မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်နေရာ ၄၅ နေရှိပြီး ၎င်းနေရာအတွက် ပါတီ ၁၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၉၁ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၁ ဦးတို့က ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးရွေးချယ်လိုသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲအလွန် ဖြစ်လာမည့် အစိုးရအနေဖြင့်ဒေသအတွက်အကောင်အထည်ဖော်ပေးစလိုသည်များ။ လက်ရှိအစိုးရများ၏ လုပ်ဆောင်ချက်အပေါ် အမြင်များနှင့်ပတ်သက်၍ ဒေသခံပြည်သူများနှင့် အသံများကို ဖော်ပြလိုက်ရပါသည်။
ဦးတင်မျိုးအောင် (သံဖြူဇရပ်မြို့နယ်၊ ထမင်းဆိုင်ပိုင်ရှင်)
“အဓိကက အားလုံးသိပြီးသားဖြစ်တဲ့ အတိုင်းပဲပေါ့လေ။ ကိုယ့်ဒေသက မွန်တိုင်းရင်းသားအများဆုံး အဓိကက နေထိုင်တဲ့ ဒေသတစ်ခုဖြစ်တယ်။ လာမည့် နိုင်ငံရေး အခင်းအကျင်းမှာ ပါတီဆုံ ဒီမိုကရေစီစနစ်ရဲ့ အခြေခံဖြစ်တဲ့ ညွှန့်ပေါင်းအစိုးရပေါ့နော်။ အဲ့ဒါပြီးရင် တိုင်းရင်းသား ပြည်သူလူထုရဲ့ အကျိုး အားလုံးကို ကြိုသိနိုင်မယ့် တိုင်းရင်းသား ကိုယ်စားလှယ်တွေကိုပဲ လိုချင်ပါတယ်။အဓိက ကိုယ်စားလှယ်ကတော့ သူလုပ်ရမယ့် တာဝန်က ပြည်သူတွေနဲ့ တွေ့မယ်။ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေထဲက ပြည်သူတွေကို ဘာတွေ လုပ်ပေးနိုင်မလဲပေါ့ ။ လူငယ်အခွင့်အလမ်းတွေ ပညာ စီးပွားရေး အားကစား နောက်ပြီး စီးပွားရေးအနေနဲ့ မွန်ပြည်နယ်မှာဆိုရင် ကျွန်တော်တို့က ရော်ဘာကို အဓိက လုပ်တယ်။ ရော်ဘာနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး ဖြစ်နိုင်မယ့် ဦးဆောင်ဆွေးနွေးပြီးတော့ အကောင်အထည်ဖော်စေချင်တာပေါ့ ။ အစိုးရအနေနဲ့ က ခုချိန်ထိ ဒီမိုကရေစီစနစ် အကောင်အထည်မဖော်နိုင်သေးဘူး။ အစိုးရ နှစ်ဆက်ပြီးသွားပြီပေါ့နော် ဦးသိန်းစိန်းလက်ထက်နဲ့ ခုဒေါ်အောင်ဆန်းစုကြည်လက်ထက် ပြည်သူ့အစိုးရပေါ့လေ။ကျွန်တော်တို့ မျှော်မှန်းတာ ခုထိ မဖြစ်လာသေးဘူး။ ဖြစ်မလာသေးတဲ့ အတွက် နောက်တက်လာမယ့် အစိုးရကို စနစ်တစ်ခုကို ပြောင်းလဲပြီး အကောင်းဆုံး လုပ်နိုင်အောင် မျှော်လင့်ပါတယ်။ အဲ့ဒီအစိုးရကို ရမှသာ ကျွန်တော်တို့က ဖက်ဒရာယ် ဒီမိုကရေစီ အစိုးရကို တည်ထောင်နိုင်မှာလည်း ဖြစ်ပါတယ်”
ကိုမြင့်စိုး (မော်လမြိုင်မြို့နယ်၊ အငှားယာဉ်မောင်း)
“လာမယ့်ရွေးကောက်ပွဲမှာ အထူးသဖြင့် မော်လမြိုင်မြို့နယ် မွန်ပြည်နယ်ပေါ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တကယ့်ကို ပြည်သူ့လူထုအတွက် ထဲထဲဝင်ဝင် လုပ်နိုင်တဲ့သူ ၊ ပြီးလို့ရှိရင် ပြည်သူလူထုအတွက် အကျိုးစီးပွားကို လုပ်ပေးနိုင်တဲ့သူ ၊ နောက်ပြီး တကယ့်ကို တော်ပြီး ထက်မြတ်တဲ့ သူတွေကိုပဲ အကို့အနေနဲ့က ပေးပြီး ရွေးချယ်ချင်တယ်။ ရွေးကောက်ပွဲ အပြီး ဖြစ်လာမယ့် အစိုးရကို ပထမ သက်တမ်းက အစိုးရလိုပဲပေါ့ ။ အဲ့ဒီအတွေ့အကြုံကို ယူပြီးတော့ နောက်ထပ် အတွေ့အကြုံသစ်တွေနဲ့ ပူးပေါင်းပြီးတော့ မြေပြင် အခြေအနေ မှန်တွေ သိပြီးတော့ ပြည်သူလူထုအတွက် တကယ့်ကို ထဲထဲဝင်ဝင် ထပ်လုပ်ဖို့ လိုတာပေါ့။ ပထမ ငါးနှစ်မှာ အလုပ်သင်အဆင့်ပဲ ရှိခဲ့တယ်လေ။နောက်ထပ်လာမည့် အစိုးရ နောက်ငါးနှစ်မှာ ပထမ အစိုးရက အစပျိုးထားတဲ့ ဟာတွေကို ထပ်ပြီးတော့ ကိန်းဂဏန်းကြီးအောင် လုပ်ဖို့ အတွက် မျှော်လင့်ပါတယ်။ အစိုးရက လုပ်နေတဲ့ စီမံကိန်းတွေ နောက်ထပ်စီမံကိန်း အသစ်တွေ ကိုဗစ်ကာလဆိုတော့ အစိုးရအနေနဲ့ ရင်ဆိုင်နေရတာတော့ အများကြီးပဲ။ ဒါပေမဲ့ ကိုဗစ်အကျော်မှာ အစိုးရအနေနဲ့ ဆိုရင် ပြည်သူလူထုအပေါ်မှာ ပြည်သူက ထောက်ပြတဲ့ စီမံကိန်းတွေရှိတယ်လေ။ အဲ့ဒီထောက်ပြတဲ့ စီမံကိန်းတွေကို ပြည်သူလူထုနဲ့ အစိုးရနဲ့ လုပ်ငန်းရှင်နဲ့ ပေါင်းပြီးတော့ တကယ့်ကို ပြည်နယ်အတွက် ဥပမာ အခွန်ရမယ့် ကိစ္စမျိုးတွေ ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် အဲ့ဒါတွေကို သေသေချာချာ ဆောင်ရွက်ပေးဖို့။အခုအစိုးရကတော့ အရင်အစိုးရတွေထက် အများကြီး သာခဲ့ပါပြီ။ သဘောမကျတာတွေ ပြောရမယ်ဆိုလိုရှိရင် တစ်ခါတစ်လေတော့ သဘောမတွေ့တဲ့ အချက်ကလေးတွေရှိတယ်။ ဒါပေမဲ့ ဒါတွေကလည်း ဘယ်လိုပြောရမလဲ အောက်ခြေကနေ လွဲတဲ့ အလွဲ လေးတွေပဲပေါ့နော် ။ ပြည်ထောင်စုက ချမှတ်လိုက်တယ် ပြည်နယ်က ချမှတ်လိုက်တယ် ဒါပေမဲ့ အောက်ခြေမှာ လုပ်နေတာ အလွဲလေးတွေရှိတယ်။ အဲ့ဒါလေးတွေကို ဖြည့်စွတ်ပေးမဲ့ အစိတ်အပိုင်းလေးတွေကိုတော့ ပြန်ကောင်းအောင်လုပ်နိုင်ပါတယ်။ အနည်းအကျဉ်းပဲ ရှိပါတယ်။
ဦးမြင့်ဦး (သထုံမြို့နယ်၊ ရေလုပ်သား)
“ကိုယ့်ပြည်နယ် အတွင်းက ကိုယ် ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်ကတော့ ဒေသအသီးသီးမှာ ရှိနေတဲ့ လုပ်ငန်းစဉ်တွေ အခက်အခဲတွေကို တကယ်လေ့လာမယ်၊ တကယ်သိတဲ့ ကိုယ်စားလှယ်လောင်းမျိုးပေါ့နော်။ ဒေသဆိုတာက တစ်နေရာနဲ့ တစ်နေရာ မတူဘူးပေါ့ကွာ။ ဥပမာ တို့ ပြည်နယ်မှာဆိုရင် သစ်တောတွေရှိတယ်၊ ပင်လယ်ကမ်းရိုးတန်းတွေရှိတာပေါ့။ နောက်တစ်ခုက မြို့/ရပ်ကွက်တွေ ရှိမှာပေါ့။ ဒါပေမဲ့ သယံဇာတက သစ်တော သယံဇာတနဲ့ ငါးသယံဇာတ ။ ဒီသယံဇာတတွေကို သေသေချာချာ ထိန်းပြီး စောင့်ရှောက်မယ့် စိတ်လည်းရှိမယ်၊ စနစ်တကျ စီမံခန့်ခွဲဖို့ နားလည်တက်ကျွမ်းတဲ့ အသိပညာရှင် အတက်ပညာရှင်လည်း ဖြစ်သင့်တယ်။နောက်တစ်ခုက ဒေသတွင်းမှာရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ၊ ဒေသခံတွေရဲ့ ထဲထဲဝင်ဝင် တကယ်လေ့လာပြီး အဲ့ဒီဒေသမှာရှိတဲ့ ဒေသအကျိုး အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီးတော့ အစိုးရရဲ့ မူဝါဒ ပြည်နယ်အစိုးရရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ ကိုယ်စားလှယ်မျိုးပေါ့။ အဲလိုကိုယ်စားလှယ်မျိုးကို အဓိက လိုချင်တယ်။ ဖြစ်လာမယ့် အစိုးရကတော့ အပေါ်ကလို ကိုယ်စားလှယ်တွေ ပါဝင်ပြီး ဖွဲ့စည်းတဲ့ အစိုးရမျိုး အဲ့ဒီကိုယ်စားလှယ်တွေက သူတို့ရဲ့ လုပ်ငန်းစဉ်က ဒေသဖွံ့ဖြိုးရေးနဲ့ ဥပဒေပြုရမယ့် တာဝန်တွေလေ။ ဥပဒေပြုတာက လက်ရှိဒေသအတွင်းမှာ ဖြစ်ပျက်နေတဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်ပေးနိုင်ဖို့ ဒီလိုမျိုးတွေ ဖြစ်ဖို့လိုတယ်။ အဲလိုမျိုးတွေ ဖြစ်မှ အစိုးရက ပြုပြင်ပေးနိုင်မှာလေ။ အဲလိုကိုယ်စားလှယ်တွေ များများပါဝင်ပြီး ဒေသအကျိုးကို ပြင်ပေးနိုင်မယ့် အစိုးရမျိုး ။ ဒေသအခက်အခဲတွေ ဒေသက လူတွေရဲ့ လူမှုစီးပွား ဘဝတွေတကယ် ထဲထဲဝင်ဝင် လုပ်ပေးနိုင်တဲ့ အစိုးရမျိုး လိုချင်တာပေါ့။ ဒီမိုကရေစီစနစ်ကို သွားရင် အဓိက ကျတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေ ပြည်သူတွေရဲ့ အကြောင်းအရာတွေကို သေချာအောင် ထဲထဲဝင်ဝင်လေ့လာပြီးတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စွတ်ပေးနိုင်တဲ့ ဥပဒေတွေ ရေးဆွဲပေးနိုင်မယ် ၊ဖော်ဆောင်ပေးနိုင်မယ့် အစိုးရမျိုးကို လိုချင်တယ်။ ပါတီတစ်ခုကို စောင်းမပေးဘဲ လူပုဂ္ဂိုလ်နဲ့ သွားစေချင်တယ်။ အစိုးရက လူကြီးတွေက နှုတ်မိန့်တွေနဲ့ ပေးပြီးတော့ လုပ်နေတာတွေ ရှိတယ်။တစ်ခါတစ်လေ နှုတ်မိန့် က ဥပဒေနဲ့ မညီဘူး ပြောပြီးရင်လည်း အထောက်အထားမရှိဘူး။ ဖြေပျောက်လို့ရတယ်။ သက်သေချန်ထားဖို့ ခက်တယ်။ နှုတ်မိန့် ကျင့်သုံးတဲ့ အစိုးရမျိုးကို အစဉ်အဆက်မလိုချင်ဘူး။ ဟိုအရင်ကလည်း ဒါမျိုးရှိခဲ့မှာပဲ။ လက်ရှိအစိုးရမှာလည်း ဒါမျိုးရှိခဲ့တာပဲ ။ အဲလိုမျိုးတွေတော့ နောင်အစိုးရတွေမှာ မလိုချင်ဘူး။ ဥပဒေနဲ့ လျော်ညီစွာ အမိန့်ပြန်တမ်းတွေ ထုတ်မယ်။ ညွှန်ကြားချက်တွေ ထုတ်မယ်။ အစိုးရ အကြီးအကဲတွေက တာဝန်ယူမှု တာဝန်ခံမှုရှိရမယ် ။ နောင်အစိုးရကို ဖြစ်စေချင်တယ်။ လက်ရှိအစိုးရမှာလည်း တာဝန်ယူမှု တာဝန်ခံမှု သိပ်မတွေ့ရဘူး။ ဥပဒေမှာက ဒီလိုပုံစံသွားရမယ်ဆိုပေမဲ့ ဒီလိုပုံစံမျိုး မသွားဘူး။ နှုတ်မိန့်နဲ့ လုပ်ပြီးတော့ အောက်ခြေမှာ ဖြစ်နေတာကို ပွင့်ပွင့်လင်းလင်း နဲ့ ဖော်ဆောင်ရွက်နေပေမဲ့ အခက်အခဲတွေ ရှိတယ်။ အကုန်လုံး မကြိုက်တာတော့ မဟုတ်ဘူး။ ကောင်းတာတွေလည်းရှိတယ်။ နောင်အစိုးရတွေတော့ ဒါတွေပြင်စေချင်တာပေါ့။