မွန်ပြည်နယ်၏ မဲဆန္ဒရှင်စာရင်းတွင် လူဦးရေ ငါးသောင်းခြောက်ထောင်ကျော် လျှော့ရန်လိုအပ်နေကြောင်း မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးတင်ချယ်က ပြောသည်။
“ငါးသောင်း ခြောက်ထောင်ကျော်မှာ ထောင်ကျနေတဲ့သူက တစ်ရာကျော်လောက်ရှိတယ်။ ကျွန်တော်တို့စစ်တော့ ရူးသွပ်နေသူ တစ်ထောင်ကျော်တွေ့တာပေါ့။ ဒါတွေကို ကျွန်တော်တို့ ပြောထားပါတယ်။ လျှော့တာက ကော်မရှင်အလုပ်ပေါ့” ဟု ၎င်းကပြောသည်။
ထို့ပြင် မွန်ပြည်နယ်တွင် မဲဆန္ဒရှင်စာရင်းတွင်ပါရှိပြီး မှတ်ပုံတင်ကွက်လပ်ဖြစ်နေသည့်သူ ခုနစ်သောင်းနီးပါးရှိနေကာ ထိုသူများကိုလည်း အောက်တိုလလယ်အထိ မှတ်ပုံတင်ပြုလုပ်နေနိုင်ရန် စီစဉ်နေသည်ဟု ဦးတင်ချယ်က ဆက်လက်ပြောသည်။
မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် မေလမှ စတင်၍ စေတနာ့ဝန်ထမ်း ၂၄၀၀ ကျော်ဖြင့် ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး မှတ်ပုံတင်ကွက်လပ်ဖြစ်နေသူများစွာကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ၁၈ နှစ်အောက်လူငယ် ၂၂၀၉ ဦး၊ ရဟန်းဝတ် ၁၈၄၉ ဦး၊ နိုင်ငံခြားသား ၇၉ ဦး၊ သေဆုံးသူ ၅၂၄၅ ဦး၊ စာရင်းထပ်နေသူ ၃၀၅၁ ဦး၊ ထောင်ကျနေသူ ၁၅၇ ဦး၊ ရူးသွပ်နေသူ ၁၃၁၃ ဦး၊ ပုံစံ (၁၀) နှင့် ထွက်သွားသူ ၅၄၆၂ ဦးနှင့် အခြားဒေသကိုပြောင်းရွှေ့သွားသူ ၃၆၉၁၉ ဦး စုစုပေါင်းလူဦးရေ ၅၆၂၈၄ ဦးတွေ့ရှိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။
မွန်ပြည်နယ်တွင် မဲစာရင်းလာကြည့်သူ နှစ်သိန်းကျော်နှင့်မဲစာရင်းမှားယွင်းသဖြင့် ပြင်ဆင်ဖြည့်စွက်ရန် တင်ပြထားသူ နှစ်သောင်းကျော်ရှိကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ သိရသည်။
“ရပ်ကျေးကော်မရှင်တွေမှာ ဥပဒေအရခွင့်ပြုထားတဲ့ ပြင်ဆင်ဖြည့်စွက်တာတွေကို မဲဆန္ဒရှင်တွေကိုယ်တိုင် လာပြင်ရင် မှင်နီတားပြီး မဲစာရင်းဘုတ်မှာပါ တစ်ခါတည်းပြင်တယ်။ Typing Error ကြောင့် နာမည်တွေမှားနေတာတွေကိုလည်း တစ်ခါထဲပြင်ပေးတယ်” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ဆိုသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် အသက် ၁၈ နှစ်ပြည့်၍ စတင်မဲပေးရမည့် လူငယ် နှစ်သိန်းဝန်းကျင်ရှိပြီး တစ်ပြည်နယ်လုံး မဲပေးပိုင်ခွင့်ရှိသူဦးရေ ဆယ့်ခုနစ်သိန်းခြောက်သောင်းကျော်ရှိကြောင်း သိရသည်။