ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ဆာလီထွေး နှင့် အင်တာဗျူး

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှ ဆာလီထွေး နှင့် အင်တာဗျူး

လာမည့် ၂၀၂၀ခုနှစ် ၊ နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပရန်ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) မှနေ၍ ဝင်ရောက်ယှဉ်ပြိုင်မည့် မဆာလီထွေး ကိုမဇ္ဈိမက တွေ့ဆုံမေးမြန်းထားပါ တယ်။

အသက် ၃၀ အရွယ်ရှိပြီဖြစ်သော မဆာလီထွေးသည် ကချင်မျိုးနွယ်စု ဘာသာစကား ၄ ခုကို ပြောတတ်သော ကချင်မျိုးနွယ်စုထဲမှ လီဆူလူမျိုးဖြစ်ပြီး တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ကာ လူငယ်အကြံပေးအဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ယူထားသူတစ်ယောက်ဖြစ်သည်။

ဒါ့အပြင် သူဟာ ကျားမတန်းတူညီမျှရေး၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး၊ လူကုန်ကူးခံရသူများနှင့် တောင်သူလယ်သမားများအတွက် မြေယာအငြင်းပွားမှုများတွင်လည်း တတ်ကြွစွာပါဝင်ကူညီနေသူတစ်ယောက်လည်းဖြစ်သည်။

ထို့ကြောင့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှု၊ အခက်ခဲနှင့် သူ၏ အတွေးအမြင်များကို မဇ္ဈိမပရိတ်သတ်များအတွက် မေးမြန်းတင်ဆက်ပေးထားခြင်းဖြစ်သည်။

မေး ။        ။ ပထမဆုံး ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကနေ ဘယ်မဲဆန္ဒနယ်ကနေကနေဝင်ပြိုင်မှာလဲ။

ဖြေ ။         ။ လျာထားခံရတာတော့ ခေါင်လန်ဖူးပေါ့နော်။ ခေါင်လန်ဖူး ပြည်သူ့လွှတ်တော်ကနေပြိုင်မှာ ဖြစ်ပါတယ်။

မေး ။        ။ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကနေဘာကြောင့် ဝင်ပြိုင်ဖြစ်တာလဲခင်ဗျ။

ဖြေ ။         ။ ဝင်ပြိုင်ရတဲ့အကြောင်းအရင်းက ကျွန်မတို့တိုင်းရင်းသားတွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရမှာပေါ့နော်။ ကျွန်မတို့ကို ကမ်းလှမ်းတဲ့ပါတီကြီးတွေလည်းရှိတယ်။ သူတို့ဆီမသွားဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ်ဒီပါတီက (၃) ပါတီပေါင်းစည်းထားတာကိုလည်း ကိုယ်ကဂုဏ်ယူတယ်။ ကချင်ပါတီပေါင်းစည်း သွားတာဂုဏ်ယူတယ်။ ပြီးရင် ကျွန်မတို့ကချင်ပါတီက ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတတ်ရေးကို စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်မယ်ပေါ့နော်။ ပြီးရင် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်တဲ့နေရာမှာလည်း ကိုကိုယ်တိုင် ကိုယ့်ပါတီကနေပြီးတော့ လုပ်တာက ပိုပြီးထိရောက်နိုင်တယ်ပေါ့နော်။ အဲ့လိုမျိုးခံယူချက်နဲ့ ကျွန်မဝင်ဖြစ်တာပါ။

မေး ။        ။ ဆရာမသုံးသပ်ထားသလောက်ဆိုရင် ကချင်ပြည်နယ်မှာက နိုင်ငံရေးပါတီတွေကနေပြီး ဘာတွေ အဓိကလုပ်ဆောင်ဖို့ လိုအပ်နေပြီလဲဗျ။

ဖြေ ။         ။ ပါတီတော်တော်များများက ငြိမ်းချမ်းရေးကိုလုပ်ဆောင်သင့်တယ်။ နောက်ပြီးရင် ဖွံ့ဖြိုးတိုးတက် ရေးပေါ့နော်။ ကျွန်မဒေသမှာဆိုရင် ဖွံ့ဖြိုးတိုးတတ်ရေး လမ်းပန်းဆက်သွယ်ရေးကအစ လိုအပ်တယ်။ ဒါပေမယ့် အဓိကတော့ ငြိမ်းချမ်းရေးရှိဖို့လိုတယ်။ နောက်ပြီးရင် ကိုယ်ကိုတိုင်ပေါ့နော်။ မှီခိုတာမဟုတ်ဘဲ ပြည်နယ်ပါတီ၊ ပြည်သူ့လွှတ်တော် တိုင်းဒေသကြီးအစိုးရတွေ ပိုမိုကောင်းမွန်အောင်လုပ်ဖို့ လိုပါတယ်။

မေး ။        ။ ဟုတ်ကဲ့ပါ။ ဆရာမက KSPP Youth မှာလည်းပါဝင်တော့ တကယ်လို့အနိုင်ရခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်မယ်လို့ရော တွေးထားတာရှိလဲဗျ။

ဖြေ ။         ။ လူငယ်တစ်ယောက်အနေနဲ့ ပညာရေးကိုအဓိကလုပ်ဆောင်သွားမယ်။ ကျွန်မတို့ဒေသမှာရှိတဲ့ ပညာရေးကောင်းအောင်လုပ်ဆောင်သွားမယ်။ ပြီးရင်အမျိူးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးကိုအဓိကထား လုပ်ဆောင်မယ်။ ကျား/မ တန်းတူညီမျှရေးကိုလုပ်ဆောင်မယ်။ ပြီးရင် နိုင်ငံတော်ငြိမ်းချမ်းရေးမှာလည်း ကျွန်မတို့ ဒေသမှာလုပ်ဆောင်မှာဖြစ်ပါတယ်။

မေး ။        ။ လက်ရှိအချိန်မှာ ရွေးကောက်ပွဲကော်မရှင်ကလည်း တချို့အချက်အလက်တွေကိုစကြေငြာနေပြီ။ ဆိုတော့ ကချင်ပြည်နယ်နယ်ကနေဝင်ပြိုင်မယ့် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဘာတွေများ ခက်ခဲတာရှိလဲ။

ဖြေ ။         ။ အခက်ခဲကတော့အများကြီးရှိတာပေါ့နော်။ အဓိကအခက်အခဲပြောမယ်ဆိုရင် မိုးတွင်းကာလဖြစ်တယ်။ ကိုဗစ်ကာလလည်းဖြစ်တယ်။ ရွေးကောက်ပွဲကတော့ ကျွန်မတို့ဒေသ မိုးတွင်းပြီးတာနဲ့ ရွေးကောက်ပွဲ ကာလဆိုတော့ ပြည်သူလူထုနဲ့ထိတွေ့မယ့်နေရာမှာ အားနည်းမှုတွေဖြစ်လာမှာပေါ့။ ဒါကိုပဲ စိုးရိမ်တာဖြစ်ပါတယ်။

မေး ။        ။ ပါတီတချို့က ကော်မရှင်အပေါ်မယုံကြည်ဘူးပြောတဲ့အပေါ်မှာရော ဘယ်လိုရှု့မြင်လဲ။

ဖြေ ။         ။ ဒါကတော့ နိုင်ငံရဲ့အခြေအနေအရဖြစ်နေတာပေါ့။ အများကြီး ပြုပြင်ပြောင်းလဲယူရမှာဖြစ်ပါတယ်။ မယုံကြည်တယ်။ ယုံကြည်တယ်ဆိုတာထက် ကျွန်မတို့က လက်တွဲစရာရှိတာလက်တွဲ၊ ပူးပေါင်းစရာရှိတာပူး ပေါင်းပြီး လုပ်စရာရှိတာ လုပ်ရဦးမှာဖြစ်ပါတယ်။ ကိုယ်မယုံကြည်ပေမယ့် ဆက်ပြီး ပူးပေါင်းပြီးတော့ ဉပဒေနဲ့အညီဖြစ်လာအောင် လမ်းကြောင်းတစ်ခုကိုတည့်မတ်ယူရမှာဖြစ်ပါတယ်။

မေး ။        ။ နိုင်မယ်လို့ယုံကြည်ထားလား။ ဘယ်သူတွေက အဓိကပြိုင်ဘက်ဖြစ်လာနိုင်လဲ။

ဖြေ ။         ။ ကျွန်မပြိုင်ဘက်တွေက နှစ်ဖွဲ့တော့ရှိပါတယ်။ အမည်တော့မပြောလိုပါဘူး။ ဒါပေမယ့် ကိုယ်ကစစ်မတိုက်ခင် မြှားတော့မကုန်စေနဲ့ပေါ့။ အကောင်းဆုံးကြိုးစားမယ်။ အဓိကပြည်သူလူထုပေါ်မူတည်ပါတယ်။ ရွေးကောက်ပွဲဆိုတာက။ သူတို့ရဲ့လက်ထဲမှာ ရှိတယ်လေ။ ကိုယ်နိုင်ခြင်း၊ မနိုင်ခြင်း က ပြည်သူတွေရဲ့ရွေးချယ်မှုအပေါ်မူတည်တယ်။ ပြည်သူတွေတကယ်ကြိုက်နှစ်သက်တဲ့သူ။ တကယ်အားကိုးရတဲ့သူက ဘယ်ပါတီက ပဲဖြစ်ဖြစ် လူကိုကြည့်ပြီးရွေးချယ်ကြမှာပါ။

မေး ။        ။ NLD ကရော ပြိုင်ဘက်ဖြစ်လာနိုင်လား။

ဖြေ ။         ။ ဒါကတော့ ဖြစ်နေကြပဲလေ။ ဟိုတုန်းတည်းကပြိင်ဘက်ဖြစ်နေကြပဲ။ ဒါပေမယ့် ပြည်သူတွေက အကောင်းဆုံးရွေးချယ်သွားမှာပါ။

မေး ။        ။ ဖြည့်စွက်ပြောပြပေးပါဦး။

ဖြေ ။         ။ ပြည်သူတွေ ၂၀၂၀ မဲပေးတဲ့အချိန်မှာ မဲမပေးခြင်တာတွေ၊ လေသံတွေကြားနေရတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲကမှ ကိုယ်ခန့်ချင်တဲ့အစိုးရကို ခန့်နိုင်တဲ့အခွင့်အရေးဟုတ်တယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲရောက်နေ ရောက်နေ တိုင်းရင်းသားတွေရော ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ခန့်ချင်တဲ့၊ ကိုယ်ရွေးချယ်ချင်တဲ့၊ ကိုယ်လိုချင်တဲ့အစိုးရကို ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာပါဝင်ပြီး ရွေးချယ်ကြရအောင်လို့ပြောချင်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်း၌ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများပြုလုပ်ရာ မြို့ရွာများပြမြေပုံ (မြေပုံ − SHRF)
December 20, 2024
မြန်မာနိုင်ငံအတွင်းရှိ တရုတ်အစိုးရ၏ စီမံကိန်းတခုဖြစ်သော ကျောက်ဖြူ − မူဆယ် အမြန်ရထားလမ်းကို...
December 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများစု၌ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ကျန်းမာရေးပြဿနာ‌...
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တော်လှန်ရေးနယ်မြေတနေရာ၌ ကျင်းပသည့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် ပါဝင်သူများ
December 19, 2024
မွန်တော်လှန်ရေးတပ်များအားလုံးပါဝင်သည့် တခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေးကို အကောင်ထည်ဖော်ရန်...
December 18, 2024
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာနှင့် နတ်ကြီးကျေးရွာတို့ကို...