ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် စောစိုးနိုင်နှင့်မေးမြန်းခြင်း

ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် စောစိုးနိုင်နှင့်မေးမြန်းခြင်း

၂၀၂၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီကနေ ကရင်လူမျိုးတို့၏ မျိုးနွယ်စုတစ်ခုဖြစ်သည့် ကရင်ဖြူတို့အများဆုံးနေထိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည့် စောစိုးနိုင်အား မေးမြန်းထားခြင်းဖြစ်သည်။

မေး ။ ။ ကိုယ်စားလောင်းလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံရတဲ့ ရည်ရွယ်ချက်လေး သိပါရစေ။

ကျနော်အနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အထက်မြန်မာပြည် မန္တလေးတိုင်းမှာပေါ့နော် ကရင်တွေအများကြီးရှိတယ်။ နေပြည်တော်ကောင်စီ နယ်မြေမှာလည်း အများကြီးနေထိုင်နေတာရှိတယ်။ ကျနော်တို့အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတော့ နိုင်ငံရေးပါတီလည်း မထောင်နိုင်ဘူး၊ လွှတ်တော်ကိုယ်စားလှယ်လည်း မတက်နိုင်ဘူးပေါ့နော်။ အဲဒီလိုအခြေ အနေဖြစ် နေတဲ့အတွက် ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ အခွင့်အရေးတွေ အသံတွေက လွှတ်တော်ထဲ တိုက်ရိုက်မရောက်နိုင်ခဲ့ဘူး။ ဒီလိုအခြေအနေတွေအပေါ်မှာ ကျနော်အနေနဲ့ ကျနော်တို့ဌာနေတိုင်းရင်း သားတွေအသံကို လွှတ်တော်ထဲရောက်ရှိအောင် တင်ပြခွင့်ရရှိချင်တဲ့အတွက် ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ဝင်ရောက်အရွေးချယ်ခံဖို့ ရွေးချယ်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မေး။ ။ ဘယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံသွားမလဲဆိုတာ သိပါရစေ။

ကျနော်လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာက နေပြည်တော်ကောင်စီ နယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက် အရွေးချယ်ခံသွား မှာဖြစ်ပါတယ်။ ကျနော်တို့ ကရင်ဖြူဒေသမှာတော့ ကရင်ဖြူတွေနေထိုင်တဲ့ကျေးရွာပေါင်း ၇၆ ရွာရှိတယ်။ သို့သော်လည်း နေပြည်တော်ကောင်စီ ၈ မြို့နယ်အတွင်းမှာ ပြန့်ပြီးနေထိုင်ကြတယ်။ အများစုနေထိုင်တာ ကတော့ ပျဉ်းမနားမြို့နယ်မှာပါ။ ကရင်ဖြူရှိတဲ့ ၈ မြို့နယ်အတွင်းမှာရှိတဲ့အင်အားကတော့ အသက် ၁၈ နှစ် အထက်အောက်အားလုံးပေါင်းရင် လူဦးရေ ၅ သောင်းကျော်ရှိတယ်။ မဲပေးနိုင်သူကတော့ ဒီ ၈ မြို့နယ် အတွင်းမှာ ၃ သောင်းကျော်ရှိတယ်။ ကျနော်ဝင်ပြိုင်မယ့်နေရာကတော့ ၁ သောင်းခွဲဝန်းကျင်ရှိပါတယ်။

မေး။ ။ ဝင်ရောက်အရွေးချယ်ခံမည့် နေရာမှာ နေထိုင်နေကြတဲ့ ကိုယ့်ရဲ့မဲဆန္ဒရှင်ပြည်သူတွေရဲ့ အခြေ အ နေနဲ့ပတ်သက်ပြီး ဘယ်လိုလေ့လာသိရှိထားတာတွေ ရှိပါလဲ။

ကျနော်က ဒေသခံတစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ပြီး ကျနော်တို့တွေက ခြံအလုပ်၊ တောင် ယာအလုပ်တွေလုပ်ကြတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုအရရော၊ အတွေ့အကြုံကော မရှိဘူးပေါ့။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာလည်း ဒီဒေသဘက်မှာ ကိုယ့်ကရင်လူမျိုးထဲက တစ်ခါမှ ဝင်ရောက် ယှဉ်ပြိုင်တဲ့အတွေ့အကြုံလည်းမရှိဘူး။ ဒေသခံတွေကတော့ ကိုယ့်လူတွေ လွှတ်တော်ထဲရောက်ဖို့ကို မျှော်လင့် တယ်။ ဖြစ်လည်း ဖြစ်စေချင်နေကြတယ်။ ကျနော်ကိုယ်တိုင်ကလည်း ဒါကိုလေ့လာသင်ယူနေရ ဆဲဖြစ်ပါတယ်။

စာပေယဉ်ကျေးမှုအပိုင်းမှာကျတော့ ကျနော်တို့ကရင်ဖြူဒေသမှာ စာပေယဉ်ကျေးမှုအဖွဲ့ ဖွဲ့စည်းနိုင်တာတောင်သိပ်မကြာသေးပါဘူး။ စာပေသင်ကြားမှုအပိုင်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၅ နောက်ပိုင်းမှာသာ ကရင်စာပေ သင်တန်းတွေဘာတွေ ပေးနိုင်တယ်။ အဲဒါတွေကိုလည်း ပိုမိုအားကောင်းလာအောင် အများကြီး အချိန်ယူ လုပ် ဆောင်ရအုံးမှာ ဖြစ်ပါတယ်။ ဥပမာ -ကရင်အမျိုးသားနှစ်သစ်ကူးဆိုလည်း ကျနော်တို့က ကိုယ်ထူကိုယ်ထနဲ့ နှစ်စဉ်ကျင်းပနိုင်အောင် မနည်းလုပ်ဆောင်ရတယ်။ ဒေသခံတွေရဲ့ထည့်ဝင်ငွေတွေ စေတနာရှင်တွေရဲ့ ပံ့ပိုး ကူညီမှုတွေနဲ့ ချွေချွေတာတာကျင်းပနေရတဲ့အခြေအနေပါ။

နောက်တစ်ခုက ဒေသဖွံ့ဖြိုးရေးအပိုင်းမှာလည်း ကျနော်တို့ကရင်ဖြူဒေသက နောက်ကျကျန်နေတုန်းပါပဲ။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း နေရာတိုင်းမမိဘူး။ အဲဒီတော့ အပြင်မှာ ဘာတွေဖြစ်နေတယ်။ တခြားဗဟုသုတတွေအပြင် ဘယ်သတင်းတွေတက်နေလည်း ဘာမှမသိရဘူးပေါ့။ နောက်ပြီး လမ်းပန်းဆက် သွယ်ရေးအပိုင်းမှာ လမ်းမကောင်းတာအများကြီး။ လမ်းပန်းဆက်သွယ်ရေး မကောင်းတာကလည်း ကျနော်တို့ ဒေသရဲ့စီးပွားအခြေအနေကို တစ်နည်းတစ်ဖုံ သက်ရောက်ဆက်စပ်နေတယ်လို့ ထင်ပါတယ်။ ဒါကို နွေး၊ မိုး၊ ဆောင်း သွားလာနိုင်အောင် လုပ်ပေးချင်တယ်။ ကျနော်တို့ဒေသရဲ့အဓိက အသက်မွေးဝမ်းကျောင်း လုပ်ကိုင် တာက ကွမ်းခြံ၊ ဖာလာ၊ ငှက်ပျောတွေစိုက်တယ်။ နောက်ပြီးရွှေ့ပြောင်းတောင်ယာခုတ်တယ်။ လယ်ကတော့ တောင်ကုန်း၊ တောင်တန်းတွေများတော့ မဖော်ထုတ်နိုင်လို့ အနည်းအကျဉ်းပဲ လုပ်ကြတယ်။ ကျနော်တို့ ဒေသခံတွေကတော့ လုပ်လုပ်စားစားပါပဲ။ လုပ်ကိုင်ဖို့ မြေနေရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဈေးကွက် ဝင်သီးနှံမျိုးစေ့တွေ ၊ စိုက်ပျိုးနည်းစနစ်တွေ ဈေးကွက်သီးနှံထွက်ကုန်တွေအပြင် ဈေးကွက်နဲ့ချိတ်ဆက်ဖို့ တွေ ကတော့ ကျနော်တို့အတွက် အကူအညီတွေ အများကြီးလိုအပ်တယ်ဗျ။

ပညာရေးအပိုင်းမှာလည်း ကျနော်တို့ဘက်မှာက အများစုက မူလတန်း၊ အလယ်တန်းလောက်ပဲ၊ အထက် တန်းကို လက်လှမ်းမှီဖို့ ဘွဲ့ရဖို့က တော်တော်လေးကို ရှားပါးသလောက်ဖြစ်နေတယ်။ အဲဒါကို လက်လှမ်းမှီ ထားနိုင်တဲ့မိဘတွေရဲ့အခြေအနေကလည်း ရှားပါတယ်။ ကျောင်းဆိုရင်လည်း မြို့မှာထားဖို့က ကုန်ကျစရိတ်တွေမပံ့ပိုးပေးနိုင်တော့ ဆုံးခန်းတိုင်ပညာသင်ကြားနိုင်ဖို့အခွင့်အရေးက နည်းပါတယ်။

မေး။ ။ ဒီလိုအခြေအနေတွေဖြစ်ပေါ်နေတာနဲ့ပတ်သက်လို့ ဘယ်လိုသုံးသပ်မိပါလဲ။

ဒါတွေကတော့ ကျနော့်အနေနဲ့ပြောရရင် ဒီဒေသရဲ့ လုပ်ကိုင်စားသောက်မှုအပေါ်မှာ အများကြီးမူ တည်ပါတယ်။ ကရင်ဖြူကလေးတွေမှာလည်း စာတော်တဲ့သူတွေရှိတယ်။ မိဘတွေကမထားနိုင်တော့ ပညာ ရေးတပိုင်းတစနဲ့ ကျောင်းထွက်ထွက်သွားရတဲ့ကလေးတွေ အများကြီးရှိနေတယ်။ မိဘတွေ အနေနဲ့ကတော့ ပညာရေးပိုင်းနဲ့ပတ်သက်လို့ သူတို့သဘောထားကတော့ အားနည်းနေတာတော့မဟုတ်ဘူး။ ကိုယ့်သားသမီးကို ပညာတတ်ဖြစ်စေချင်ကြတာချည်းပါပဲ။ အဓိကကတော့ စီးပွားရေးကြောင့်ပါ။

မေး ။ ။ ဒေသခံတစ်ယောက်လည်းဖြစ်တယ်၊ နောက်ပြီး ဒီဒေသကနေပဲ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံမယ်ဆိုတော့ အကယ်၍ ကိုယ်စားလှယ်တစ်ယောက် ဖြစ်လာမယ်ဆိုရင် ကိုယ့်ဒေသကလူတွေအတွက် ဘာတွေလုပ်ဆောင်ပေးချင်ပါလဲ။

ကျနော်ကတော့ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်လာအောင်အစွမ်းကုန်ကိုယ်စွမ်းညဏ်စွမ်း ရှိသလောက် လုပ်ပေးချင်တဲ့ဆန္ဒပဲရှိတယ်။ ကျနော်ဒီလိုအတွေ့အကြုံတစ်ခါမှလည်း မရှိဘူး။ နောက်ပြီးကျနော်တို့ နေပြည် တော်ကောင်စီနယ်မြေမှာ ကျနော်တို့ ကရင်ဖြူဒေသဌာနေတိုင်းရင်းသားကနေ လွှတ်တော်ကိုယ်စားလှယ် ဝင်ပြိုင်တဲ့အစဉ်အလာလည်း တစ်ခါမှမရှိခဲ့ဖူးပါဘူး။ ကျနော်ဝင်ပြိုင်ရတဲ့ နောက်ရည်ရွယ်ချက်တစ်ခုကလည်း နောင်လာနောက်သားတွေအနေနဲ့ ကျနော်တို့ကရင်ဖြူတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်ဆိုတာကို လမ်းကြောင်းဖွင့်ပေးတဲ့ သဘောလည်း ပါပါတယ်။

တကယ်လို့များ ကျနော်အရွေးချယ်ခံရမယ်ဆိုရင် ပညာရေးဘက်မှာ သက်ဆိုင်ရာပညာရေးဌာနတွေနဲ့ ပူးပေါင်းပြီး ဆရာ၊ ဆရာမများများရရှိအောင်လုပ်ဆောင်ပေးချင်တယ်။ နောက်ပြီးအားနည်းနေသေးတဲ့ ကရင် ဖြူဒေသ စာပေယဉ်ကျေးမှုအပိုင်းကိုလည်း ဒီထက်မက ပိုမိုဖွံ့ဖြိုးလာအောင် ကျယ်ပြန့်လာအောင်လုပ်ဆောင်ချင်ပါတယ်။ နောက်ပြီး ကျနော်တို့ဒေသရဲ့ထွက်ကုန်တွေကို ဈေးကွက်ဝင်အောင်၊ နည်းပညာတွေ အချိတ်ဆက်တွေရရှိအောင်နဲ့ ကရင်ဖြူဒေသကလေးတွေအလုပ်အကိုင်အခွင့်အလမ်းရရှိအောင် ဖန်တီးပေး ချင် တယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများထပ်ပြီး ဖြည့်စွက်ပြောချင်ပါလဲ။

ကျနော်ကတော့ ဒေသခံပြည်သူတွေရဲ့ အသံကိုပဲ နားထောင်ပြီး အစွမ်းကုန်ကြိုးစား လုပ်ဆောင်ပေး သွားမယ်လို့ပြောချင်ပါတယ်။

စဖန်းရှောင်း မေးမြန်းထားသည်။

July 6, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့်...
July 4, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားဂိမ်းရုံများအား ပြီးခဲ့သည့်...
July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...