လူငယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းဒိုခါရ်နှင့် အင်တာဗျူး
၂၀၂၀ ခုနှစ်အထွေထွေရွေးကောက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်း များကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အသီးသီးက သြဂုတ် ၃၀ ရက်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့် ချင်းပြည်နယ်တွင်လည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၁၀ ဦးရှိသည့်အနက် လူငယ်တစ်ဦးဖြစ်ပြီး ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၇ နှစ်အရွယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဆလိုင်းဒိုခါရ်အား ယခုလို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
မေး။ ။ ပထမဦးဆုံးအနေနဲ့ ဘာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ရတာလဲ။
ဖြေ။ ။ လက်ရှိ မြန်မာနိုင်ငံတော်အခြေအေနက ကျွန်တော်တို့လိုချင်တဲ့ တိုင်းပြည်ဖော်ဆောင်နိုင်ဖို့အတွက် တိုက်ပွဲတွေကိုဝင်နေတဲ့ကာလတစ်ခုလို့ ကျနော်ခံယူထားပါတယ်။ အဲဒီတော့ ဒီတိုက်ပွဲတွေဝင်နေတဲ့တလျှောက်မှာ နည်းလမ်းတွေအမျိုးမျိုးရှိတယ်။ ဒီနည်းလမ်းတွေအများကြီးထဲမှာ ကျွန်တော်အနေနဲ့ လွှတ်တော်လမ်းကြောင်းကိုရွေးချယ်ပြီး တိုက်ပွဲဝင်နေတာကလည်း လက်ရှိမြန်မာနိုင်ငံအခြေအနေအရ အသင့်တော်ဆုံးလို့ယူဆပါတယ်။ လွှတ်တော်လမ်းကြောင်းကိုရွေးချယ်ပြီးမှ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် တိုက်ပွဲဝင်ရခြင်းဖြစ်ပါတယ်။
မေး။ ။ နိုင်ငံရေးပါတီတစ်ခုခုကနေ ကိုယ်စားပြုဝင်မပြိုင်ဘဲ ဘာကြောင့် တစ်ဦးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတာလဲ။
ဖြေ။ ။ (၁) တိုင်းပြည်အတွက် လွတ်လွတ်လပ်လပ်နဲ့ လွှတ်တော်မှာ တိုက်ပွဲဝင်နိုင်အောင် လွတ်လပ်စွာ လွှတ်တော်မှာ ပြည်သူ့အသံကို ဖော်ထုတ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တသီးပုဂ္ဂလကိုရွေးချယ်ရခြင်းဖြစ်ပါတယ်။ (၂) အကျင့်ပျက်ခြစားမှုတွေကို ကျွန်တော့်အနေနဲ့ တိုက်ဖျက်ချင်တဲ့အတွက် ကျနော့်အတွေ့ကြုံအရ ပါတီဝင်သွားပြီဆိုရင် အကျင့်ပျက်ခြစားမှုတွေကို ပြည်သူနဲ့ပူးပေါင်းပြီးမှ လွတ်လွတ် လပ်လပ် တိုက်ဖျက်လို့မရတော့တဲ့ အခြေအေနမျိူးလည်း တွေ့ရတယ်။ ဒါကြောင့် ပြည်သူလူထုနဲ့ လွတ်လွတ်လပ်လပ်ပူးပေါင်းချင်လို့၊ (၃) နိုင်ငံရေးပါတီအချင်းချင်း အားပြိုင်မှုတွေကြောင့် ဆုံးရှုံးနစ်နာမှုတွေများစွာ တွေ့လာရတယ်။ ဒါကြောင့် ဘယ်ပါတီထဲကိုမှမဝင်ဘဲ ဝင်ပြိုင်ရခြင်းဖြစ်ပါတယ်။ (၄) တိုင်းပြည်အပြောင်းအလဲကို ဖော်ဆောင်တဲ့အချိန်မှာ လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်အနေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ NGO တွေနဲ့ပူးပေါင်းပြီးမှ တိုင်းပြည်အရေးကို လွတ်လပ် စွာလုပ်ချင်လို့ဖြစ်ပါတယ်။
မေး။ ။ ပြည်နယ်လွှတ်တော်တွေမှာဝင်မပြိုင်ဘဲ ဘာကြောင့် ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်ဖို့ရွေးချယ်ရတာပါလဲ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ တိုင်းပြည်အတွက် လုပ်ဆောင်ချင်တဲ့ အချက် ၃ဝ ဆိုပြီး ရွေးကောက်ပွဲ ကြေညာစာတမ်းပုံစံမျိူး ထုတ်ထားတာရှိပါတယ်။ အဲ့ဒီဟာကိုကြည့်ရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာပဲ အကောင်အထည်ဖော်လို့ရတယ်။ ပြည်နယ်လွှတ်တော်မှာဆို တခုမှ လုပ်လို့ရတဲ့ဟာမျိုးမရှိဘူး။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ တခုခုကိုရွေးရတော့မယ်ဆိုတော့ ကျွန်တော့်အနေနဲ့ အမျိုးသားလွတ်တော်ကို ရွေးချယ်ခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အသက်ကန့်သတ်ချက်ကြောင့် ကျွန်တော်က အသက် ၂၇ နှစ်ပဲရှိသေးတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ပြည်သူလွှတ်တော်ကို ရွေးရခြင်းဖြစ်တယ်။
မေး။ ။ ချင်းပြည်နယ်ကိုကြည့်လိုက်ရင် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအများစုက အသက်ကြီးပိုင်းတွေ ပိုများတယ်။ ဆလိုင်းဒိုခါရ်အနေနဲ့ ဒီအသက်အရွယ်မှာ ဝင်ပြိုင်ရတဲ့ရည်ရွယ်ချက်ရယ်၊ လူငယ်တွေရဲ့ အခန်းကဏ္ဍအပိုင်းမှာရော ဘာဆက်လုပ်သွားဖို့ရှိလဲ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ ခံယူချက်တစ်ခုရှိတာက တိုင်းပြည်အကျိုးကိုလုပ်ဆောင်တဲ့အချိန်မှာ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့အချိန်မှာ အသက်က အဓိကမဖြစ်ပါဘူး။ အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေပေါ့။ ဒါပေမယ့် ခေတ်နဲ့အညီ နည်းပညာပိုင်းဆိုင်ရာကို ကျွမ်းကျွမ်းကျင်ကျင် သုံးစေချင်တယ်။ အခုလက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံအခြေအနေအရ လူငယ်ပိုင်းတွေက ခေတ်နဲ့အညီ အိုင်တီနည်းပညာပိုင်းပဲဖြစ်ဖြစ် နိုင်ငံတကာ ပြောင်းလဲနေတဲ့ နိုင်ငံရေးစနစ်တွေကို လူကြီးပိုင်းထက် လူငယ်ပိုင်းကပိုပြီးတော့ ကျွမ်းကျင်တဲ့ အပိုင်းတွေတွေ့ရတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ လူငယ်တွေအနေနဲ့ များများ လွှတ်တော်ပိုင်းကို လမ်းကြောင်းရွေးချယ်ပြီးတော့ တိုင်းပြည်အရေးကို တိုက်ပွဲဝင်ဖို့လိုနေပြီလို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ လွတ်တော်ကိုယ်စားလှယ်ဆိုတာက ပြည်သူတွေကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ်ဆိုတော့ ပြည်သူနဲ့ နီးနီးကပ်ကပ်နဲ့နေပြီးမှ ပြည်သူ့လိုအပ်ချက်ကို ပြည်သူ့အသံကို လွှတ်တော်မှာဖြစ်စေ၊ သက်ဆိုင်ရာဝန်ကြီးတွေဌာနကိုဖြစ်စေ သိအောင် ကြားအောင် အကောင်အထည်ဖော်ပေးအောင် တိုက်တွန်းလုပ်ဆောင်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လိုအပ်နေတယ်လို့ ယူဆတယ်။
မေး။ ။ ချင်းပြည်နယ်ရဲ့ ယခုလက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေ အရင်သက်တမ်းက လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် ဆလိုင်းဒိုခါရ်ရဲ့ အမြင်သိချင်ပါတယ်။
ဖြေ။ ။ ခုလက်ရှိ သက်တမ်းနှစ်ခုအတွင်းမှာဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အတော်များများက အနိုင်ရပြီးရင် ပြည်သူနဲ့ဝေးသွားပြီး ပါတီနဲ့နီးကပ်သွားတာရှိတယ်။ သူတို့တာဝန်အမှန်က ပြည်သူတွေနဲ့ အနီးကပ်နေရမဲ့ဟာမျိုးဖြစ်တယ်။ ကျွန်တော်တို့ချင်းလူမျိုးတွေ နေရာပေါင်းစုံမှာနေတဲ့ ချင်းလူမျိုးတွေ လိုအပ်ချက်က တခြားတိုင်းရင်းသားနဲ့မတူဘူး အရမ်းထူးခြားတယ်။ ဒီအသံတွေ လိုအပ်ချက်တွေ အကုန်လုံးကိုသိအောင် လွှတ်တော်ကို တင်ပြပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေလိုအပ်တယ်။
မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ တကယ်လို့ အနိုင်ရခဲ့မယ်ဆိုရင် ဆလိုင်းဒိုခါရ်အနေနဲ့ ဘာတွေဦးစားပေးလုပ်သွားဖို့ရှိလဲ။
ဖြေ။ ။ အခု ကျွန်တော်အနေနဲ့ဆိုရင် လွတ်တော်လမ်းကြောင်းရွေးချယ်ပြီးမှ ပြည်သူ့အရေး၊ ပြည်သူ့အတွက်ကို တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ချင်းပြည်နယ်မှာ အခက်အခဲဆုံးဖြစ်တဲ့ဟာက အကျင့်ပျက်ခြစားမှုတွေဖြစ်တယ်။ ဒီဟာကို များသောအားဖြင့် ကိုင်တွယ်ဖို့ ကျွန်တော်ကြိုးစားသွားပါ့မယ်။ အဓိကအားဖြင့် အဲဟာကိုလုပ်နိုင်ဖို့ရန်အတွက် ပထမကျွန်တော်ပြောသွားသလို ကျေးရွာအလိုက် ကျေးရွာအလိုက် အကျင့်ပျက်ခြစားမှုပဲဖြစ်ဖြစ် ဒေသအတွင်းမှာ အကောင်အထည်ဖော်တဲ့ဟာပဲဖြစ်ဖြစ် တိုက်ရိုက်တင်ပြနိုင်ဖို့အတွက် ဒီကော်မတီကို ဖွဲ့ထားတဲ့ဟာကိုလည်း ကျစ်ကျစ်လစ်လစ်နဲ့လုပ်ဖို့ဖြစ်တယ် နည်းပညာပိုင်းအထောက်အကူကို တခြားနေရာမှာပဲဖြစ်ဖြစ် NGO မှာပဲဖြစ်ဖြစ် အဖွဲ့စည်းတခုခုကနေယူပြီးတော့မှ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်အောင် ကျွန်တော်ပြင်ဆင်ထားပါတယ်။
မေး။ ။ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတာဆိုတော့ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေကြုံရလဲ။
ဖြေ။ ။ ကျွန်တော်အနေနဲ့ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တဲ့အခါကြတော့ လူသိများတဲ့လူငယ်မဟုတ်ဘူး။ ပြည်သူတွေသိဖို့ ကျွန်တော်လုပ်ယူနေရတဲ့အခါကြတော့ သူများတွေထက် အလုပ်လုပ်နေရတယ်။ အဆပေါင်းများစွာလုပ်လုပ်ရတယ် ဆိုတော့ ဒီဟာက တော်ရုံတန်ရုံလေးနဲ့ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ခရီးတွေလည်းကြမ်းတယ်။ ချင်းပြည်နယ်ကလည်း သိတဲ့အတိုင်းပဲ။ ကျွန်တော်သူငယ်ချင်းတွေနဲ့ပေါင်းပြီးတော့ ကျေးရွာတိုင်းကျေးရွားတိုင်း ကျွန်တော်တို့ကိုယ်တိုင် ရောက်နိုင်အောင် ကြိုးစားနေတယ်။ အဓိက ပင်ပန်းတာနှစ်ခုရှိတယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့် ခရီးအရမ်းပင်ပန်းတာရှိတယ်။ အလုပ်နားချိန်နည်းတဲ့အတွက်ကြောင့် စိတ်ပင်ပန်းမှုတွေရှိတယ်။ ဒါပေမယ့် ဒီဟာတွေက ကျွန်တော်တို့လိုအပ်ချက်တွေကို လွတ်တော်လမ်းကြောင်းရွေးပြီးမှ တိုက်ပွဲတိုက်နေရတဲ့အခါကြတော့ ဒီဟာတွေက မပြောပလောက်ပါဘူး။ ဘာမှတော့မဖြစ်ပါဘူး။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်သလဲ။
ဖြေ။ ။ ကျွန်တော်တို့ တိုင်းပြည်အပြောင်းအလဲတွက်ဆိုရင် လူငယ်အင်အား လိုအပ်နေတာကိုတွေ့ရတယ်။ ဘာလို့လဲဆိုရင်တော့ ပြည်သူတွေရဲ့အသံကို နားထောင်နိုင်ဖို့အတွက် အင်အားလိုတယ်။ အဲ့ဒီအင်အားက အစိုးရနှစ်ဆက်အတွင်း လွတ်တော်ကိုယ်စားလှယ်လောင်းတွေ မဖော်ပြသေးဘူး။ မြို့နယ်တစ်မြို့နယ်ထဲမှာ ရွာပေါင်း ၉ဝ လောက်ရှိကြတယ်ဆိုတော့ အဲ့မှာရှိတဲ့အုပ်ချုပ်ရေးမှုးတွေနဲ့ ပက်သက်ပြီး နည်းပညာတွေအသုံးပြုပြီးမှ အချိတ်အဆက် လုပ်ရတဲ့ခါကြတော့ နည်းပညာပိုင်းကို ကျွမ်းကျင်တဲ့လူငယ်တွေလည်း လိုနေတယ်။ လွတ်တော်လမ်းကြောင်းမှာ အဆိုသွားတင်တဲ့အခါကြတော့ ပြည်သူတွေလိုအပ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် သက်ဆိုင်ရာဝန်ကြီးဌာနသိရှိနိုင်ဖို့ အရမ်းလိုအပ်ပါတယ်။ အဲ့တာကြောင့် ကျွန်တော်ပြောချင်တာက ၂၀၂၀ ထက် ၂၀၂၅ မှာ လွတ်တော်လမ်းကြောင်းကိုရွေးချယ်ပြီးမှ ကျွန်တော်တို့လူငယ်တွေ တိုင်းပြည်အတွက် တိုက်ပွဲဝင်ဖို့ လုံးဝအချိန်တန်ပြီလို့ ပြောချင်ပါတယ်။