တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံမှုနှင့်ပတ်သက်၍ တိုင်ရင်းသားအဖွဲ့အစည်းများ၏ အမြင်များ

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံမှုနှင့်ပတ်သက်၍ တိုင်ရင်းသားအဖွဲ့အစည်းများ၏ အမြင်များ

NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် အာဏာသိမ်းစစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို လုပ်ဆောင်မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသော်လည်း အပစ်ရပ်အဖွဲ့အချို့မှာ စစ်ကောင်စီနှင့် နေပြည်တော်တွင် သွားရောက်ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ကရင်လက်နက်ကိုင်အဖွဲ့အစည်းနှစ်ဖွဲ့ဖြစ်သည့် DKBA နှင့် KNLA/PC တို့က စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံခဲ့သကဲ့သို့ ဧပြီ ၃၀ ရက်တွင်လည်း မွန်ပြည်သစ်ပါတီ NMSP က စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုအပေါ် ကရင်နှင့် မွန် အရပ်ဖက်အဖွဲ့အစည်းအချို့၏ သဘောထားများကို မေးမြန်းဖြစ်ခဲ့ပါသည်။

စောအဲလက်စ် (ပြောရေးဆိုခွင့်ရှိသူ - ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN)

“ဒီလိုသွားတွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဒီမိုကရေစီကို သစ္စာဖောက်တယ်။ နောက်မတရားမှုကို အားပေးတယ်။ နောက်ပြီးတော့ လူတွေကို သတ်ဖြတ်ပြီးတော့ လုပ်ချင်တာလုပ်တဲ့ စစ်ကောင်စီက ခေါင်းဆောင်တွေကိုလည်း သွားပြီးတော့မှ အသိအမှတ်ပြုတဲ့ အဖွဲ့တွေ အဖြစ်လို့ပဲလို့ ကျွန်တော်ကတော့ အဲလိုပဲ ပြောချင်တာပေါ့နော်။ အချုပ်ပြောရရင် ဘာမှကောင်းကျိုးရလဒ် နိုင်ငံရေးအရကော ငြိမ်းချမ်းရေးအရကော ဘာမှ ကောင်းကျိုး နိုင်ငံအတွက် ဘာမှ ယူဆောင်လာပေးမှာ မဟုတ်တဲ့အပြင် ဒီမကောင်းမှုနဲ့ မတရားမှုနဲ့ နိုင်ငံတခုလုံးကို ကပြောင်းကပြန်လုပ်တဲ့ လူကို သွားပြီးတော့မှ အားပေးအားမြှောက်လုပ်ပြီးတော့မှ သူတို့ကို တရားဝင် အသိအ မှတ်ပြုပြီးတော့မှ သွားလုပ်တယ်လို့ပဲ ကျွန်တော်ကတော့မြင်တယ်။ ဒါသည် သူတို့အတွက်လည်း မကောင်းသလို ကျန်တဲ့ ပြည်သူလူထုတွေအတွက်လည်း ကောင်းမွန်တဲ့ အကျိုးရလဒ်တစ်ခုမှ ရှိ လာနိုင်တယ် လို့တော့  မမြင်ဘူးပေါ့။ အဲဒီအတွက် ကျွန်တော်တစ်ယောက်အနေနဲ့ ဒီလုပ်ရပ်တွေကို ထပ်ပြီးတော့မှ မလုပ်ဖို့ ရပ်တန့်ဖို့လိုတယ်လို့ ပြောချင်တယ်”

နော်ဆဲဆဲ (ကရင်အမျိုးသားအစည်းအရုံး (KWO) - ဗဟိုကော်မတီအဖွဲ့ဝင်)

“အခုလက်ရှိ အချိန်ကာလမှာ အများပြည်သူတွေက ဒီစစ်ကောင်စီကို အစိုးရတစ်ခုလို့ ကျမတို့ မသတ်မှတ်ဘူး ပေါ့နော။ ကျမတို့ မသတ်မှတ်တဲ့အပြင် ဒီ အမြစ်ပြုတ်ရေးအတွက်ကိုပဲ ကျွန်မတို့က လုပ်ဆောင် နေတယ်ပေါ့ နော်။ ဒီတော်လှန်နေတယ် ဆန့်ကျင်နေတယ်။ ဒါပေမယ့် နားမလည်တာတစ်ခုက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဘာလို့ သူတို့ကို အစိုးရတစ်ခုလို သတ်မှတ်ပြီးတော့ ဒီ NCA အခြေအနေ အခြေခံတွေကို ဆက်လက်ပြီးတော့ ညှိနှိုင်းဆွေးနွေးတာလဲ ဆိုတာကိုတော့ နားမလည်ဘူး။ ကျွန်မတို့ကတော့ ပြည်သူလူထုအနေနဲ့ကော WLB အနေနဲ့ကော ဒီအချိန်မှာ NCA လမ်းကြောင်းက ရပ်တန့်နေတဲ့ အနေအထားဖြစ်သလို ဘယ်လိုနည်းနဲ့မှ နိုင်ငံရေး ဆွေးနွေးပွဲပဲဖြစ်ဖြစ် ညှိနှိုင်းဆောင်ရွက်မှုပဲ ဖြစ်ဖြစ် လုံးဝဆက်လုပ်လို့မရတဲ့ အနေအထား တစ်ခုဖြစ်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ငြိမ်းချမ်းရေး လုပ်တယ်ဆိုတာက ကိုယ့်ရဲ့အကျိုး အဖွဲ့အစည်းအကျိုးအတွက် မဟုတ်ဘူး ပြီးလို့ရှိရင် လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးမဟုတ်ဘူး။ ပြည်သူလူထုတွေ လိုလားတဲ့ ငြိမ်းချမ်းရေးကို အခြေခံပြီးတော့ ငြိမ်းချမ်းရေး လုပ်ဆောင်တာ ဖြစ်တယ်ပေါ့နော။ ဆိုတော့ အခုလိုလုပ်ခြင်းအားဖြင့်က ဒါ အများပြည်သူရဲ့ လိုလားချက်ကို အခြေခံတာမျိုးမဟုတ်ပဲနဲ့ အဖွဲ့အစည်းတွေရဲ့ လိုလားချက်ပေါ့နော်။ ပြောချင်တာက အဖွဲ့အစည်းတွေရဲ့ အကျိုးအတွက်ကိုပဲ ဦးညွှတ်ပြီးတော့ လုပ်ဆောင်နေတဲ့အရာမျိုး ဖြစ်တယ်ဆိုတဲ့အရာမျိုးကို ကျွန်မတို့က သုံးသပ်မိတယ်”

နိုင်ဗညားမွန် (ဒါရိုက်တာ - ဖက်ဒရယ်ရေးရာနှင့် မူဝါဒရေးရာစင်တာ)

အခုလက်ရှိ ငြိမ်းချမ်းရေးက ဘယ်လို အကောင်အထည်ပေါ်မလဲ ဆိုတဲ့ အခြေခံစဉ်းစားချက်က ကျွန်တော် ထင်တယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲမှာတော့ သေချာစဉ်းစားဆုံးဖြတ် ရမယ့် အချိန်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ အခုအနေအထားက ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေတဲ့အခါကျတော့ ဘယ်မူကို အထူးသဖြင့် ဘယ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမလဲပေါ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများထဲမှာကျတော့ အဖြေပေးရမယ့်အချိန်လို့ ယူဆတယ်။ သဘောက သွားနေတဲ့ ငြိမ်းချမ်းရေးက အရင်ကသွားနေတဲ့ ငြိမ်းချမ်းရေးက ရှင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးသိန်းစိန် လက်ထက် အစိုးရက ချုပ်ဆိုတဲ့ စာချုပ်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဆက်လက်ဆွေးနွေး တယ်ဆိုတာ ဒါက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက ဆွေးနွေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေး မှုပေါ့ ဒါပေမယ့် အခုနောက်ပိုင်းမှာကျတော့ အာဏာသိမ်းစစ်ကောင်စီက သူအာဏာသိမ်း လိုက်တဲ့ အပေါ် မှာကျတော့ မြန်မာပြည် အနေအထားက အစိုးရဆိုတာကျတော့ ဘယ်အစိုးရ က အသိအမှတ်ပြု တယ်ဆိုတာ မေးခွန်း ဖြစ်စေတယ်။ ဆိုတော့ မနေ့တစ်နေ့က ထုတ်ပြန်တဲ့ PPST ထုတ်ပြန် ကြေညာချက်အရ NUG နဲ့ လက်တွဲတဲ့ သဘောထားမျိုးလည်း ပြနေတာပဲ ဒါပေမယ့် တစ်ဖက်ကလည်း PPST အဖွဲ့ဝင် တစ်ခြားအဖွဲ့တွေ လည်း ဟိုဖက်စစ်ကောင်စီနဲ့ တွေ့နေတဲ့အပိုင်းကျတော့ ဒါက သူတို့ကြားထဲမှာ ရပ်တည်ချက် ဘယ်လိုညှိကြမလဲဆိုတာ ကျနော်တို့က ပြောဖို့ နည်းနည်းတော့ခက်တယ်ပေါ့ ဒီလိုအနေအထားမျိုးဖြစ်တယ်။

Most read this week

April 24, 2021
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် ဧပြီ ၁၆ ရက်က အမျိူးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG...
April 19, 2021
CRPH က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ဧပြီ ၁၆ ရက်က တရားဝင်...
December 31, 2020
မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းရင်းသားရေးရာ၀န်ကြီးနေရာ ၂၉ ခု၌ ရှမ်းတိုင်းရင်းသားများကို...