ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်၏ မဲဆွယ်တီရှပ်များ အရောင်းသွက်နေကြောင်း ပန်းတနော်မြို့နယ်၊ မရမ်းရွာရှိ တိမ်ကမ္ဘာဆေးဆိုးပန်းရိုက်လုပ်ငန်းမှ စအိုင်ထီးခန့်က ပြောသည်။
ပဒိုမန်းငြိမ်းအောင်သည် ကရင်ပြည်သူ့ပါတီကိုယ်စားပြု၍ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
“အစက မန်းငြိမ်းရဲ့ မဲဆွယ်တီရှပ်တွေကို သူတို့ ပါတီကပေးတယ်။ နောက်မပေးနိုင်တော့ဘူးထင်တယ်။ ရွာတွေက ကျနော်ဆီ လာပြီးဆေးရိုက်တယ်။ အထည်အနည်းအများပေါ်မူတည်ပြီး တစ်ထည်တစ်ထောင်ဝန်းကျင်လောက် ဆေးရိုက်ခယူပါတယ်” ဟု ၎င်းက အောက်တိုဘာ ၁၂ ရက်တွင် ပြောသည်။
ထို့အပြင် ပန်းတနော်ကရင်ပြည်သူ့ပါတီပုံပါ နှာခေါင်းစည်း (mask) များလည်း ယခုရက်ပိုင်းအတွင်း အခုရာချီ ရိုက်နှိပ်ရောင်းနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပန်းတနော်မြို့နယ်တွင် ကရင်ပြည်သူ့ပါတီက ပြည်သူ့လွှတ်တော်နေရာတွင် ပဒိုမန်းငြိမ်းမောင်၊ တိုင်းဒေသကြီး အမှတ်-၂ ၌ စရဲသူရိန်ဟန်တို့ အသီးသီးဝင်ပြိုင်သွားမည် ဖြစ်သည်။
“တီရှပ်တွေက ပထမတစ်ခေါက်က ၇၀၀ ရိုက်တယ်။ နောက်ထပ် ၂၀၀ ရိုက်တယ်။ ပေးဖို့တော့မရှိတော့ဘူး။ ရွာတွေကမပေးရင်လည်း သူတို့ဘာသာသူတို့ ဝယ်မယ်ဆိုတော့ ဒီလိုပဲ ဆိုင်ကိုသွားဖို့ မေတ္တာရပ်ခံပြောရတယ်” ဟု တိုင်းဒေသကြီးအမှတ် -၂ ကိုယ်စားလှယ်လောင်း စရဲသူရိန်ဟန်က ပြောသည်။
ထို့အပြင် ပန်းတနော် KPP အနေဖြင့် စည်းရုံးရေးဆင်းရန် အစီစဉ်ဆွဲထားသော်လည်း ဖိတ်ကြားသည့် ရွာများရှိသည့်အတွက် သွားရောက်တွေ့ဆုံ ဟောပြောနေရပြီး ဟောပြောရာတွင်လည်း ကိုဗစကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လူငါးဆယ်မကျော်ရေး ဝန်းရံသူများကို မေတ္တာရပ်ရသည့် အခြေအမျိုးရှိသည်ဟု ပန်းတနော် ကရင်ပြည်သူပါတီရုံးခွဲမှ သိရသည်။
“ရွာတွေက သူတို့အစီစဉ်နဲ့သူတို့ လှည့်လည်ချင်တယ်။ ကျနော်တို့က ဘာမှ မကူပေးနိုင်ဘူး။ ကိုဗစ် စည်းကမ်းနဲ့အညီ ခပ်ခွာခွာသွားဖို့ ရေလမ်းသွားရင် ကုန်းပေါ်မတက်ဖို့ ကုန်းလမ်းကသွားရင် ရေလမ်းကိုမဆင်းဖို့ မှာထားတယ်၊ အဖူးမန်းငြိမ်းက စည်းကမ်းရှိဖို့ အမြဲမှားထားတယ်” ဟု စရဲသူရိန်ဟန် ဆက်ပြောသည်။
ပဒိုမန်းငြိမ်းမောင်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုကော်မတီဝင်အဖြစ်မှ နုတ်ထွက်ကာ ကရင်ပြည်သူ့ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်သွားမည်ဖြစ်သည်။
ပန်းတနော်မြို့နယ်တွင် စုစုပေါင်းလူဦးရေ ၂၇၅,၆၇၅ ဦးရှိပြီး ယင်းတို့ထဲတွင် ကရင်လူမျိုး ၅၁ ရာခိုင်နှုန်း နေထိုင် ကာ မဲဆန္ဒရှင် စုစုပေါင်း ၁၇၅,၃၆၅ ဦးရှိကြောင်း ၂၀၁၉ ခုနှစ်တွင် ပြုစုထုတ်ပြန်ထားသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။