ကိုဗစ်ကြောင့် လူအင်အားဖြင့် လှည့်လည်သွားလာခြင်းကို မွန်ညီညွှတ်ရေးပါတီ ယာယီရပ်ဆိုင်း

ကိုဗစ်ကြောင့် လူအင်အားဖြင့် လှည့်လည်သွားလာခြင်းကို မွန်ညီညွှတ်ရေးပါတီ ယာယီရပ်ဆိုင်း
by -
ရန်လင်းအောင် (MNA)

ကိုဗစ်ရောဂါကူးစက်မှု မြင့်မားလာသည့်အတွက် လူအများဖြင့် လှည့်လည်သွားလာခြင်းကို ယာယီရပ်ဆိုင်းလိုက်ကြောင်း မွန်ညီညွှတ်ရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးဗဟိုမှ အတွင်းရေးမှူး နိုင်သန်းရွှေကပြောသည်။

“မဲဆွယ်စည်းရုံးတဲ့အခါကျတော့ လူအများနဲ့ လှည့်လည်တာကို ခေတ္တရပ်ဆိုင်းပေးဖို့ပေါ့။ လူအင်အားနဲ့ လှည့်လည်သွားလာဖို့ ကန့်သတ်လိုက်လို့ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေအတွက် ဘာမှ အခက်အခဲမဖြစ်လောက်ဘူး” ဟု နိုင်သန်းရွှေကပြောသည်။

မော်လမြိုင်မြို့ရှိ တော်ဝင်ဟင်္သာဟိုတယ်တွင် စက်တင်ဘာ ၂၁ ရက်ကပြုလုပ်သည့် ရွေးကောက်ပွဲအောင်နိုင်ရေးဗဟိုအဖွဲ့၏ မီဒီယာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင်လည်း ကိုဗစ်ကူးစက်မှုရှိနေသဖြင့် ကိုယ်စားလှယ်လောင်းများ လူအင်အားသုံး၍ စည်းရုံးရေးဆင်းနေခြင်းကို ကန့်သတ်ခြင်းဖြစ်ပြီး ဗီနှိုင်းပိုစတာများထောင်ခြင်းနှင့် ဟောပြောခြင်းတို့ကို ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ လုပ်ဆောင်သွားမည် ဖြစ်သည်။

ယင်းအပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွှတ်ရေးပါတီမှ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ၆၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မွန်ညီညွှတ်ရေးပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့်နေရာတိုင်းတွင် အောင်နိုင်ရန်ရည်ရွယ်ထားကြောင်း ပါတီဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် နိုင်မင်းဗညားစန်းက ပြောသည်။

“ပါတီက မွန်ပြည်နယ်တွင်မပြိုင်တာ သထုံနှင့် ဘီးလင်းပဲ ရှိတယ်။ ဘယ်လောက် ရည်မှန်းထားလည်းပြောရင် ပါတီအနေနဲ့က ဝင်ရောက်ပြိုင်တဲ့နေရာတိုင်းကို အောင်နိုင်ဖို့ မှန်းထားတယ်” ဟု ၎င်းကပြောသည်။

ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်ကို ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၈ ရက်နေ့မှာ နိုဝင်ဘာလ ၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားပြီး လူ ၅၀ ထက် ပိုစုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...