ရွေးကောက်ပွဲအလွန် တိုင်းရင်းသားပါတီများ၏ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးအိမ်မက်

ရွေးကောက်ပွဲအလွန် တိုင်းရင်းသားပါတီများ၏ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးအိမ်မက်
ဇူလိုင် ၂၉ ရက်နှင့် ၃၀ ရက်ကကျင်းပသည့်  ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာရေးဆွဲသည့် အစည်းအဝေးကို တက်ရောက်လာသည့်  ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမှ လူငယ်များကိုတွေ့ရစဉ်
ဇူလိုင် ၂၉ ရက်နှင့် ၃၀ ရက်ကကျင်းပသည့် ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာရေးဆွဲသည့် အစည်းအဝေးကို တက်ရောက်လာသည့် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမှ လူငယ်များကိုတွေ့ရစဉ်

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းအရ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါတီကြီးတစ်ခုတည်းက သောင်ပြိုကမ်းပြို  အနိုင်ရရှိမည့် အခင်းအကျင်းမျိုးမဟုတ်ဟု တိုင်းရင်းသားပါတီများက အခိုင်အမာပြောလျက်ရှိသည်။

အထူးသဖြင့် လာမည့် ရွေးကောက်ပွဲအလွန် လွှတ်တော်များ၌ တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်များ ပိုမိုများပြားစွာပါဝင်လာမည်ဟု တိုင်းရင်းသားပါတီများက ယုံကြည်လျက်ရှိသည်။

ထိုအခြေအနေအတွက် တိုင်းရင်းပါတီတချို့က ပြင်ဆင်ထားပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများက ‌ရွေးကောက်ပွဲတွင် ၎င်းတို့ကိုယ်စားလှယ်လောင်များ အများအပြားအနိုင်ရရှိပါက ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“သေချာတာကတော့ ၂၀၂၀ မှာတော့ ၂၀၁၅ လို NLD ကတော့ ‌သောင်ပြိုကမ်းပြိုနိုင်ဖို့တော့ အခြေအနေမရှိတော့ပါဘူး။ ဒါကြောင့် အစိုးရဖွဲ့ဖို့ ခက်ပါလိမ့်မယ်။ NLD ပါတီ တစ်ခုတည်းအနေနဲ့ဆို ဘယ်လိုမျိုး လုပ်လာနိုင်မလဲ။ ဒါကြောင့် ညွှန့်ပေါင်းအစိုးရဟာ မလွှဲမသွေ ဖြစ်ပါလိမ့်မယ်။ ဒီ ၂၀၂၀ ရဲ့အလွန်မှာတော့ မလွှဲမသွေ ညွှန့်ပေါင်းအစိုးရ ဒါမှမဟုတ် ညီညွှတ်ရေးအစိုးရတွေ ဖြစ်ပါလိမ့်မယ်” ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ဒုတိယဥက္ကဋ္ဌ ၂ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ရွေးကောက်ပွဲတွင် ပါတီတစ်ခုခုက ၅၀ ရာခိုင်နှုန်းနှင့်အထက် အနိုင်ရရှိမှသာ အစိုးရဖွဲ့ခွင့်ရှိမည်ဖြစ်ကာ ၅၀ ရာခိုင်နှုန်းအထက် မရပါက အစိုးရဖွဲ့နိုင်ရန် တိုင်းရင်းသားပါတီများဖြင့် ပူးပေါင်းရမည်ဖြစ်၍  ညွန့်ပေါင်းအစိုးရ ပေါ်လာမည့်အခြေအနေတွင်ရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ စိုင်းကျောညွန့်က သုံးသပ်သည်။

“၅၀ ရာခိုင်နှုန်း ကျော်အောင် မနိုင်တော့ဘူးဆိုရင် ပါတီကြီးတွေ အနေနဲ့ဘယ်လို စဉ်းစားမလဲ။ အဲဒီအချိန်မှာလည်း တပ်မတော်ကလည်း ၂၅ ရာခိုင်နှုန်းကိုင်ပြီးတော့ စောင့်နေမှာ။ ပါတီကြီးတစ်ခုက ၅၀ ရာခိုင်နှုန်း မကျော်ဘူးဆိုတာနဲ့ ဘယ်သူအစိုးရ ဖြစ်မလဲဆိုတဲ့ ကိစ္စက စကားပြောလာပြီ။ ဆိုတော့ ဘယ်သူက စည်းရုံးရေးအားပိုကောင်းမလဲ။ ဘယ်သူတွေက မူဝါဒတွေဘယ်လောက်တူညီကြမလဲ။ အဲဒီအပေါ်မှာ အပြန်အလှန်စေ့စပ် ညှိနှိုင်းရတာတွေ ရှိလာနိုင်တယ်။ အဲဒါကလည်း ကံသေကံမ ပြောလို့မရပါဘူး။ တိုင်းရင်းသားပါတီတွေက များများစားစား နိုင်ထားတယ်ဆိုရင် ဒီဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်ပေါ်လာလိမ့်မယ်လို့မြင်တယ်” ဟု စိုင်းကျော်ညွှန့်က ပြောသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှသွားနေသည့် ရွေးကောက်ပွဲအခင်းအကျင်းအရ တိုင်းရင်းသားပါတီများအနေဖြင့် ပိုမိုကြိုးစားရမည့် အနေအထားတွင်ရှိနေပြီး ပါတီကြီးတစ်ခုတည်းက လွတ်လပ်စွာ ချယ်လှယ်နိုင်သည့်အစိုးရထက် ပါတီများစုပေါင်းကာ ဖြစ်ပါ်လာသည့် ညွှန်ပေါင်းအစိုးရက သာ၍ တိုင်းပြည်အတွက် အကျိုးရှိနိုင်သည်ဟု ဆိုသည်။

“တိုင်းပြည်ကောင်းစားရေးအတွက်တော့ အဖွဲ့အစည်းတစ်ခုက လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်ရာမလုပ်နိုင်အောင် ဆိုရင်တော့ဖြင့် တစ်ပါတီတည်းမဟုတ်တဲ့ပါတီတွေ အစုအဖွဲ့တွေ ပူးပေါင်းထားတဲ့ပုံစံက ဒီတိုင်းပြည်အတွက်တော့ ပိုကောင်းမယ်လို့ ကျနော်မြင်တယ် ဒါပေမယ့် ဖြစ်လာခြင်း မဖြစ်လာခြင်းက ၂၀၂၀ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာပါတီအားလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့တော့ ပိုသက်ဆိုင်တယ်” ဟု ၎င်းကပြောသည်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက လက်ရှိအနေအထားအရ ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် လွှတ်တော်ထဲတွင် တိုင်းရင်းသားပါတီများ၏ အခန်းကဏ္ဍမှာ အားကောင်းလာနိုင်သည်ဟု သုံးသပ်သည်။

“ကျနော်အမြင်အရ ပြောရရင်တော့ တိုင်းရင်းသားပြည်နယ် ခုနစ်ပြည်နယ်မှာ တိုင်းရင်းသားပါတီတွေရဲ့ အားကောင်းမှုကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ကတော့ ရခိုင်မှာ ရွေးကောက်ပွဲဖြစ်မဖြစ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်။ ဒုတိယအနေနဲ့ ကရင်ပြည်နယ်မှာတော့ လောလောဆယ် အချက်အလက်တွေကတော့ NLD အားကောင်းနေဆဲလို့ သိရပါတယ်။ အဲတော့ ကျန်တဲ့ တိုင်းရင်းသားပြည်နယ်ငါးခုမှာတော့ တိုင်းရင်းသားပါတီတွေ အားကောင်းဖို့ အလားအလာရှိတယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားပါတီတွေ အားကောင်းလာရင်တော့ လွှတ်တော်အတွင်းမှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍ ကြီးလာနိုင်ပါတယ်။ အဲတော့ အစိုးရဖွဲ့စည်းရေးနဲ့ပတ်သက်လို့ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍ ပိုလာနိုင်တယ်” ဟု ဦးမောင်မောင်စိုးက ပြောသည်။

ထိုသို့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး မျှော်လင့်ချက်နှင့်ပတ်သက်၍ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာရေးဆွဲသည့် အစည်းအဝေးကို ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက် မှ ၃၀ ရက်အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ ဗဟိုပါတီရုံးချုပ်တွင် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများမှ လူငယ်များက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“တိုင်းရင်းသားတွေ မပါပဲနဲ့ အစိုးရ ဖွဲ့နိုင်တဲ့ပါတီက သီးသန့်မရှိဘူး။ အဲဒါကို message ပေးချင်တယ်။ ကျနော်တို့တွေ တိုင်းရင်းသားတွေပါမှရွေးကောက်ပွဲမှာ ရာခိုင်နှုန်း ၅၀ ကျော်မယ်ဆိုတာကို ပါတီကြီးတစ်ခုခုက သိအောင်ဖြစ်တယ်” ဟု ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာရေးဆွဲသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ KSPP ပါတီမှ လူငယ်ရေးရာတာဝန်ခံ ကိုနော်ခုန့်ကပြောသည်။

အဆိုပါ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာကို ရေးဆွဲသည့်လူငယ်များသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊ မွန်ညီ ညွတ်ရေးပါတီ (MUP)၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP)၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) နှင့်  ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)  များမှဖြစ်ပြီး ၎င်းလူငယ်များသည် ပြီးခဲ့သည့် ရွေးကောက်ပွဲက အမျိုးသားဒီ မိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အောင်နိုင်ရေးအ တွက် ဝန်းရံခဲ့ကြသူများဖြစ်ကာ NLD ပါတီ အစိုးရဖြစ်လာပြီးနောက် တိုင်းရင်းသားအရေး၊ တိုင်းရင်းသားတို့၏ ခံစားချက်ကို လျစ်လျူရှုခဲ့သည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့၏ သက်ဆိုင်ရာတိုင်းရင်းသားပါတီများကို  ပြန်လည်ဝန်းရံခဲ့ကြသည်ဟု ဆိုသည်။

ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာရေးဆွဲသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးဖြစ်သူ  ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ပါတီမှ လူငယ်ကိုယ်စားလှယ် ခူးဂျိုးဇက်က “အဓိက ၂၀၂၀ အတွက် ပါတီအောင်နိုင်ရေးကို ဘယ်လိုသွားမလဲ။ ကျနော်တို့ ဗျူဟာတွေ အမြင် ဖလှယ်တယ်ပေါ့ နော်။ ကျနော်တို့ ပါတီအချင်းချင်းပေါ့။ ကျနော်တို့ အဓိက အမြင်မတူတာတွေကို ဖလှယ်တယ်ဆိုတော့ ကျွန်တော်တို့ ပြည်နယ်အတွက် ကောင်းကောင်း ပြန်အသုံးချနိုင်အောင်ပါပဲ” ဟု ပြောသည်။

ထိုပါတီများထဲတွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP ပါတီမှအပ ကျန်ပါတီများသည်  သက်ဆိုင်ရာ ပြည်နယ်များရှိ ပြည်သူများ၏ သဘောဆန္ဒအတိုင်း ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမကွဲသွားစေရန် ပေါင်းစည်းထား သည့် တိုင်းရင်းသားပါတီများ ဖြစ်သည်။

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲအလွန်တွင် တိုင်းရင်းသားပါတီများအနေဖြင့်  ၎င်းတို့မျှော်မှန်းထားသည့် အတိုင်း ညွန့်ပေါင်းအစိုးရဖွဲ့ နိုင်ပါက တိုင်းရင်းသားများအတွက် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်  အမျိုးသားသင့်မြတ်ရေးတို့ကို အရှိန်အဟန်မြင့် လုပ်ဆောင်သွားရန်လျာထားကြောင်း သိရသည်။

“ကျွန်တော်တို့ မဟာမိတ်တွေ လုပ်နိုင်မယ်။ ပြီးတော့ ပြည်နယ်အသီးသီး တိုင်းအသီးသီးက ဌာနေတိုင်းရင်း သားတွေ အနိုင်ရမယ်ဆိုရင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့  ဖက်ဒရယ်ကို မျှော်လင့်နိုင်တာပေါ့” ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ပါတီမှ ခူးဂျိုးဇက်က ၎င်း၏ မျှော်လင့်ချက်ကို ပြောသည်။

အချုပ်အားဖြင့် ဆိုရလျှင် တိုင်းရင်းသားပါတီများအနေဖြင့် ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲကို မဟာဗျူဟာကျကျ ချဉ်းကပ်လာနိုင်ခဲ့ပြီး လူမျိုးတူတိုင်းရင်းသားပါတီအချင်းချင်း ပေါင်းစည်းနိုင်ခြင်းသာမက ပြည်နယ်အလိုက် တိုင်းရင်းသားပါတီများနှင့်ပါ ပူးပေါင်းဆောင်ရွက်လာနိုင်သည့် အခြေအနေများကြောင့် တိုင်းရင်းသားပါတီများနှင့် ပါတီကြီးများအကြားပြိုင်ဆိုင်မှုသည် ယခင်ရွေးကောက်ပွဲများထက် ပိုမိုအားကောင်းလာနိုင်သည့်အခြေအနေကို မလွဲမသွေကြုံရမည်ဖြစ်ပြီး ရွေးကောက်ပွဲအလွန် တိုင်းရင်းသားပါတီများ၏ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးအိမ်မက်များ အမှန်တကယ်ဖြစ်ပေါ် လာမည်လားဆိုသည်မှာ ယခုနှစ် နိုဝင်ဘာ ၈ ရက်တွင် သိရတော့မည်ဖြစ်သည်။

Most read this week

May 6, 2021
NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ လက်ရှိဖြစ်ပေါ်နေသည့်...
April 24, 2021
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် ဧပြီ ၁၆ ရက်က အမျိူးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG...
April 19, 2021
CRPH က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ဧပြီ ၁၆ ရက်က တရားဝင်...