ပြီးခဲ့တဲ့ ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲအကြား ကွဲခြားမှုမျာနှင့်ပတ်သက်၍ လူငယ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ ပြောကြားချက်များကို ဖော်ပြလိုက်ရပါသည်။
မိုင်ဒီနာလင်း (ပလက်ဝ လူငယ်ရေးရာ)
“၂၀၁၅ တုန်းကတော့ စစ်ဘေးတွေလည်း အခုလိုမရှိသေးလို့ဖြစ်မယ်။လူထုတွေက စိတ်ဝင်စားကြတယ်။ဒါပေမဲ့ ဒီနှစ်တော့ မဲစာရင်းတွေလည်း ကပ်တော့ကပ်ထားတယ်။တစ်ယောက်မှ လာမကြည့်ကြဘူး၊ ဘာကြောင့်လဲဆိုတော့ လက်ရှိမှာတော့ စစ်ပွဲတော့ငြိမ်နေတယ်။ ဒါပေမဲ့ စားဝက်နေရေးအတွက်လည်း အခက်အခဲရှိတော့ အခုလို စိတ်မဝင်စားတာလည်း ဖြစ်နိုင်တယ်”
ကိုမုန်နိုး (Tedim Youth Fellowship အထွေထွေအတွင်းရေးမှူး)
“၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မဲပေးကြတယ်။ ဒါပေမဲ့ တက်လာတဲ့ကိုယ်စားလှယ်တွေက သိပ်ပြီးအားမရကြဘူး။ ဘာလို့အားမရလဲဆိုတော့ တက်လာတဲ့ ကိုယ်စားလှယ်တွေက ပြည်သူလူထုနဲ့ တွေ့စုံမူ၊ ထိတွေ့မူ အရမ်းနည်းနေတယ်။ ဒီနှစ်ရွေးကောက်ပွဲအတွက် လက်ရှိမြေပြင်အခြေအနေအရဆိုရင် ပြည်သူတွေက မဲထည့်ချင်ကြတယ်။ တစ်ခုထူးခြားတာက ၂၀၁၅ တုန်းက ပါတီကိုကြည့်ပြီး မဲပေးကြတယ်။ အခုကတော့ ပါတီနဲ့ကိုယ်စားလှယ်လောင်းကြည့်ပြီး မဲထည့်ဖို့ အသိပညာတွေ ရလာကြတယ်။ ဆိုတော့ အခုကတော့ ပြည်သူတွေနဲ့ ထိတွေ့မူများပြီး၊ လိုအပ်ချက်ဖြေရှင်းပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရွေးဖို့ အတိုင်းအတာတစ်ခုမှာ နေကြတယ်”
ကိုမာန်ဟုန်း(The Third Eye Founder)
“ချင်းပြည်သူတွေက နိုင်ငံရေးနဲ့ ပတ်သက်လာရင်တော့ ပြည်မဘက်ကလူတွေတော့ နိုင်ငံရေးနိူးကြားရေးမှာ နိူးကြားလေ့ရှိတယ်လို့ မြင်တယ်၊ လူဦးရေနည်းလို့လည်း ဖြစ်မှာပေါ့၊ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကဆိုရင် မဲနိုင်တဲ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းက မဲပေးကြတယ်၊ အဲဒီမှာ ၂၀ ရာခိုင်နှုန်းက အားလုံးသိတဲ့အတိုင်း နိုင်ငံခြားကို ရောက်နေတဲ့သူတွေ၊ ကျောင်းတက်တဲ့လူတွေ ပြီးတော့ မသန်စွမ်းတွေ မဲပေးနိုင်ဖို့ နိုင်ငံတော်ရဲ့ စီမံမူအားနည်းမူကြောင့် မဲမပေးနိုင်ဘူး၊ ဆိုတော့ အခုတစ်ခေါက်လည်း မဲပေးနိုင်တဲ့သူ အားလုံးနည်းပါး မဲပေးကြမယ်လို့ ကျတော်မြင်တယ်၊ ဒါပေမဲ့ ဒီနှစ်တော့ တစ်ခုထဲကို ပုံပြီးမဲမပေးသင့်ဘူးလို့ မြင်တဲ့သူတွေလည်း ရှိလာတယ်၊ နောက်တစ်ခုက ဘယ်သူ့ကို မဲပေးရမှန်းမသိတော့ဘူး၊ ကိုယ်ယုံကြည်ခဲ့တဲ့ပါတီက လက်တွေ့ စီမံခန့်ခွဲ၊ လုပ်ငန်းဆောင်ရွတ်တဲ့ခါမှာ အားမရတဲ့သူတွေ ရှိလာတယ်၊ တစ်ချို့ကလည်း ကိုယ်ပေးမဲ့ပါတီကို ရွေးပေးသားတွေလည်း ရှိကြပြီ”
ဆလိုင်း လားတလာမွန် (နိုင်ငံရေး မဟာဘွဲ့၊ ချင်းမိုင်)
“ပြောရရင်တော့ လွယ်ပါတယ်။ ပြည်သူတွေကတော့ စိတ်ဝင်တစားနဲ့ မဲပေးကြအုံးမှာပါပဲ။ ဘာဖြစ်လို့ ဒီလိုပြောလို့ရလဲဆိုရင်တော့ NLD ပါတီကို ထောက်ခံမဲပေးတဲ့ပြည်သူတွေဟာ ဒီမိုကရေစီဘက်တော်သားတွေ ဖြစ်ကြလို့ပါပဲ။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရသက်တမ်း ငါးနှစ်တာကာလမှာ ပြည်သူတွေအတွက် ထင်သာမြင်သာတဲ့ ပြောင်းလဲမှုတွေ၊ ထိရောက်တဲ့ လုပ်ငန်းတွေ သိပ်မလုပ်နိုင်ခဲ့ဘူးဆိုတာကလဲ အခြေခံဥပဒေအရရော အုပ်ချုပ်ရေးယန္တရားမှာပါ ထိန်းချုပ်ထားမှုတွေ ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်လို့ဆိုတာ ပြည်သူတော်တော်များများက သဘောပေါက်ပြီးသားဖြစ်နေပါတယ်။ ဒါ့အပြင် နှစ်ပေါင်းတော်တော်ကြာကြာ ထိန်းချုပ်မှုနဲ့ အသားကျနေတဲ့ အုပ်ချုပ်မှုယန္တရားတစ်ခုကို ငါးနှစ်လေးနဲ့ ထင်သာမြင်သာပြောင်းလဲပစ်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စရပ်ဖြစ်တယ်ဆိုတာကိုလဲ ပြည်သူတွေ သဘောပေါက်ပါတယ်။ အဓိက ကတော့ အဆိုးမြင်ချင်တဲ့သူက အမြဲတမ်းအဆိုးမြင်မယ်၊ အကောင်းမြင်ချင်တဲ့သူကလဲ အကောင်းဘက်က ဖြည့်တွေးပေးနိုင်တယ်။ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီကိုလိုလားတဲ့ နှလုံးရည်၊ လက်ရုံးရည်ပြည့်ဝတဲ့ ပြည်သူတော်တော်များများ ရှိနေသေးတာကြောင့် ဒီနှစ်ရွေးကောက်ပွဲဟာလဲ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေအုံးမှာပါပဲလို့ ကျွန်တော်ကတော့ မြင်ပါတယ်”