မှာ တိုင်းရင်းသားတွေ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ သက်ဆိုင်ရာ တိုင်းရင်းသားပါတီကို လုံးဝ ဘာမှ နောက်ဆံမတင်းပဲ မဲပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံကြီးဟာ လူမျိုးပေါင်းစုံကနေစုပေါင်းပြီးတော့ ပိုင်ဆိုင်ထားတဲ့ တည်ထောင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲလိုမျိုးစုပေါင်းပြီးတော့ တည်ထောင်တဲ့ နိုင်ငံဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့အစိုးရကို လူမျိုးပေါင်းစုံကနေပြီးတော့မဖွဲ့နိုင်ရမှာလဲ။ အဲဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံရဲ့ဖြစ်တည်လာမှုပုံစံကို ကြည့်ခြင်းအားဖြင့်လည်း ကျနော်တို့ ဒီအစိုးရကိုဖွဲ့စည်းဦးဆောင်တဲ့အခါမှာလည်း အဲလိုမျိုးစုပေါင်းပြီးတော့ အုပ်ချုပ်တဲ့ပုံစံ လိုအပ်ပါတယ်။ အဲဒါကြောင့် အဲလိုဖြစ်လာဖို့အတွက်က ကိုယ့်တိုင်းရင်းသားပါတီတွေကို မဲပေးရွေးချယ်ဖို့လိုပါတယ်။

တစ်ပါတီထဲကဘဲ အစိုးရဖွဲ့နိုင်ရင် ဘာလုပ်သလဲ။ အဲဒီပါတီရဲ့ မူဝါဒနဲ့ အဲဒီပါတီကလုပ်ခိုင်းတဲ့ဟာတွေ ခိုင်းတာလုပ်ရတဲ့ အဆင့်၊ကိုယ့်ကိုရာထူးပေးရင် ရတဲ့အဆင့်၊လစာပေးရင် ယူရတဲ့အဆင့်၊နေရာပေးရင် ယူရတဲ့အဆင့်သာရှိမယ်။ကျနော်တို့ဟာ လက်အောက်ခံလိုဖြစ်နေတယ်။ ကျနော်တို့တိုင်းရင်းသားတွေဟာ ဒီပြည်ထောင်စုလက်အောက်ခံတွေ မဟုတ်ဘူး ကျနော်တို့ ဒီပြည်ထောင်စုကြီးကိုတည်ထောင်တဲ့လူမျိုးတွေဖြစ်တယ်ဆိုတာကို အသိမှတ်ပြုပြီးတော့ စုပေါင်းပြီးတော့ခေါင်းဆောင်မှုကို ကျနော်တို့မှာ တကယ်ကျင့်သုံးဖို့လိုတယ်။

မေး - CNLD အတွက် ဒီနှစ် ရွေးကောက်ပွဲဆောင်ပုဒ်က ချင်းတို့အရေးပြန်ယူကြစို့လို့ သိရတယ်။ အဲဒီဆောင်ပုဒ်ပေးရခြင်းကို ရှင်းပြပေးလို့ရမလား။

ဖြေ - အဓိကတော့ ကျွန်တော်တို့ချင်းတွေဟာ အခုနလည်းပြောပါတယ်။ လူမျိုးကြီးဖြစ်ပါတယ်။ နိုင်ငံတော်ကိုတည် ထောင်ခဲ့တဲ့ လူမျိုးတွေဖြစ်ပါတယ်။ အဲလိုဖြစ်သော်လည်း နိုင်ငံရေးစနစ် ခေတ်အဆက်ဆက်အရ ကျွန်တော်တို့ချင်းတွေရဲ့ ဖြစ်တည်မှုတွေ ကျွန်တော်တို့ ဆုံးရှုံးလိုက်ရတဲ့အခွင့်အရေးတွေ ကျွန်တော်တို့ဆုံးရှုံးလိုက်ရတဲ့နေရာတွေအများကြီးရှိပါတယ် ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုထုံးတမ်းတွေ ကိုယ့်ရဲ့ဘာသာစကားတွေ ကိုယ့်ရဲ့ဓလေ့တွေ ကျနော်တို့ရဲ့ မြေရာပိုင်ဆိုင်မှုတွေ ရှင်းရှင်းပြောရင် ကျနော်တို့ရဲ့ ဖြစ်တည်မှုအကုန်လုံးကဆုံးရှုံးနေပါတယ်။ အခုဆိုရင် ခြိမ်းခြောက်မှုတောင်ခံရတယ်။ ကျွန်တော်ကျနော်တို့ဆုံးရှုံးခဲ့တဲ့အရာအားလုံး ချင်းတွေက ပြန်ယူဖို့အချိန်တန်လာပြီ။ အဲဒါတွေကိုပြန်ယူဖို့စည်းလုံးဖို့ မဲပေးဖို့အရေးကြီးပါတယ်ဆိုတဲ့ဟာကို ကျနော်တို့က အဲဒီဆောင်ပုဒ်ကို ရွေးချယ်ခြင်းဖြစ်ပါတယ်။

မေး - တိုင်းရင်းသားပါတီတွေက အစိုးရဖွဲ့နိုင်ဘူးလို့ ပြောဆိုကြတယ် ဆိုတော့ CNLD ပါတီအနေနဲ့ ချင်းပြည်နယ်မှာ အစိုးရဖွဲ့နိုင်မလား၊ ဘယ်လိုနည်းနဲ့ အစိုးရဖွဲ့နိုင်မလဲ။

ဖြေ - ရွေးကောက်ပွဲလည်းမရောက်သေးဘူး။ အဖြေလည်းဘာမှမထွက်သေးတဲ့အခါမှာ ကျနော်တို့ပဲ အစိုး ရဖွဲ့မှာပါလို့ သွားပြောတဲ့အခါ လိမ်တာဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဒါဟာပြည်သူလှည့်စားတာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့ စည်ပုံအခြေခံဥပဒေထဲမှာပေးထားချက်အရ ကျနော်တို့ ချင်းပြည်နယ်မှာ တပ်မတော်အပါအဝင်ကိုယ်စားလှယ် ၂၄ ဦးရှိပါတယ်။ ထက်ဝက်ကျော်ရရင် အစိုးရဖွဲ့လို့ရပါတယ်။ ဘာဖြစ်လို့ အဲလိုပြောနိုင်သလဲဆိုတော့ ဒီဟာသည် ဖွဲ့စည်းပုံအ ရဖြစ်ပါတယ်။ နိုင်ငံရေးအရတော့ အကုန်လုံးဖြစ်နိုင်ပါတယ်။

နိုင်ငံရေးအရ ဘယ်လိုဖြစ်လာနိုင်လဲ ကျနော်တို့ ပြည်ထောင်စုမှာ ပါတီတစ်ခုတည်းကနေ အစိုးရမဖွဲ့နိုင်တဲ့နိုင်ငံရေးအခင်းအကျင်း ကို တိုင်းရင်းသားတွေ ဖန်တီးလာပြီဟေ့ဆိုရင် ပြည်မပါတီဘက်က ဗဟိုအစိုးရဖွဲ့ဖို့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ထောက်ခံမှုကို လိုအပ်လာတဲ့ သူတို့ညှိနှိုင်းလာတဲ့အခါမှာ ကိုယ့်ရဲ့ပြည်နယ် ကိုယ့်ရဲ့ တိုင်းဒေသကြီးမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ရွေးချယ်မှုနဲ့ပဲ အစိုးရဖွဲ့ရမယ်ဆိုတဲ့ဟာတွေက ညှိနှိုင်းမှုတွေဖြစ်လာ မှာဖြစ်ပါတယ်။ အဲဒီအခြေအနေအရ ကျနော်တို့ CNLD အနေနဲ့ ကျွန်တော်တို့ဟာ ချင်းပြည်နယ်အစိုးရကို ဦးဆောင်ဖို့တော်တော်လေးကိုပြင်ဆင်နေပါတယ်။ကျနော်တို့ ဖွဲ့စည်းနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ကြိုးစားနေပါတယ် ဆိုတော့ အဲဒါကြောင့်ပဲ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပေးထားချက်အရလည်း ကျနော်တို့ဖွဲ့စည်းနိုင်တဲ့အလားအလာရှိပါတယ်။ကျနော်တို့ အနိုင်ရရင် မဖွဲ့စည်းနိုင်စရာအကြောင်းတော့မရှိပါဘူး။

မေး - ချင်းပြည်နယ်ကိုကြည့်မယ်ဆိုရင် လူငယ်တစ်ယောက်အနေနဲ့ ဘယ်ကဏ္ဍတွေကို ပြုပြင်ပြောင်းလဲချင်လဲ ဘာကြောင့်လဲ။

ဖြေ -ကျွန်တော်တို့ရဲ့ ချင်းအနာဂတ်၊ကျွန်တော်တို့ရဲ့ အမျိုးသားရေးကို လေ့လာတဲ့အခါမှာ ကျွန်တော်တို့လူငယ်တွေရဲ့ အနာဂတ်ကိုကောင်းမွန်အောင်ဖန်တီးဖို့အရေးကြီးပါတယ်။ လူငယ်တွေနဲ့ ပညာရေးအခန်းကဏ္ဍဟာ တကယ့်ကို အမျိုးသားရေးတာဝန်တစ်ရပ်လို  အကောင်ထည်ဖော်ဖို့အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်။ ဖွံ့ဖြိုးရေးကဏ္ဍကလည်းအ ရေးကြီးပါတယ်။ ပြည်သူလူထုရဲ့ ဘဏ္ဍာငွေအခွန်ထဲက ဘက်ဂျက်နဲ့လုပ်တဲ့ဟာဖြစ်တယ်။ ဒါကြောင့် ပြည်သူ့ဘတ်ဂျက် အလေအလွင့်မရှိအောင် ကောင်းကောင်းမွန်မွန်လုပ်ဆောင်ဖို့လိုပါတယ်။

လက်ရှိအခြေအနေမှာ ချင်းပြည်နယ်ဟာ လာဘ်စားမှုမှာ အမြင့်ဆုံးပိုင်းမှာပါနေတာကို ကျနော်တို့ တွေ့ရတဲ့အခါမှာ ဝမ်းနည်းစရာကောင်းတယ်။ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ကိုင်တွယ်လုပ်ဆောင်ဖို့ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုလျော့ချရေးစီမံကိန်းတွေရေးဆွဲဖို့လိုပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ မြေယာနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေပေါ့ ဒါတွေထိန်းသိမ်းဖို့က တော်တော်လေးကိုအရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်မှာဆိုရင် ဗမာစကားကိုပိုပြီးတော့ တတ်ကျွမ်းနေသလိုဖြစ်လာတဲ့အခြေအေနရောက်လာပါတယ် ဒီအခင်းအကျင်းမှာ ကျနော်တို့စကားတွေယဉ်ကျေးမှုတွေ တဖြည်းဖြည်းနည်းလာပြီးတော့ ဗမာစကားကိုပဲပိုပြောလာရင် ကျနော်တို့လူမျိုးဖြစ်တည်မှုကို ဘယ်လိုကာကွယ်ရတော့မလဲ။

နောက်တစ်ခုချင်းတွေအတွက်အရေးကြီးတဲ့ မြေယာပိုင်ဆိုင်မှုကိစ္စတွေ အခုသီအိုရီအရဆိုရင် မြေလွတ်မြေရိုင်းဥပဒေ လယ်ယာမြေဥပဒေ သစ်တောဥပဒေအရဆိုရင် ကျနော်တို့နယ်မြေယာဟာ အချိန်မရွေးအစိုးရက သူလုပ်ချင်တာတွေအကုန် လုပ်သွားလို့ရတယ်ဆိုတဲ့အခင်းအကျင်းမျိုးဖြစ်နေပါတယ်။ အခုလည်းပဲ ကန်ပလက်ဘက်မှာ ဧက ငါးသောင်း တစ်ထောင် ကျွန်းပင်ကာကွယ်တောလုပ်မယ်ဆိုပြီးတော့လုပ်နေပြန်ပါတယ်ဆိုတော့ ဒီအရာတွေဟာ ကျွန်တော်တို့ ချင်းတွေရဲ့ဖြစ်တည်မှုကြီးကို ခြိမ်းခြောက်နေသလိုဖြစ်နေတယ်။ အဲဒါကြောင့်အခုနပြောတဲ့အချက်တွေ ပညာရေးရယ် ဆင်းရဲနွမ်းပါးမှုလျော့ချရေး ပြီးတော့အမျိုးသားအမှတ်အသားလက္ခဏာနဲ့ဆိုင်တဲ့ဟာကို ထိန်းသိမ်းဖို့ရယ် မြေယာပိုင်ဆိုင်မှုကို ကျနော်တို့ ဥပဒေနဲ့ရနိုင်အောင် ပြန်ကြိုးစားမှုတွေဟာ ဒါတွေဟာ ချင်းတွေအတွက် အထူးအရေးကြီးတဲ့ ကိစ္စတွေဖြစ်တယ် ယုံကြည်ပါတယ်။

မေး - တခြားဘာများထပ်မံဖြည့်စွပ်ပြောချင်တာရှိပါသေးလဲ။

ဖြေ - ပြည်သူလူထုကို အားကိုးပါတယ် ပြည်သူလူထုကိုလည်း လေးစားပါတယ် ကျေးဇူးလည်းတင်ပါတယ် ကျနော်တို့တွေရဲ့ ဒီမိုကရေစီအခွင့်အရေးအရ ကျနော်တို့ဟာ မဲထည့်ရမှာဖြစ်ပါတယ်။အခုတလော ကြားနေရသလောက်ဆိုရင် ဖွံ့ဖြိုးရေးကို ဘန်းပြပြီးတော့ စည်းရုံးမှုတွေ ပြည်သူ့ဘက်ဂျက်သုံးပြီးတော့ စည်းရုံးမှုတွေလုပ်တဲ့အခါမှာ ပြည်သူတွေဟာစိုးရိမ်ပြီးတော့ ဖိအားတွေအများကြီးရှိနေတယ်  သူတို့ရွာကိုကားလမ်း မပေါက်နိုင်မှာ စိုးရိမ်တာမျိုးတွေ ကျောင်းမရနိုင်မှာ စိုးရိမ်မှုမျိုးတွေ ရေမရမှာ စိုးရိမ်တာမျိုးတွေ ဒီလိုမျိုးခြိမ်းခြောက်မှုတွေနဲ့ လက်ရှိအာဏာရှိတဲ့သူတွေကပြောတဲ့အခါမှာ ခြိမ်းခြောက်မှုတွေခံစားနေရတယ် ဒီမိုကရေစီဖြစ်ဖို့ ရွေးကောက်ပွဲဟာအရေးကြီးတယ် အဲဒီရွေးကောက်ပွဲက ဘာဖိအားမှမရှိဘဲ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အရေးကြီးပါတယ်။

ကျွန်တော်ပြောချင်တာကတော့ မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီအပြောင်းအလဲလုပ်ဖို့အတွက် မဲထည့်ကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေက ဒီမိုကရေစီတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ဒီမိုကရေစီတစ်ခုတည်းအတွက် မဲမထည့်ကြပါနဲ့။ ကျနော်တို့ မဲထည့်ခြင်းဟာရည်ရွယ်ချက်နှစ်ခုရှိတယ်ဆိုတာကို နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။နံပတ် (၁) ကတော့ နိုင်ငံရေးအပြောင်းအလဲအတွက်မဲထည့်ရမှာဖြစ်သလို၊ နောက်တစ်ခုကတော့ ကျနော်တို့ တိုင်းရင်းသားတွေအတွက် အထူးလိုအပ်တဲ့ အမျိုးသားရေးကို ကာကွယ်တဲ့အနေနဲ့လည်း မဲထည့်ရခြင်းဖြစ်ပါတယ်ဆိုတဲ့ ရည်ရွယ်ချက် နှစ်ခုစလုံးအတွက် မဲထည့်ကြပါလို့ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...