စျေးများအတွင်း မဲဆွယ်စည်းရုံးမှုမလုပ်ရန် ရေးစည်ပင် ကန့်သတ်

စျေးများအတွင်း မဲဆွယ်စည်းရုံးမှုမလုပ်ရန် ရေးစည်ပင် ကန့်သတ်
by -
ရန်လင်းအောင် (MNA)

စည်ပင်သာယာအဖွဲ့ပိုင် စျေးများအတွင်းတွင် မဲဆွယ်စည်းရုံးခြင်းနှင့် စည်းရုံးဆွဲဆောင်ပြုမှုဆောင်ရွက်ခြင်းများမပြုရန် ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အောက်တိုဘာ ၆ ရက်က စာထုတ်ကန့်သတ်လိုက်ကြောင်း သိရသည်။

ကိုဗစ်ဖြစ်ပွားမှုနှုန်းမြင့်မားနေသည့်အချိန် စျေးများရှိ ဆိုင်ခန်းပိုင်ရှင်များတစ်ချို့က မဲဆွယ်သည့်အနေဖြင့် ဆောင်းဘောက် (စ်)၊ အသံချဲ့စက်များဖြင့် အော်ဟစ်ကခုန်မှုများ ပြုလုပ်ခြင်းကြောင့် ယခုလို စာထုတ်ကန့်သတ်လိုက်ရခြင်းဖြစ်ကြောင်း ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်က ပြောသည်။

“အော်ဟစ်ကခုန်တယ် လုပ်ကြတယ်ပေါ့။ လုပ်တော့ ပတ်ဝန်းကျင်တွေကလည်း တိုင်တာပေါ့နော်။ အဲလိုမလုပ်ဖို့ တားလိုက်တာပါ။ စျေးဆိုင်ခန်းက စျေးပဲရောင်းရမှာလေ။ ဒီချိန် ကိုဗစ်ကလည်း လူစုလူဝေးလုပ်လို့မရဘူးလေ။ ကော်မရှင်ကလည်း စျေးတွေမှာ မဲဆွယ်ဖို့ ခွင့်မပြုထားဘူးခင်ဗျာ” ဟု ၎င်းကဆိုသည်။

စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယခုလို ကန့်သတ်ခြင်းကို မပြုလုပ်သင့်ဘဲ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်ပါက ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ကြိုက်နှစ်သက်သည့် ပါတီ၏ အလံ၊ တံဆိပ်ကို လွတ်လပ်စွာကပ်ခွင့်ရှိကြောင်း ရေးမြို့နယ်ဒေသခံ ကိုဖိုးဇော်က ပြောသည်။

“ဒီဟာက စည်ပင်ဧရိယာ၊ စည်ပင်အပိုင်ဖြစ်ပေမယ့် သူ့ဆိုင်မှာ သူကြိုက်တဲ့ပါတီရဲ့ အလံ တံဆိပ်တွေ သူကြိုက်သလို သူကပ်ပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်မြင်တယ်။ သူများကို သူမနှောင့်ယှက်ဘူးဆိုရင်ပေါ့နော်” ဟု ၎င်းကပြောသည်။

စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ယခုလို ကန့်သတ်ခြင်းသည် အာဏာရပါတီအပေါ် ဘတ်လိုက်သည့်သဘော ဖြစ်နေသလားဟု ကိုဖိုးဇော်က မေးခွန်းထုတ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စျေးနှင့် ရုံးများတွင် မဲဆွယ်စည်းရုံးခွင့်မပြုကြောင်း နိုင်ငံရေးပါတီများကို ညွှန်ကြားထားပြီး မိမိတို့၏ ဧရိယာဝင်းတွင် မလိုလားအပ်သည့် ပြသနာများမဖြစ်ရန်သာ တားမြစ်ရခြင်းဖြစ်သည်ဟု ဦးကိုကိုနိုင်က တုန့်ပြန်ခဲ့သည်။

“စျေးထဲမှာ မဟုတ်ဘဲနဲ့ဗျာ ရွာထဲမှာ မြို့ထဲမှာ အားလုံး မဲဆွယ်စည်းရုံးနေကြတာပဲ။ အုပ်စုဖွဲ့ပြီးတော့ အဲ့အပေါ်မှာ ကျွန်တော်တို့ ဘာမှ ဝေဖန်ခွင့်မရှိဘူး။ ကျွန်တော်တို့က ကျွန်တော်တို့စျေး ဧရိယာဝင်းထဲမှာ မလိုလားအပ်တဲ့ပြသနာတွေ မဖြစ်စေချင်ဘူးဗျာ” ဟု ၎င်းကဆိုသည်။

ရေးမြို့နယ်တွင် မွန်ပြည်နယ်၏ တောင်ပိုင်းတွင်တည်ရှိပြီး မွန်လူမျိုးများ အများဆုံးနေထိုင်သည့် မြို့နယ်ဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ သဘင်အနုပညာသမားများကိုလည်း မဲဆွယ်စည်းရုံးရေးတွင် ကပြပြီး စည်းရုံးမည်ဆိုပါက တရားဥပဒေအတိုင်းဆောင်ရွက်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နှုတ်မိန့်ဖြင့် ညွှန်ကြားထားကြောင်း မွန်ပြည်နယ် သဘင်အစည်းအရုံးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...