မူးယစ်ဆေးဝါးနှင့် အလုပ်အကိုင်ရှားပါးမှု ဝဲဂယက်ထဲက ရွေးကောက်ပွဲအလွန် ရှမ်းလူငယ်များရဲ့မျော်လင့်ချက်

မူးယစ်ဆေးဝါးနှင့် အလုပ်အကိုင်ရှားပါးမှု ဝဲဂယက်ထဲက ရွေးကောက်ပွဲအလွန် ရှမ်းလူငယ်များရဲ့မျော်လင့်ချက်
by -
ယိင်းတိုင်း (သျှမ်းသံတော်ဆင့်)

ရှမ်းပြည်နယ်သည် မြန်မာနိင်ငံ၏ တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ဧရိယာအားဖြင့် အကြီးဆုံးဖြစ်ပြီး ၆၀,၁၅၅ စတုရန်းမိုင်ကျယ်ဝန်းသည်။ ဧရိယာအားဖြင့် ကြီးမားခြင်းနှင့်အတူ သဘာဝသယံဇာတပေါ်ကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သည်။သို့သော် ရှမ်းပြည်ရှိ ဒေသခံများအနေဖြင့် စိုက်ပျိုးရေးကိုသာ အဓိက လုပ်ကိုင်လျက်ရှိသည်။

ဆန်စပါး စိုက်ပျိုးရေးတွင် ဒုတိယကမ္ဘာစစ်မတိုင်မီကာလက ရှမ်းပြည်နယ်မှပင် ပြည်မသို့ ဆန်တင်ပို့နိုင်လောက်အောင် ဆန်စပါး ပိုပိုလျှံလျှံထွက်ခဲ့သော်လည်း ယခုအခါ ပြည်မမှပင် ရှမ်းပြည်သို့ ဆန်တင် သွင်းခဲ့ရလေသည်။

အထူးသဖြင့် အင်းလေး ဒေသသည် ဆန်စပါးအထွက်များခဲ့သော်လည်း ယခုအခါ လယ်များ အပျက်အစီးများသဖြင့် စပါးထွက် ယုတ်လျော့ခဲ့လာခဲ့သည်။

ရှမ်းပြည်နယ်တွင် စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧရိယာ ငါးဒဿမခုနစ်  ၅.၇ သန်းခန့်ရှိသည့်အနက် ဧကနှစ်သန်းခန့်သာ စိုက်ပျိုးလုပ်ကိုင်ကြ၍ ကျန်ဧကသုံးသန်းခွဲကျော်သည် ကောလျက်ရှိသည်။

ထို့ပြင် လက်ရှိစိုက်ပျိုးရေးနည်းစနစ်များကလည်း အလုပ်မဖြစ်သည့်အပေါ် တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ခေတ်အဆက်ဆက် အုပ်ချုပ်ရေးစနစ်အမှားများကလည်း ရေနစ်သူကို ဝါးကူထိုးသကဲ့သို့ဖြစ်နေသည်။ 

နောက်ဆက်တွဲအနေဖြင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာပါကြုံတွေ့လာပြီး လူငယ်များအနေဖြင့် ရရာလုပ်ကိုလုပ်ကိုင်ရာမှ မူးယစ်ဆေးဝါးရောင်းဝယ်သူများဖြစ်လာပြီး မူးယစ်နွံထဲ နစ်လာခဲ့သည်ဟု တောင်ကြီးဒေသခံလူငယ်တစ်ဦးဖြစ်သည့် စိုင်းနောင့်ကပြောသည်။

ထို့ကြောင့် အလုပ်အကိုင်ရှားပါးနှင့် မူးယစ်‌ဆေးဝါးပြဿနာမှာ ရှမ်းပြည်နယ်အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သဖြင့် ရှမ်းဒေသခံ လူငယ်များအနေဖြင့် ၎င်းအခြေအနေကို ပြောင်းလဲပေးနိုင်သည့် အစိုးရတစ်ရပ်ကို မျှော်လင့်လျက်ရှိသည်။

“မူးယစ်ဆေးဝါးက တစ်တိုင်းပြည်လုံးရဲ့ ရန်သူပဲ၊ တစ်တိုင်းပြည်လုံးရဲ့ ရန်သူဖြစ်တဲ့ ဒီမူးယစ်ဆေးဝါးကိစ္စကို စွမ်းစွမ်းတမံ တိုက်ထုတ်ပေးနိုင်မဲ့ အစိုးရမျိုး မျှော်လင့်တယ်။ အရင်ကလို လေတွေ အပြောတွေနဲ့မဟုတ်ပဲ အိမ်မက်တွေ မျှော်လင့်ချက်တွေမပေးပဲ တကယ့်လုပ်ဆောင်နိုင်မဲ့ Hero မျိုးကို မျှော်လင့်တယ်” တောင်ကြီးဒေသခံလူငယ်တစ်ဦးဖြစ်သည့် စိုင်းနောင့်ကပြောသည်။   

မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ထောင်ကျခံနေရသည့် လူငယ်ရာခိုင်နှုန်းမှာ ပိုမိုများပြားလာပြီး လူသားအရင်းအမြစ် ဆုံးရှုံးနေသည့်အပြင် မူးယစ်ဆေးဝါးနှင့်ဆက်စပ်၍ ဒုစရိုက်မှုများပြားလာကြောင်း ၄င်းကဆက်ပြောသည်။

အလုပ်အကိုင်ရှားပါးခြင်းနှင့် မူးယစ်ဆေးဝါး ပြဿနာများနှင့်ပတ်သက်၍ မြန်မာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံမှ ကိုဝင့်ထည်ကောင်းမြတ်က လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်းမှာ အစိုးရမှ  စီးပွားရေးမဟာဗျူဟာအားနည်းခြင်း၊ စိုက်ပျိုးရေး မဟာဗျူဟာအားနည်းခြင်း၊ ထုတ်ကုန်နှင့်ဆိုင်သော  မဟာဗျူဟာအားနည်းခြင်း အစိုးရပိုင်းက ပံ့ပိုးမှုအားနည်းခြင်း စသော  အချက် များကိုအခြေခံ၍ အလုပ်အကိုင်အခွင့်အလမ်းရှားပါးရခြင်းဖြစ်ပြီး ထိုအကြောင်းဆရာက လူငယ်များအပေါ်သက်ရောက်ကာ ကိုယ်တိုင်သုံးစွဲမှုအပြင်  ရောင်းဝယ်ဖောက်ကားမှုများ ကျူးလွန်ကြသည်ဟုဆိုသည်။

“ကျတော့်အနေနဲ့ကတော့ အုပ်ချုပ်တဲ့ သူတွေကို ပြန်ကြည့်မယ်ဆိုရင် ဟိုးအရင်တုန်းက စစ်တပ်တစ်ပိုင်းအစိုးရပေါ့။ အခုကတော့ လူထုတင်မြောက်တဲ့ အစိုးရတော့ဖြစ်လာပြီ။ ဒါပေမဲ့ နိုင်ငံရေး၊ ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ဘယ်လောက်ပြောင်းလဲဆိုရင် အဲ့လောက်ကြီး ပြောင်းလဲလာတာမတွေ့ရဘူး။ တကယ်လို့ ခု ၂၀၂၀ အပြီးမှာ အစိုးရတစ်ရပ်ဖြစ်လာမယ်ဆိုရင်တော့ တကယ်ကို ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်တဲ့ အစိုးရဖြစ်သင့်တယ်။ မြေယာပြဿနာဖြစ်ပြီဆိုရင်လည်း လူထုနဲ့ စစ်တပ်ဖြစ်စေ၊ လူထုနဲ့ ကုမ္ပဏီနဲ့ဖြစ်စေ ထိပ်တတိုက်တွေ့လာပြီဆိုရင် ပြည်သူလူထုကို ကာကွယ်ပေးနိုင်တဲ့ အစိုးရမျိုးကို လိုချင်တယ်။ လူငယ်တွေအတွက်ကတော့ အလုပ်အကိုင်အခွင့်အလမ်း နဲ့မူးယစ်ဆေးဝါးပပျောက်အောင်လုပ်ဆောင်နိုင်မဲ့ အစိုးရမျိုး မျှော်လင့်တာပေါ့” ဟု ကိုဝင့်ထည်ကောင်းမြတ်က ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်၏ အခြေအနေများနှင့်ပတ်သက်၍ ရှမ်းပြည်လူငယ်များအနေဖြင့် လက်ရှိအစိုးရအပေါ်အားရမှုမရှိခြင်းက ပေါ်လွင်နေပြီး ၂၀၂၀ရွေးကောက်ပွဲအလွန်တွင် ထိုပြဿနာများကို အမှန်တကယ်ကိုင်တွယ်နိုင်မည့် အစိုးရမျိုးကိုလိုအပ်နေသည်ဟု ဆိုသည်။

“ပြီးခဲ့တဲ့ ၂၀၁၅ မှာက NLD ကိုတော့ မျှော်လင့်ခဲ့တယ် ကိုယ်မျှော်လင့်သလောက် လုပ်ပြနိုင်တာသိပ်မရှိဘူး။ လူငယ်တွေအတွက်က အဓိက အသက်မွေးဝမ်းကျောင်းပေါ့ ခုကက ဘွဲ့ရပြီးလဲ အလုပ်အကိုင်တွေက မရှိဘူးဖြစ်နေတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကို တကယ်လုပ်ဆောင်ပေးနိုင်မဲ့ အစိုးရတစ်ရပ်ကို မျှော်လင့်မိတယ်” ဟု တောင်ကြီးဒေသခံ မဥမ္မာချို ကပြောသည်။

ထို့သို့ အလုပ်အကိုင်ရှားပါးမှုနှင့် မူးယစ်ဆေးပြသနာများအပြင် ရှမ်းပြည်ရှိ ကျေးရွာများတွင် လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်း၊ လျှပ်စစ်မီးမလုံလောက်ခြင်းနှင့် အခြေခံပညာကျောင်းများတွင် ဆရာ/ဆရာမများ မလုံလောက်ခြင်း၊ စက်ရုံများ၏ စည်းကမ်းမဲ့မှုကြောင့် ပတ်ဝန်းကျင်ရှိလူထု ထိခိုက်နစ်နာနေခြင်း စသည့်ပြဿနာများအပေါ်၂၀၂၀ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့်အစိုးရသည် ၎င်း ကိစ္စရပ်များကိုဖြေရှင်းပေးနိုင်သည့် အစိုးရတစ်ရပ် ဖြစ်ရန်လည်းအရေးကြီးကြောင်း  တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု၊ ဖက်နမ်ကျေးရွာတွင်နေထိုင်သည့် ရှမ်းပြည်နယ်ငြိမ်းချမ်းရေးအလုပ်အဖွဲ့မှ မချိုသဲက သုံးသပ်သည်။

“ကျမတို့ဘက်မှာရှိတဲ့ ကျားမင်းကြီးအရက်ချက်စက်ရုံကိစ္စဆိုရင်  အစိုးရကတော့ ဆင်းကြည့်ပေးတယ်။ စက်ရုံကလဲ ဆက်လက်လည်ပတ်နေဆဲ စက်ရုံကထွက်တဲ့ ရေဆိုးတွေကြောင့် မြေဆီလွှာတွေပျက်စီးတယ်။ စိုက်ပျိုးလို့မရဘူး။ ကလေးတွေဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်လာတယ် စတဲ့ စီမံကိန်းတွေနဲ့ပတ်သက်လာရင် လူထုဘက်က ရပ်တည်ပေးနိုင်မဲ့ အစိုးရမျိုးကို လိုအပ်တယ်။ မျှော်လင့်တယ်” ဟု မချိုသဲက ပြောသည်။

အချုပ်အားဖြင့်ဆိုရလျှင် ယခုအခါ ရှမ်းပြည်နယ်တွင် အလုပ်အကိုင်ရှားပါးခြင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးကို အဓိက ကိုင်တွယ်ဖြေရှင်းနိုင်မည့် အစိုးရတစ်ရပ်ကို ဒေသခံလူငယ်များမျှော်လင့်နေပြီး ၎င်းတို့မျှော်လင့်ချက်များ ပြည့်ဝမည်လားဆိုသည်မှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲအား စောင့်ကြည့်ရမည် ဖြစ်ပါတော့သည်။

Most read this week

July 3, 2021
“ဒီမှာဘဲနေပြီး ဒီမှာပဲသေမယ် ရွာပြန်မနေတော့ဘူး။ ကျမလုံး၀ ပြန်မနေချင်တော့ဘူး။ အရမ်းကြောက်တယ်။ သူ...
June 19, 2021
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့...
January 26, 2021
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အရေးအကြီးဆုံးအချက်က တိုင်းရင်းသား...
January 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို ဖေဖော်ဝါရီ ၁...