ရွေးကောက်ပွဲတွင် ကရင်ပါတီများ အချင်းချင်းထိပ်တိုက်မတွေ့ရေးအတွက် ပြည်နယ်ပြင်ပဖြစ်သော နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) မှ အထွေထွေအတွင်းရေးမှူး စောကြည်လင်းကပြောသည်။
အဆိုပါ ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် စောစိုးနိုင်၊ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် စောဝင်းနှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တိုင်းဒေသကြီး အမှတ်-၂ မဲဆန္ဒနယ်၌ စောညီညီတို့ ဝင်ပြိုင်သွားမည် ဖြစ်သည်။
“ကရင်ပါတီအချင်းချင်း ထိပ်တိုက်မတွေ့ဖို့ ကျွန်တော်တို့ ကတိပေးထားတဲ့အတိုင်း ကရင်ပြည်နယ်မှာ မပြိုင်ဘူး။ ပြည်နယ်ပြင်ပမှာ အခုလို သုံးနေရာဝင်ပြိုင်တာပါ” ဟု စောကြည်လင်းကပြောသည်။
နေပြည်တော်ကောင်စီနယ်မြေရှိ မဲဆန္ဒနယ်မြေများတွင် ဝင်ပြိုင်ရခြင်းသည် ၎င်းနယ်မြေ မြို့နယ်ရှစ်မြို့နယ်၌ ကရင်ဖြူလူဦးရေ ငါးသောင်းကျော်ရှိ ပြီး၊ ပျဉ်းမနားမြို့နယ်တွင် ကရင် ဖြူလူဦးရေ တစ်သောင်းခွဲခန့် ရှိသည့်အတွက် ဝင်ပြိုင်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်ဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှလွှတ်တော် ကိုယ်စားလှယ်လောင်း စောစိုးနိုင်က ပြောသည်။
“ကျနော်တို့ ဌာနေတိုင်းရင်းသားတွေရဲ့အသံ လွှတ်တော်ထဲရောက်အောင်တင်ပြချင်လို့ ဝင်အရွေးခံဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်” ဟု စောစိုးနိုင်ကပြောသည်။
ကရင်ပြည်နယ်ရှိ ကရင်ပါတီလေးခု ပြန်ပေါင်းစည်းကာ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို တည်ထောင်စဉ်က ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီဝင်အချို့က သွားရောက်ပူးပေါင်းခဲ့ပြီး ထိုအချိန်က ကရင်ပြည်နယ်တွင် ကရင်ပါတီအချင်းချင်း ထိပ်တိုက်မတွေ့ရေးအတွက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြည်နယ်တွင် ဝင်ပြိုင်မည်မဟုတ်ကြောင်း ကတိပေးခဲ့သည်ဟုဆိုသည်။