နိုင်ငံရေးပါတီများကို ဖားကန့်မြို့အတွင်း ဝင်ရောက်မဲဆွယ်ခွင့်မပြုတော့ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ) မှ အရာရှိဦးထွန်းအောင်ခိုင်က အတည်ပြုပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားသူ ၁၃ ဦးရှိနေပြီဖြစ်ပြီး ၎င်းတို့အနက် ကိုးဦးသည် ဖားကန့်မြို့မှဖြစ်ကာ ထိုမြို့အား စက်တင်ဘာလ ၂၀ ရက်မှစ၍ Stay at Home သတ်မှတ်လိုက်သဖြင့် နိုင်ငံရေးပါတီများ ဝင်ရောက်မဲဆွယ်ခွင့်မပြုခြင်းဖြစ်သည်ဟု ဆိုသည်။
Stay at Home သတ်မှတ်ထားသည့် နေရာများအား နိုင်ငံရေးပါတီများကို ဝင်ရောက်မဲဆွယ်ခွင့်မပြုခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော စည်းကမ်းချက်၊လုပ်ထုံးလုပ်နည်း (SOP) အရဖြစ်သည်ဟု ဦးထွန်းအောင်ခိုင်က ပြောသည်။
“Stay at Home မှာ မဲဆွယ်စည်းရုံးခွင့်နဲ့ပတ်သက်ပြီးတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့် ဗဟိုကော်မတီကထုတ်ပြန်ထားတဲ့ (SOP) ဆိုတာရှိတယ်။ အပိုင်း ၁မှာ ပါတယ်။ Stay at Home သတ်မှတ်လိုက်ပြီဆိုလို့ရှိရင် မဲဆွယ်စည်းရုံးခွင့်မရှိတော့ဘူး။ အဲတော့ ကချင်ပြည်နယ်မှာ ဖားကန့်က Stay at Home သတ်မှတ်ထားတယ်လို့ သိရတယ်။ အဲတော့ (SOP) အရ မဲဆွယ်လို့မရတော့ဘူး” လို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ) မှ အရာရှိဦးထွန်းအောင်ခိုင်က ပြောသည်။
လက်ရှိချိန်တွင် နိုင်ငံရေးပါတီများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲဆွယ်ကာလအား စက်တင်ဘာ ၈ ရက်မှစကာ မဲဆွယ်ခွင့်ပြုထားသော်လည်း နိုင်ငံရေးပါတီများအနေဖြင့် Stay at Home သတ်မှတ်ထားသည့် နေရာများတွင် မဲဆွယ်ခွင့်မရှိတော့သည့်တွက် အွန်လိုင်းမှတစ်ဆင့် မဲဆွယ်ရန်တွက် ပြင်ဆင်ထားကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလအောင်ကပြောသည်။
“Stay at Home ကာလဖြစ်တဲ့ချိန်ကျတော့ ပြည်သူတွေနဲ့ ထိတွေ့ပြီး မဲဆွယ်ဖို့ကျတော့ တစ်ဖက်ကလည်း ကျန်းမာရေးရှုထောင့်ကနေကြည့်ရတဲ့အနေထား ဖြစ်နေတဲ့တွက် သိပ်ပြီးမှတော့ အဆင်မပြေဘူး။ အွန်လိုင်းနဲ့ သွားတယ်ဆိုတာကလည်း လက်ရှိကတော့ Plan B ပေါ့။ ကျနော်တို့ပါတီရဲ့အကြောင်းတွေ သိချင်တဲ့သူတွေ၊ မေးလာတဲ့သူတွေ ရှိနိုင်တဲ့တွက် Stay at Home ကာလဆိုလည်း အားလုံးက Facebook တော့သုံးကြမယ်။ ဒါကြောင့် အွန်လိုင်းကနေ မဲဆွယ်မယ့် အစီစဉ်တော့ရှိပါတယ်” လို့ ကိုယ်စားလှယ်လောင်း ဦးလအောင် က ပြောသည်။
ဖားကန့်မြို့တွက် စက်တင်ဘာလ ၂ဝ ရက်နေ့မှစကာ Stay at Home သတ်မှတ်လိုက်သည့်တွက် မဲဆွယ်ရန် စီစဉ်ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များ ဖျက်သိမ်းလိုက်ရကြောင်း ၎င်းကဆက်ပြောသည်။
ကချင်ပြည်နယ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့ထိ ပိုးတွေ့လူနာ ၁၃ ဦးရှိခဲ့ပြီး ယခုအခါသုံးဦးသည် ဆေးရုံဆင်းခွင့်ရရှိပြီးဖြစ်သည်။
“မဲဆွယ်ခွင့်ကတော့ ပြောစရာကိုမလိုတော့ဘူး ခုဆိုရင်နားထားတာ လေးရက်လောက်ရှိနေပြီ။ ကျနော်တို့ပါတီကတော့ ရောဂါပိုးတွေ့တယ်ဆိုတဲ့နေ့ကတည်းကနေ လုံးဝကို နားထားပြီဖြစ်တယ်။ ဘာမှကို မလုပ်တော့ပါဘူး။ ခက်ခဲကတော့ ကျနော်တို့ပါတီတစ်ခုထဲမဟုတ်ပါဘူး ပါတီတိုင်း ခက်ခဲပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးကပြောသည်။
ယခုအခါ ကိုဗစ်ကာလဖြစ်သည့်အတွက် ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်အား ရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီအချို့က တောင်းဆိုထားသော်လည်း စက်တင်ဘာ ၁၉ ရက်ကပြုလုပ်သည့် “၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် သတင်းမီဒီယာအခန်းကဏ္ဍ” အွန်လိုင်းဆွေးနွေးပွဲတွင် ကိုဗစ်အကြောင်းပြချက်နဲ့ အထွေထွေရွေးကောက်ပွဲအား ရွှေ့ဆိုင်းဖို့မရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် ပြောကြားခဲ့သည်။
ဖားကန့်မြို့နယ်တွင် stay at home ကြေငြာထားသည့်ကာလအတွင်း ဖားကန့်မြို့တွင်းတွင်ရှိသည့် ပြည်သူလူထုများအား အွန်လိုင်းမှတစ်ဆင့် မဲဆွယ်စည်းရုံးရေးခြင်း ပြုလုပ်သွားမည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ဖန်းက ပြောသည်။
"ကျွန်တော်တို့ဖားကန့်မြို့မှာ ဒီအရေးပေါ်ကြေငြာချက်ပေါ့နော် Stay At Home ကြေငြာထားတဲ့အတွက် အခက်အခဲတွေကတော့ အိမ်တိုင်ရာအရောက်ကို ကျွန်တော်တို့ စည်းရုံးရေးတွေမလုပ်နိုင်ဘူး။ လူတွေအားလုံးကလည်း ကိုဗစ်နဲ့ပတ်သက်ပြီး ကြောက်နေကြတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ဘက်ကနေ အွန်လိုင်းကနေပြီးတော့ ဆက်ပြီး မဲဆွယ်သွားဖို့အတွက် စီစဉ်ဆောင်ရွက်နေပါတယ်" ဟု ဦးဇော်ဖန်းက ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်၌ မဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းခန့်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲကထက် သုံးသိန်းခန့်တိုးလာကြောင်း ပြည်နယ်ကောက်ပွဲကော်မရှင်ရုံး၏ထုတ်ပြန်ချက်များအရ သိရသည်။