၂၀၂၀ ရွေးကောက်ပွဲအလွန် အသစ်တက်လာမည့်အစိုးရသစ်အပေါ် မင်းတပ်ဒေသခံတွေ ဘာတွေမျှော်လင့်လဲ

၂၀၂၀ ရွေးကောက်ပွဲအလွန် အသစ်တက်လာမည့်အစိုးရသစ်အပေါ် မင်းတပ်ဒေသခံတွေ ဘာတွေမျှော်လင့်လဲ
by -
Salai Benezer (KMG)

၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို  လာမည့်နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပပြုလုပ်ကြမည်ဖြစ်သည်။ ထို့ကြောင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့က ဒေသခံပြည်သူများ၏ ၂၀၂၀ ရွေးကောက်ပအေပါ်  ခံစားမှုများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရသစ်အပေါ် ၎င်းတို့၏ မျှော်လင့်ချက်များ၊ ရွေးကောက်အလွန် ဖြစ်ပေါ်လာမည့် အစိုးရသစ်အနေဖြင့် မင်းတပ်မြို့အတွက် လုပ်ပေးစေချင်သည်များနှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏သဘောထားအမြင်များကို စုစည်း တင်ပြလိုက်ရပါသည်။

 

မိုင်ဟာကီးလိုင်း (အတွင်းရေးမှူး - CCWO)

 

“အစိုးရသစ်တက်လာမယ်ဆိုရင် အဓိက တရားစီရင်ရေးအပိုင်းတွေ ရဲတွေ ထွေအုပ်တွေ ဒီဟာတွေပါမယ်။ အဲဒီကဏ္ဍတွေရယ် လုံးခြုံရေးအပိုင်းရယ်၊ ပြီးတော့ အမျိုးသမီးတွေအတွက် စဉ်းစားပေးတာမျိုး သိပ်မရှိခဲ့ဘူးပေါ့။ အဲဒါကြောင့် ဘယ်အစိုးရဘဲတက်တက် အမျိုးသမီးတွေအတွက် အကြမ်းဘက်မှုတွေကနေကာကွယ်ပေးနိုင်ရမယ်။ အိမ်တွင်းအကြမ်းဘက်မှုလည်း ဖြစ်ကောင်းဖြစ်မယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တစ်ကယ်လုပ်ပေးမယ့်အစိုးရကို တက်စေချင်တယ်။ ကျွန်မကတော့ ပါတီလဲမကြည့်ဘူး။ မူတွေဘာတွေသိပ်မကြည့်ဘူး။ အဓိကတော့ လူကိုဘဲကြည့်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒီလူက ကျမတို့ရဲ့ ဒေသမှာ တစ်စိုက်မတ်မတ်လုပ်ပေးနိုင်တဲ့လူ။ ဒီဒေသရဲ့ အကြောင်းရင်းကိုလည်း နားလည်တဲ့သူဖြစ်မယ်ဆို ကျွန်မကတော့ မဲပေးမှာပါ။

 

ဒေါ်မိုင်စိမ်း (မင်းတပ်မြို့ဒေသခံ)

 

“ကျွန်မအနေနဲ့ ၂၀၀၈ အခြေခံဥပဒေကို မပြင်နိုင်ရင်တောင်မှ မပြင်နိုင်တဲ့ ဥပဒေအောက်မှာ ချင်းလူမျိုးတွေရဲ့ အဓိကကျတဲ့ ဥပဒေပြဌာန်းနိုင်တဲ့ လွှတ်တော်အမတ်ဘဲဖြစ်ဖြစ် အစိုးရဘဲဖြစ်ဖြစ်လိုချင်ပါတယ်။ နောက်တစ်ခုက အဂတိလိုက်စားမှု ကင်းစင်တဲ့ အစိုးရဖြစ်စေချင်တယ်။ ဘတ်ဂျက်ခွဲဝေမှုမှာလည်း မျှမျှတတဖြစ်တဲ့ ခွဲဝေမှုမျိုးဖြစ်စေချင်ပါတယ်။ ကျွန်မတစ်ဉီးတည်းအနေနဲ့ကတော့ စိတ်ရင်းစေတနာ မှန်တဲ့ ချင်းပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စာလှယ်ကို ဖြစ်စေချင်ပါတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စာလှယ်ကလည်း ပြည်သူတွေရဲ့အသံကို သေချာနားထောင်နိုင်တဲ့သူဖြစ်ရမယ်။ လွှတ်တော်ထဲ ရောက်ပြီးလို့ရှိရင်လည်း ပြည်သူတွေနဲ့ အမြဲတမ်း ချိတ်ဆက်နိုင်တဲ့သူဖြစ်ရမယ်။ ပြည်သူတွေရဲ့အသံကိုလည်း လွှတ်တော်ထဲမှာ ပြန်ပြီးတော့ ပြောပေးနိုင်တဲ့သူ ဖြစ်စေချင်ပါတယ်”

 

ဆလိုင်းကီးဟုန်း (President – Mindat CYO)

 

“ရွေးကောက်ပွဲအလွန် တက်လာမဲ့ အစိုးရအနေနဲ့ မင်းတပ်မြို့အတွက် လုပ်ပေးစေချင်တာက နံပါတ် ၁ အနေနဲ့ လမ်းတံတားဘဲ။ နံပါတ် ၂ မှာ ပညာရေးလာမယ်။ ကျွန်တော့်အမြင်မှာပေါ့။ ကျနော်တို့မင်းတပ်မှာက တိုင်းရင်းစာပေနဲ့ ပတ်သက်ပြီး သင်ကြားရေးပိုင်းမှာ ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့အပိုင်းလေးတွေရှိတယ်။ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတယ်။ ပညာရေးဝန်ထမ်းခန့်တာတို့၊ နောက်ပြီး မင်းတပ်မြို့နယ်အတွက် ဝန်ထမ်းခန့်ရင် မင်းတပ်မြို့နယ်သားကိုဘဲ ခန့်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသစကားမှာ အခက်အခဲရှိတယ်။ ဥပမာ ယောနယ်က ဗမာစကားအသံနဲ့ မင်းတပ်ရဲ့ဗမာစကားအသံကမတူဘူး။ အခုအစိုးရသစ်တက်လာရင် ဘတ်ဂျက်ပိုင်းမှာ ညီမျှမှုရှိသွားမယ်လို့ထင်တယ်။၊ ဘာဖြစ်လို့လဲဆိုတော့ အခုက တစ်ပါတီထဲ နိုင်မှာမဟုတ်တာသေချာတယ်။ ဟိုပါတီတစ်ယောက် ဒီပါတီကတစ်ယောက်နဲ့ ညွှန့်ပေါင်းလိုဖြစ်သွားမယ်ပေါ့။ အဲဒါကြောင့် မြို့နယ်တိုင်းအတွက် ဘတ်ဂျက်ပိုင်းမှာ သာတူညီမျှမှုရှိလိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်”

 

ဉီးရွှေလိန်းနိုင်း (မင်းတပ်မြို့ဒေသခံ)

 

“ကျွန်တော့်အနေနဲ့ကတော့ ဘယ်လိုမျိုးလွှတ်တော်ကိုယ်စာလှယ်လည်းဆိုရင် အရည်အချင်းရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါ့။ ပြည်သူလူထုအတွက် လွှတ်တော်မှာ ပြောနိုင်ဆိုနိုင် အလုပ်လုပ်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးပြီးတော့ မဲပေးမှာဖြစ်တယ်။အခုက အစိုးရနှစ်ဆက်ရှိသွားပြီ။ အစိုးရနှစ်ဆက်မှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ စီမံခန့်ခွဲမှုက ပြည်သူလူထုအတွက် ဘာမှအဆင်မပြေဘူး”

Most read this week

June 14, 2021
စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက် ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ချို့တွင် အာဏာရှင် ဆန့်...
January 28, 2021
တတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၉ ရက်တွင်...
January 28, 2021
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှားယွင်းခဲ့ပြီး အဆိုပါမဲစာရင်းများကို တပ်မတော်က...
January 27, 2021
တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၁...