ရွေးကောက်ပွဲကျင်းပရန် ရက် ၂၀ ကျော်သာလိုတော့သည့်အချိန် တိုင်းရင်းသားပါတီများ၏ ရွေးကောက်ပွဲအောင်နိုင်ရေး အဟန့်အတားများစွာဖြင့် ကြုံတွေ့နေရကြောင်း တိုင်းရင်းသာပါတီများမှ ဦးဆောင်သူများက ပြောသည်။
ထို့ပြင်ကိုဗစ်ကာလကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကန့်သတ်ချက်များစွာဖြင့် မဲဆွယ်ရေးလုပ်ဆောင်ရာတွင် ပြည်မပါတီကြီးမျာနှင့် တိုင်းရင်းသာပါတီငယ်များအကြား ကွာခြားမှုကြီးမားလျက်ရှိသည်ဟု ဆိုသည်။
“အခက်အခဲတော့ အများကြီးကြုံရတယ်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုနဲ့ကြုံရတယ်။ နောက် ကျွန်တော် တို့ ဝန်းရံသူတွေက ကျွန်တော်တို့ ဝန်းရံဖို့ မဲထည့်ပုံထည့်နည်းတွေကို သင်ပေးတယ်။ အဲ့ဒါလည်းအတိုင်ခံရ တယ်။ နောက်ပြီးတော့ ကိုဗစ်ကာလလည်း ဖြစ်တဲ့အခါကြတော့ ၅၀ ထပ်မပိုရဆိုပြီးမှ အင်အားပြတဲ့ကိ စ္စလည်း ကန့်သတ်ထားတာပေါ့ဗျာ။ အဲ့ခါကြတော့ ဟိုဘက်က ပြတာတော့ မတားဘူး။ ဒီဘက်က ပြတာ တော့ တားတာတွေ တွေ့ရတယ်ပေါ့။ တားတယ်ဆိုတာလည်း တရားဝင်စာနဲ့တားတာ မဟုတ်ဘူး။ ဖုန်းနဲ့ လှမ်းပြီး ပြောတာပေါ့လေ။ လူများရင်ခွင့်မပြုဘူးဆိုတာမျိုးတွေလှမ်းပြောတယ်။ နောက်ပြီး NLD ကနေ မဲဆွယ်စည်းရုံးရေး အင်အားပြနေကြတယ်။ မိုးညှင်းမြို့နယ်မှာ။ ကော်မရှင်ကိုလှမ်းမေးတယ်။ NLD က အခုအင်အားပြနေတာ ကော်မရှင်ကို လာ တင်လားဆို တစ်ခုမှ မတင်သေးဘူးတဲ့။ သူတို့ကျတော့ မတင်ပဲနဲ့ ကျနော်တို့ ပါတီက အင်အားပြတာကိုကျတော့ အောက်ခြေက NLD က ကော်မရှင်ကို လှမ်းတိုင်တယ်။ ဒါတွေ က မကောင်းဘူး” ဟု မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ ကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်၍ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောသည်။
ယခုအခါတိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာဒေသအလိုက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရှမ်းနီပြည်သူများထံ သွားရောက်မဲဆွယ်စည်းရုံးလျက်ရှိပြီး ၎င်းတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် အိမ်လည်၍ ရေနွေးကြမ်းဝိုင်းဖွဲ့ကာ ပါတီမူဝါဒများကို လိုက်လံချပြခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း စိုင်းဌေးအောင်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ပြီးခဲ့သည့်လမှစတင်၍ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း ဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်ချက်နှင့် သက်ဆိုင်ရာဒေသအလိုက်ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ အမိန့်များ၊ လမ်းညွှန်ချက်များကို လိုက်နာရမည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါ ကန့်သတ်ချက်များကြောင့် တိုင်းရင်းသား ပါတီများမဲဆွယ်စည်းရုံးရေးအတွက် အခက်အခဲရှိနေသည့်ကြားမှပင် ဒေသရှိအာဏာပိုင်များနှင့် မြို့နယ်ရွေးကော်များက စည်ကမ်းသတ်မှတ်ချက်များကို တစ်မျိုးစီ ထုတ်ပြန်နေမှုကလည်း တိုင်းနှင့်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများအတွက် အဟန့်အတားများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ကချင်ပြည်နယ်မှာ Lock down ကာလမှာ ငွေရေးကြေးရေးအစပေါ့။ ပြင်ဆင်တဲ့ သင်ထောက်ကူပစ္စည်းတွေကအစ သွားရေးလာရေးကအစပေါ့နော်။ ဆိုတော့ တချို့လူတွေက ကိုဗစ်ကာလဖြစ်တဲ့အခါကြတော့ မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ ပြည်သူနဲ့တွေ့တဲ့အချိန်မှာ ကိုဗစ်ကြောင့် စိုးရိမ်ကြတယ်။ ကြောက်ကြတယ်။ ပြည်နယ်အခြေဆိုက်ပါတီတွေကတော့ အခက်အခဲဖြစ်နေတာပေါ့။ နောက်တစ်ခုကရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိကျသေချာတဲ့ ထုတ်ပြန်ချက်တွေကို အချိန်မီထုတ်တာမျိုး လုပ်စေချင်တယ်။ အခုက ထုတ်ပြန်ချက်တွေက နီးကပ်မှ ထုတ်နေကြတာလေ။ တခါတလေ ကျန်းမာရေးဝန်ကြီးဌာနကလည်း တစ်မျိုးထုတ်၊ ဒေသအစိုးရကလည်း တစ်မျိုးထုတ်၊ ရွေးကော်ကလည်း တစ်မျိုးထုတ်တော့ အဆင်မပြေဘူး။ ဌာနဆိုင်ရာတွေက တစ်မျိုး၊ ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်ကတစ်မျိုး၊ အဲ့လိုဖြစ်နေတော့ ကျနော်တို့ မြေပြင်ဆင်းရတဲ့အခါမှာ ခက်ခဲမှုတွေက အတိုင်းအထက်လွန် ကြုံနေရတယ်” ဟု ကချင်အမျိုးသားကွန် ဂရက်ပါတီ (KNC) ၏ ဖားကန့်မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနောင်လတ်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကိုဗစ်ကာကွယ်ထိန်း ချုပ်ရေးဆိုင်ရာ ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန်ချက်ကို မဲဆွယ်စည်းရုံးခွင့်ပြုသည့် စက်တင်ဘာ ၈ ရက် မဲဆွယ်စည်းရုံးပေးသည့် ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အမိန့်များ၊ လမ်းညွှန်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနအပြင် ဒေသအလိုက် ကိုဗစ်ဖြစ်ပွားမှုအခြေအနေပေါ်မူတည်၍ လိုအပ်သလို တိုင်းနှင့်ပြည်နယ်များရှိ အာဏာပိုင်များနှင့် ရွေးကောက်ပွဲကော်မရှင်တို့က ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
“ပြည်မပါတီတွေက အခက်အခဲရှိပေမယ့် ကျွန်တော်တို့ တိုင်းရင်းသားအခြေစိုက်ပါတီတွေလောက် အခက် အခဲ မရှိနိုင်ဘူး။ တချို့အင်အားကြီးပါတီတွေကတော့ မဲဆွယ်စည်းရုံးရေးတွေ လုပ်ပြီးပါပြီ။ ပါတီကြီးတွေပေါ့။ ပြည်မပါတီတွေကတော့ ဖားကန့်မှာ နှစ်ပါတီ သုံးပါတီရှိတာပေါ့။ ပြည်နယ် အခြေဆိုက်တွေက သူတို့ထက် စိန်ခေါ်မှု အခက်အခဲရှိတာပေါ့။ စည်းရုံးရေးလည်း အင်နဲ့အားနဲ့ မလုပ်နိုင်သေးဘူး”ဟု လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးနောင်လတ်က ဆက်လက်ပြောသည်။
ပြည်မပါတီကြီး တချို့သည် ကျန်းမာဆိုင်ရာကန့်သတ်ချက်များကျော်လွန်၍ မဲဆွယ်စည်းရုံမှုကို လုပ်ဆောင် နေကြောင်း ကချင်ပြည်ပြည်သူ့ပါတီ (KSPP) လူငယ်ရေးရာတာဝန်ခံ ကိုနော်ခုန့်က ပြောသည်။
“ကျွန်တော်တို့က ပါတီစည်းရုံးရေးကို စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်နေတယ်။ ဒါပေမယ့် လက်ရှိအစိုးရကသူတို့ ထုတ်ပြန်ပေမယ့်လည်း သူတို့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဖြစ်မနေတာကို တွေ့ရတယ်။ သူတို့ လူတွေ ထောင်သောင်းချီပြီး မဲဆွယ်စည်းရုံးရေးလုပ်နေတာကို တွေ့တဲ့အခါမှာ ပြောစရာတော့မရှိဘူး။ ဒါကို ကျွန်တော်တို့က မှတ်ထားတယ်” ဟု ၎င်းကပြောသည်။
ထိုပြင် မဲဆန္ဒနယ် ပြင်ပရောက်နေသူများ ရက်ပေါင်း ၉၀ထက်မနည်းနေထိုင်ပါက မဲပေးခွင့်ရမည်ဆိုသည့်အ ချက်ကလည်း တိုင်းရင်းသားပါတီများအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။
မဲဆန္ဒနယ် ပြင်ပရောက်နေသူများအနေဖြင့် အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ ရောက်ရှိနေသော မဲဆန္ဒနယ် တွင် မဲပေးခွင့်ရရှိမည်ဖြစ်သည်။
ရွေးကောက်ပွဲ နည်းဥပဒေများတွင်ပါရှိသည့် ပြင်ဆင်ချက်များအနက် နည်းဥပဒေ ၁၀ ၌ ပါဝင်သော “အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း” ဟူသည့် စကားရပ်ကို “အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း” ဟူ၍ အစားထိုးပြင်ဆင်ချက်အား ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
ထို့သို့သောအခြေအနေသည် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများအပေါ် အနည်းနှင့်အများ ထိခိုက်လာနိုင်သည့်အခြေအနေတစ်ရပ်ပင် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ကချင်ပြည်နယ်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းနှင့် လမ်းဖောက်လုပ်ရေး စီမံကိန်းများတွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမား သောင်းနှင့်ချီရှိနေခြင်းကြောင့်ဖြစ်သည်။
“လူဦးရေ တအားနည်းတဲ့ မဲဆန္ဒနယ်မှာ ပြည်မပါတီတွေက မဲရယူဖို့ လုပ်နေတာ တွေကို တွေ့ရတယ်။ ဒါက ဘာလဲဆိုတော့ အင်ဂျန်းယန်မြို့နယ်ထဲမှာ ရက်ပါင်း ၉၀ အတွင်းလည်း မဟုတ်ဘူး။ တစ်လအတွင်းပေါ့ ပြီးခဲ့တဲ့ နှစ်ပတ်လောက် သုံးပတ်လောက်အတွင်းမှာလည်း ပုံစံ ၁၀ နဲ့ပြောင်းပြီးတော့ မဲပေးဖို့ လုပ်ခိုင်း တာ တွေ တွေ့ရတယ်။ ပြီးတော့ ဆွမ်ပရာဘွမ်ဘက်မှာလည်း ရွှေ့ပြောင်းလုပ်သားတွေကို ရွေးကောက်ပွဲလုပ်မယ့် နှစ်မှ စီမံကိန်းတွေ ချပေးတာ ဒါတွေက ကျနော်တို့အတွက် စိန်ခေါ်မှုပေါ့။ အာဏာရ ပါတီနဲ့ ပြည်မပါတီတွေက လုပ်ဆောင်နေတွေကို လုံးဝမကြိုက်ဘူး” ဟု ကိုနော်ခုန့်က ဆက်လက်ပြောသည်။
ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီပေါင်း ၁၇ ပါတီခန့်ရှိပြီး တိုင်းရင်းသားပါတီ ၁၀ ပါတီခန့်ရှိကာပါတီကြီးတချို့သည် ရက်ပေါင်း ၉၀ ထက်မနည်းနေထိုင်ပါက မဲပေးခွင့်ရရှိသည့်အပေါ် အသုံးချနေကြောင်း ပြောကြားမှုများ ရှိနေခြင်းဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ကိုဗစ်ကာလ မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို ပုံသဏ္ဌန်အမျိုးမျိုးဖြင့်မမျှတမှုများရှိနေသည့်အပြင် ရွေးကောက်ပွဲ နည်းဥပဒေအချက်တချို့ အပြောင်းအလဲအပေါ် အသုံးချနေမှုများကြောင့် တိုင်းနှင့်ပြည်နယ်အခြေ စိုက်တိုင်းရင်းသားပါတီများ၏ ရွေးကောက်ပွဲအောင်နိုင်ရေးသည် အခက်အခဲများ၊အတားအဆီးများဖြင့် ကြုံတွေ့နေရမည်သာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။