ကျောင်းနိမ့်ရွာအတွင်းသို့ စစ်ကောင်စီဝင်ရောက်မီးရှို့ ဒေသခံများထွက်ပြေးတိမ်းရှောင်

ကျောင်းနိမ့်ရွာအတွင်းသို့ စစ်ကောင်စီဝင်ရောက်မီးရှို့ ဒေသခံများထွက်ပြေးတိမ်းရှောင်
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

အဆိုပါကျေးရွာအတွင်းသို့ ပြီးခဲ့သည့်နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး ပုလောမြို့နယ်အခြေစိုက် အမှတ်(၂၈၅) တပ်ရင်းမှ တပ်အင်အား(၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်။ ထိုစစ်ကြောင်းသည် ကျေးရွာရှိဘုန်းကြီးကျောင်း၌ တပ်စွဲထားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပုလောမြို့နယ်ရှိ ဒေသခံများက ပြောသည်။

“ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတယ်။ ရွာထဲကိုတော့ မပြန်ရဲကြသေးဘူး။ တိုက်ပွဲဖြစ်ပြီး နေအိမ်တော်တော် များများ မီးရှို့ခံထိသွားတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း တစ်ခေါက် မီးရှို့ခံထိသေးတယ်။”ဟု ၎င်းက ကေအိုင်စီ သို့ပြော သည်။

အဆိုပါ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းအပြင် ဒေသအခြေစိုက် တော်လှန်ရေးတပ်များနှင့် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ပုလောမြို့နယ်အတွင်းရှိ ကြဲ၊ စက်တော်ရာ၊ ဇရပ်ဆိပ်၊ ကဒဲ၊ ပဝတ်ကုန်းနှင့် ကျေးရွာအများစုတွင် နေထိုင်နေသည့် ထောင်နှင့်ချီသည့် ဒေသခံများ အနေဖြင့် မြို့ပေါ်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေသည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီစစ်ကြောင်းမှ နောက်တစ်ကြိမ် ထပ်မံထိုးလာနိုင်သည့် အနေအထားတွင်ရှိနေသည့်အပြင် နှစ်ဖက်စစ်ရေး တင်းမာမှုများလည်း ရှိနေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “စစ်တပ်က နောက်တစ်ခေါက် စစ်ကြောင်းထိုးလာနိုင်တယ်။ အခုစစ်ကြောင်းကတော့ ခလရ (၂၈၅)တပ်ရင်းထဲကို ပြန်ဆုတ်သွားပြီးလို့ သိရတယ်။ တိုက်ပွဲထဲမှာ စစ်တပ်ကအထိနာတော့ ပြည်သူတွေဘက်ကို ပြန်ပြီးမဲတဲ့ သဘောပါ” ဟု ပြောသည်။

ထို့အပြင် အဆိုပါ တိုက်ပွဲများကြောင့် ကျေးရွာနေဒေသခံများ စစ်ရှောင်နေရသည့်အတွက် စိုက်ပျိုးထားသည့် စပါးခင်းများကိုလည်း ရိတ်သိမ်း၍ မရဖြစ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သား ပြည်သူ နေအိမ်စုစုပေါင်း ၉၄ လုံး ပျက်စီးခဲ့ကြောင်း ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် (FE5 Thanintharyi) ၏ လစဉ်အစီရင်ခံစာပေးပို့ချက်များအရ သိရသည်။

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း။

Most read this week

January 24, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာသို့...
January 23, 2025
ထိုင်း-မြန်မာ နယ်စပ်တွင် ဖြစ်ပေါ်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှု...
January 22, 2025
ငွေကြေးလိမ်လည်ဖြားယောင်းမှု (ကျားဖြန့်) ပြဿနာအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို...
January 22, 2025
မောင်ကျော်စွာ — အခုတလော ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတဲ့ မြန်မာ - ထိုင်း နယ်စပ်၊ မြဝတီ -...