လူငယ်များ ကိုယ့်ဒေသအတွက်တာဝန်ယူနိုင်ကြောင်းပြသလို၍ ရွေးကောက်ပွဲဝင်ခြင်းဖြစ်ဟု အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ စစွဲမက်ပြော

လူငယ်များ ကိုယ့်ဒေသအတွက်တာဝန်ယူနိုင်ကြောင်းပြသလို၍ ရွေးကောက်ပွဲဝင်ခြင်းဖြစ်ဟု အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ စစွဲမက်ပြော
by -
စောထွန်းလင်း (KIC)

ကရင်ပါတီများထဲတွင် အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သည့် စစွဲမက်အနေဖြင့် ကရင်အမျိုးသားပါတီ (KNP) ကိုယ်စားပြု၍ မြောင်းမြမြို့နယ်၊ တိုင်းဒေသကြီးအမှတ် ၂ မဲဆန္ဒနယ်တွင် ဝင်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြောင်းမြမြို့၊ သိလ္လာတိုက်နယ်တွင် ၁၉၉၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင်မွေးဖွားသည့် စစွဲမက်သည် လက်ရှိတွင် အသက် ၂၅ နှင့်လေးလ ကျော်သာရှိပြီး စိတ်ပညာဘာသာရဖြင့် ဘွဲ့ရထားသူဖြစ်ကာ ကရင်ပါတီများထဲတွင် အသက်အငယ်ဆုံး ကိုယ်စားလှယ်လောင်းတဦးဖြစ်ကြောင်း သိရသည်။

“အဓိကရည်ရွယ်တာကတော့ ကျနော်တို့ လူငယ်တွေဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသအတွက် ဝင်ရောက်လုပ်ကိုင်နိုင်တယ်ဆိုတဲ့ အသိတစ်ခုပေးချင်လို့ဝင်ပြိုင်တာပါ” ဟု စစွဲမက်က ပြောသည်။

၎င်းအနေဖြင့် မြောင်းမြမြို့ နယ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်မြေတွင်အင်အားကြီးပါတီများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါ်ခိုင်ဇင်ဦးနှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဦးစိုးနိုင်တို့နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသားပါတီအနေဖြင့် ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တို့၌ ကိုယ်စားလှယ် ၁၃ ဦး ဝင်ပြိုင်သွားမည်ဖြစ်ကာ လူငယ်နှင့် လူလတ်ပိုင်းအများစုပါဝင်သည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက ပြောသည်။

“လူငယ်တွေကို အခုလို ယုံယုံကြည်ကြည် နေရာပေးတွဲခေါ်သွားမှ ရမှာလေ။ သူတို့အတွက် နိုင်ငံရေးအတွေ့အကြုံကောင်းတွေ ရစေချင်တယ်” ဟု မန်းကျော်ငြိမ်းက ပြောသည်။

မြောင်းမြမြို့နယ်ရှိ မဲဆန္ဒနယ်များတွင် ဝင်ပြိုင်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ် ၇၁ ဦးအနက် လွှတ်တော်ကိုယ်စားလှယ်လောင်း စစွဲမက်သည် အသက်အငယ်ဆုံးဖြစ်ကြောင်း မြောင်းမြခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမောင်မောင်စိန်က ဩဂုတ် ၁၉ ရက်က အတည်ပြုပြောကြားခဲ့သည်။

ရွေးကောက်ပွဲဥပဒေအရ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် အသက် ၂၅ နှစ်ပြည့်ရန်လိုအပ်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းသည် အသက် ၃၀ ပြည့်ရန်လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...