ငွေကြေးမသာမှုကို စစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် ပွင့်လင်းမြင်သာမှုမရှိခဲ့ဟုဆိုကာ မွန်ပြည်နယ်မှ ခရိုင်ရွေးကော်ဥက္ကဋ္ဌအပါအဝင် သုံးဦးနုတ်ထွက်

ငွေကြေးမသာမှုကို စစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် ပွင့်လင်းမြင်သာမှုမရှိခဲ့ဟုဆိုကာ မွန်ပြည်နယ်မှ ခရိုင်ရွေးကော်ဥက္ကဋ္ဌအပါအဝင် သုံးဦးနုတ်ထွက်
by -
ရန်လင်းအောင် (MNA)

ငွေကြေးမသာမှုကိုစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပွင့်လင်းမြင်သာမှုမရှိခဲ့ဟုဆိုကာ မွန်ပြည်နယ် သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဌအပါအဝင် သုံးဦးနုတ်ထွက်သွားကြောင်း သိရသည်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးသည် ကော်မရှင်သုံး ပစ္စည်းဝယ်ယူမှုတွင် မသမာမှုပြုလုပ်ထားကြောင်း သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် နိုင်ငံတော် သမ္မတတို့ကို ပြီးခဲ့သည့် မတ်လအတွင်းက တိုင်ကြားခဲ့ကြောင်း သိရသည်။

ထို့သို့ တိုင်ကြားမှုအမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးမှုပြုလုပ်ရာတွင် ပွင့်လင်းမြင်သာစွာ ပြုလုပ်ခဲ့ခြင်းမရှိသဖြင့် သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်နှစ်ဦးတို့သည် ပြီးခဲ့သည့်ရက်ပိုင်းက ထွက်စာအသီးသီးတင်ကာ နုတ်ထွက်လိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့ တိုင်ကြားတာနဲ့ပတ်သက်ပြီး လာစစ်သွားတာကလည်း တစ်ရက်ပဲ လာစစ်သွားတာ။ စာရင်းဇယားကို ကြည့်သွားတာလည်း မဟုတ်ဘူး။ တင်ပြချက်ကိုလည်း လာနားထောင်သွားတာ။ သူတို့ဟာ သူတို့လုပ်တယ်ဗျာ။ ကျွန်တော်တို့ကို ဘာမှလည်း အကြောင်းမကြားဘူး။ တိုင်တာက ကျွန်တော်တို့လေ။ ဘယ်လိုစစ်တယ်၊ ဘယ်လိုအရေးယူလဲလည်း မသိရဘူး။ ဒီလို အရေးမစိုက်တော့ ခွဲခြားဆက်ဆံသလို ခံစားရတယ်” ဟု သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌရာထူးမှ နုတ်ထွက်ခဲ့သည့် ဦးမောင်ဦးကပြောသည်။

ထို့သို့ အရေးယူဆောင်ရွက်ခြင်းမရှိတာဟာ ကော်မရှင်အတွင်း တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်းနှင့် အစိုးရဝန်ထမ်းကို ကော်မရှင်က ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု နှုတ်ထွက်သွားသည့် သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဟောင်း ဒေါ်မိုးမိုးခိုင်က ပြောသည်။

“လက်ရပ်တွေ ကွာနေတာဆိုတာ တွေ့လာရတာပေါ့။ အဲ့မှာလည်း သူက ပြန်လည်ဆောင်ရွက်ပေးခြင်းမရှိဘူး။ ကျွန်မတို့ကလည်း အများယုံကြည်လေးစားရတဲ့ ပုဂ္ဂိုလ်အနေနဲ့ စေတနာ့ဝန်ထမ်းလုပ်တာ။ အစိုးရဝန်ထမ်းက ဒီလိုမသမာမှုတွေ လုပ်နေတာကို ကျွန်မတို့လို ပုဂ္ဂိုလ်တွေက တင်ပြတာကို UEC က ဘာမှအရေးယူဆောင်ရွက်တာတွေ မလုပ်ပေးဘူး။ သူတို့ရဲ့ ပင်မဝန်ထမ်းနဲ့ ကျွန်မတို့ စေတနာ့ဝန်ထမ်းတွေ ခွဲခြားဆက်ဆက်သလို ခံစားရတယ်” ဟု ၎င်းကဆိုသည်။

ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးသည် ကွန်ပျူတာ (Laptop) ဝယ်ယူရာတွင် ခြောက်သိန်းတန်ကို ၁၁ သိန်းတန်အဖြစ် စာရင်းတင်ထားခြင်းနှင့် ပြည်ထောင်စုကော်မရှင်က သထုံခရိုင်အတွက် ဆေးထောင့်ဗူး ၁၄၈ ဗူး ချပေးသည်ကို ၂၄ ဗူး ချပေးခဲ့သည်ဖြစ်သည်ဟု စာရင်းဖျောက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း နုတ်ထွက်သွားသူများက ပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...