ကျောက်တော်မြို့နယ်တွင် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်

ကျောက်တော်မြို့နယ်တွင် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်
ဓါတ်ပုံ - U Than Tun
ဓါတ်ပုံ - U Than Tun

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခပေါ်ကျးရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဒေါ်မသန်းရီ (၄၃)နှစ်မှာ နေအိမ်၌ရှိနေစဉ် လက်နက်ကြီးတစ်လုံးမှာ အိမ်ဝန်းထဲသို့ ကျရောက်ပေါက်ကွဲလာခြင်း ဖြစ်သည်ဟု ၎င်း၏ယောက်ခထီးဖြစ်သူ ဦးဖြူသာဦးက ဆိုသည်။

“ကျနော့်ချွေးမက အိမ်မှာမွေးထားတဲ့ဝက်ကို ကြိုးဆွဲနေတဲ့အချိန်မှာ လက်နက်ကြီးအိမ်ထဲလာကျတာ။ ဝက်ကတော့ ပွဲရှင်းပြီးသေသွားတယ်။ ကျနော့်ချွေးမမှာတော့ ကျည်စတွေက နောက်ကျောမှာထိသွားတယ်” ဟု ဦးဖြူသာဦးက ပြောသည်။

ထိုသိုလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်မသန်းရီမှာ နောက်ကျောနှင့် ညာဘက်လက်မောင်းတို့၌ ဒဏ်ရာများ ရရှိသွားခဲ့သည်။

သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ခပေါ်ကျေးရွာအနီးရှိ အနောက်ဘက်တောင်တန်းတွင် တပ်မတော်နှင့် AA တို့ ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ယင်းတိုက်ပွဲဖြစ်ပွားရာနေရာသို့ ကုလားတန်မြစ်အတွင်းရှိ တပ်မတော်ရေယာဉ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သည့်အပြင် ခပေါ်ကျေးရွာအရှေ့ဘက် တောင်ရှည်တောင်ပေါ်ရှိ တပ်မတော်တပ်မ ၅၅ မှလည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်အပါအဝင် ယခုလက်နက်ကြီးကျ၍ ဒဏ်ရာရရှိသွားခဲ့သည့် အမျိုးသမီးဖြစ်စဉ်နှင့် ပတ်သက်ပြီး DMG မှ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

ဒဏ်ရာရရှိသူ ဒေါ်မသန်းရီအား သြဂုတ်လ ၁၁ ရက်က ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဓာတ်မှန်ရိုက်ကြည့်ရာ၌ သူမ၏ခန္ဓာကိုယ်အတွင်း ကျည်စများရှိနေသည့်အတွက် ခွဲစိတ်ကုသရန် သြဂုတ်လ ၁၂ ရက်တွင် စစ်တွေမြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိနေကြောင်း မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ခပေါ်ကျေးရွာအနီး ပစ်ခတ်မှုများကြောင့် အဆိုပါ ကျေးရွာမှ ဒေသခံနှစ်ဦး ကျည်ထိန်မှန်ဒဏ်ရာ ရရှိသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာနေပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုများမှာလည်း နေ့စဉ်တိုးလာနေသည်။

September 16, 2024
အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးကျပ်တည်းမှုကြောင့် မလေးရှားနိုင်ငံသို့ သွားရောက်ပြီး...
September 13, 2024
စစ်ကောင်စီသည် ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ပြည်သူ့စစ်များကို လစာပေးရန်အတွက် မွတ်ဆလင်...
September 12, 2024
သံတွဲမြို့နယ်ကို အာရက္ခတပ်တော်(AA)က အလုံးစုံသိမ်းပိုက်ပြီးနောက် ရခိုင်တောင်ပိုင်းအစွန်ဆုံး...
September 11, 2024
ရခိုင်ပြည်၊ မောင်တောမြို့တွင် အာရက္ခတပ်တော် (AA) သိမ်းပိုက်ရန် တစ်ခုတည်းကျန်ရှိနေသည့်...